Psoriasis ကြေးခွံနာ အရေပြားရောဂါ
ကြေးခွံနာအရေပြား (Psoriasis) ဆိုတာ ဒူး၊ တံတောင်ဆစ်၊ လက်မောင်းနဲ့ ဦးရေပြားမှာ ယားယံတဲ့အကြေးခွံအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုအကြေးခွံတွေက အရေပြားနာတာရှည်ရောင်ရမ်းခြင်းက နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာပါ။ ဆိုရီရေးဆစ် (psoriasis) ဖြစ်တဲ့ အရေပြားဆဲလ်တွေက ထူပြီး အရေခွံလန်တာတွေ့ရတယ်။ အသားအရေကပန်းရောင်သမ်းပြီး ခြောက်ကပ်နေတတ်တယ်။ ထပ်တရာနာလို့လည်း ဘာသာပြန်ကြတယ်။ယားယံတာနဲ့ မကြာခဏပြန်ဖြစ်တတ်တာ ဒီရောဂါရဲ့ အဓိကလက္ခဏတစ်ခုဖြစ်တယ်။
ဒီရောဂါက ပုံစံအမျိုးမျိုးရှိတယ်။ ကြေးခွံနာအရေပြားကို အမျိုးအစားတွေ ခွဲထားတယ်။
(၁) Plaque psoriasis
(၂) Guttate psoriasis
(၃) Inverse psoriasis
(၄) Pustular psoriasis
(၅) Erythrodermic psoriasis
(၆) Nail psoriasis
Plaque psoriasis
အဖြစ်များဆုံး ကြေးခွံနာအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထပ်တရာနာလည်းခေါ်တယ်။ရောဂါဖြစ်သူရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒီအကွက်ပုံစံ ထပ်တရာနာ (plaque psoriasis)မျိုး တွေ့ရပါတယ်။ အမှန်တော့ ထပ်တရာနာဆိုတာ plaque psoriasis ရောဂါကို အဓိကသုံးနှုန်းတာဖြစ်ပါတယ်။
Guttate psoriasis
လည်ချောင်းနာ (post-streptococcal infection)ရာကနေ နောက်ဆက်တွဲဖြစ်လာတဲ့ ကြေးခွံနာအကွက်တွေဖြစ်ပါတယ်။ အဖတ်လိုက်မဟုတ်ဘဲ ရေစက်ပုံ အနီကွက်လေးတွေ နေရာအနှံ့တွေ့ရတတ်တယ်။
Inverse psoriasis
အရေပြားတွန့်ခေါက်တဲ့ နေရာတွေမှာ အဖြစ်များတယ်။ အရေပြားအကွက်တွေအနေနဲ့တွေ့ရပြီး အကြေးခွံလန်တာမျိုးမရှိတတ်ဘူး။ ဒါ့ကြောင့် ကြေးခွံနာအရေပြားတိုင်း အကြေးခွံလန်တာ မရှိပါဘူး။
Pustular psoriasis
ပြည်ဖုသေးလေးတွေ ကြေးခွံနာအကွက်ပေါ်မှာ တွေ့ရတယ်။ ပွေးနဲ့မှားတတ်တယ်။
Erythrodermic psoriasis
ဆိုးရွားပြင်းထန်တဲ့ ကြေးခွံနာအရေပြားဖြစ်ပြီး ခန္ဓာကိုယ်ဧရိယာအများစုမှာ တွေ့ရတယ်။ တစ်ကိုယ်လုံး အရေပြား ရဲနေ၊ရောင်နေတတ်တယ်။
Nail psoriasis
ခြေသည်းလက်သည်း အရောင်ပြောင်းပြီး အချိုင့်ပျောက်လေးတွေအဖြစ် တွေ့ရတယ်။ ဒီလိုလက္ခဏာမျိုးရှိရင် ကြေးခွံနာအရေပြားရောဂါမျိုးဖြစ်တတ်ပါတယ်။
ဘာ့ကြောင့်ဖြစ်လဲ
ကြေးခွံနာအရေပြားရောဂါဟာ ခုခံအားစနစ် ပုံမမှန်ခြင်းကြောင့် အရေပြားရောင်ရမ်းရာက နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒီရောဂါက မျိုးရိုးလိုက်တတ်တယ်။ စိတ်ဖိစီးမှုများရင် ပိုဖြစ်လာတတ်တယ်။ ဆေးဝါးတွေ (lithium, beta-blockers)တွေကြောင့်လည်း ဖြစ်တတ်တယ်။ အရေပြား ခြစ်မိတာ၊ ကုတ်ဖဲ့တာ စတဲ့ ထိခိုက်ရာက ဖြစ်နိုင်တယ်။ ရာသီဥတုနဲ့လည်း သက်ဆိုင်တတ်တယ်။ဆီးချိုရောဂါသည်၊ အဝလွန်တာ၊ ကိုလက်စတောများတာ၊ လေဖြတ်တာ၊နှလုံးရောဂါတွေနဲ့ သက်ဆိိုင်တတ်တယ်။
ကြေးခွံနာအရေပြားရှိသူ ၃ယောက်မှာ တစ်ယောက်ဟာ အဆစ်အမြစ်ရောင်ရမ်းပျက်စီးမှု(psoriatic arthritis)နဲ့ တွဲဖြစ်တတ်တယ်။ ဒီလိုလူနာမျိုးကို အမြန်ဆုံးကုသဖို့ လိုပါတယ်။
ကြေးခွံနာအရေပြားဟာ နှင်းခူနာနဲ့ အလွန်မှားတတ်ပါတယ်။ ရောဂါနှစ်မျိုးလုံးက ယားယံတာတူညီပေမယ့် ကြေးခွံနာအရေပြားရှိသူမှာ အပေါ်ယံအရေပြားက သိသိသာသာထူထဲနေတာတွေ့ရတယ်။
ကြေးခွံနာအရေပြား ရောဂါက နာတာရှည်အမျိုးအစားဖြစ်လို့ လုံးဝပျောက်ကင်းအောင် ကုသလို့ မရဘူး။ လက္ခဏာတွေကိုတော့ အရှင်းပျောက်အောင်ကုသနိုင်ပါတယ်။ တချိန်ချိန်မှာ အနေအထိုင်အစားအသောက်မှားလို့ ပြန်ဖြစ်တာမျိုး ရှိနိုင်တယ်။ ကြေးခွံနေရာက ကုတ်တာများရင် ရေရှည်မှာ နာကျင်လာပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။ အာရုံစူးစိုက်ရခက်ခဲစေနိုင်တယ်။
ကုသနည်း
ကြေးခွံနာ အရေပြားရောဂါအတွက် တကယ်ထိရောက်တဲ့ကုသမှုက cyclosporin ဆေးပေးတာဖြစ်တယ်။ မကောင်းတဲ့အချက်က ကျောက်ကပ်ပျက်ဆီးနိုင်ချေရှိတယ်။ ဒီဆေးပေးရင် serum creatinine နဲ့ သွေးပေါင်ချိန်ကို လစဉ်ပုံမှန်စစ်ပေးရမယ်။ ဆေးပေးတဲ့အခါ 2.5-5mg/kg ကို တွက်ချက်ပြီး ခွဲပေးရတယ်။ သို့သော် စာအုပ်ကြီးအတိုင်းပေးတဲ့အခါ methotrexate ကို အရင်ပေးရတယ်။ သတိပြုရမှာက ကြေးခွံနာအရေပြားရောဂါမှာ စတီးရွိုက်ဆေးမပေးရဘူး။ ရှားရှားပါးပါးပေးလို့ရတဲ့ အခြေနေမျိုးတော့ ချွင်းချက်အနေနဲ့ ရှိပါတယ်။ Acitretin ကတော့ ခြေဖဝါး၊လက်ဖဝါးမှာဖြစ်တဲ့ pustular psoriasis မှာ တော်တော်လေးအသုံးဝင်တယ်။ မကောင်းတာကတော့ ကိုယ်ဝန်ဆောင်အရွယ်အမျိုးသမီးမှာ သတိပြုသုံးစွဲရမယ်။ အာနိသင်က ဆေးဖြတ်ပြီး သုံးနှစ်ထိ ကျန်နေနိုင်လို့ဖြစ်တယ်။ ကလေးတွေမှာ လိုအပ်ရင် သုံးလို့တော့ရတယ်။
Aprimilast ဆေးကလည်းနောက်ဆုံးပေါ်ဆေးထဲမှာပါတယ်။ TB, HBV နဲ့ HIV ရောဂါသည်တွေမှာလည်းသုံးလို့ရတယ်။ plaque psoriasis မှာသုံးလို့ရတယ်။ မကောင်းတာက ဆေးသုံးတာ ကြာတာနဲ့ အာနိသင်နည်းလာတတ်တယ်။ ဝမ်းလျှောတတ်တယ်။
ကြေးခွံနာအရေပြားနဲ့ အဆစ်မြစ်ရောင်တွဲတဲ့ Psoriatic arthritis မှာတော့ acitretin နဲ့ cyclosporin မသုံးရဘူး။ MTX, biologic, apremilast ထဲက ရွေးပေးသင့်တယ်။ ဆေးပေးတဲ့အခါ ခန္ဓာကိုယ်ဧရိယာ PASI score ဆိုတာ တွက်ချက်ရသေးတယ်။ Infliximab ဆေးကတော့ biologic ဆေးတွေထဲမှာ အာနိသင်အမြန်ဆုံးဖြစ်ပါတယ်။ ခုခံအားကိုသက်ရောက်စေလို့ ကိုဗစ်ဖြစ်နေတဲ့ကာလမျိုးမှာ တတ်နိုင်သမျှမပေးသင့်ဘူး။
လိမ်းဆေးထဲမှာ အရေပြားရောင်ရမ်းမှုနဲ့ ဆဲလ်သေအကွက်တွေ အတွက် halobetasol 0.01% နဲ့ Tazarotene 0.05% တွေပေးနိုင်တယ်။ ခြောက်တဲ့အရေပြားကွာကျသွားအောင် coal tar သုံးနိုင်တယ်။ Coal tar ဆိုတာ အရေပြားဆဲလ်များ ကြီးထွားနှုန်းကို လျှော့ချပေးတဲ့ပစ္စည်း ဖြစ်တယ်။ ယေဘူယျအားဖြင့် ဖီနော၊ ပိုလီဆိုက်ကလစ်ကာဗွန် ဒြပ်ပေါင်းတွေ ရောနှောထားတာမို့ keratin ဆဲလ်သေကို ပျော့ပျောင်းစေတယ်။ ကြေးခွံနာအရေပြားမှာ coal tar 5-20% ကို အသုံးပြုလေ့ရှိပါတယ်။ 0.5-5% ပြင်းအားက ဆရာဝန်မလိုပဲအသုံးပြုနိုင်တယ်။ ဆေးအများစုမှာ 2% သာ ပါဝင်လေ့ရှိတယ်။
coal tar ကတ္တရာစေးကို ခေါင်းလျှော်ရည်၊ ဆပ်ပြာတွေမှာ တွင်ကျယ်စွာအသုံးပြုနေပေမယ့် အရေပြား ဓာတ်မတည့်တာ၊ အရေပြားထိခိုက်လွယ်တာနဲ့ အရေပြားအရောင်ပြောင်းလဲတာမျိုး ဖြစ်နိုင်တယ်။ ကတ္တရာစေး၏နောက်ထပ်အားနည်းချက်တွေရှိသေးတယ်။ အဝတ်အထည်တွေ စွန်းထင်းစေနိုင်တာ။ ဆံပင်ဖြူခြင်းကို ဖြစ်စေနိုင်တယ်။ လေ့လာမှုတချို့က coal tar ရေရှည်အသုံးပြုခြင်းဟာ အရေပြားကင်ဆာဖြစ်နိုင်ချေ များစေသတဲ့။ ဒီလေ့လာချက်က တန်ဆေးလွန်ဘေး သဘောပြောတာပါ။ ဆေးနဲ့ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများရင် ကင်ဆာဖြစ်နိုင်ခြေ တိုးလာမယ်။ ထို့ကြောင့် လိမ်းပြီးပြီးချင်း နေရောင်နဲ့ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်တယ်။ လက်ရှိချိန်အထိ coal tar ကတ္တရာစေးကို နှင်းခူနာ၊ ကြေးခွံနာနဲ့ seborrheic dermatitis အရေပြားရောဂါတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲဖြစ်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews