20 Nov, 2021 | No Comments
Hair loss
ဆံပင်ကျွတ်ခြင်း
ဆံပင်ဘာ့ကြောင့် ကျွတ်စေပါသလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း သီအိုရီများစွာရှိပါတယ်။ မျိုးရိုး၊ ဟော်မုန်း၊ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့မှု၊ အသက်အရွယ်၊ ဆေးဝါးစသည်ဖြင့် မာတိကာများစွာရှိတယ်။ အသက်အရွယ်ပေါ်လိုက်ပြီး အကြောင်းရင်း တခုနဲ့တခု မတူညီကြဘူး။ အမျိုးသမီးတွေဟာ အလှအပရေးရာ ကရိကထများသလို ပြုပြင်ပြောင်းလဲချင်တာကလည်း ထိပ်ဆုံးမှာရှိနေတယ်။ တကယ့် ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်တွေလည်း ဖြစ်ပါတယ်။ ဆံပင်ကောက်တာ၊ဖြောင့်တာ၊ဆေးဆိုး၊ဆေးချွတ် ဒီကြားထဲ စိတ်ညစ်ညူးရင် ဆံပင်ကို ကိုင်ကြ၊ လိမ်ကြ၊ ဆွဲကြသေးတယ်။
အမျိုးသားတွေမှာတော့ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာ၊ထိပ်ကွက်တာမျိုး အဖြစ်များတယ်။ androgen ခေါ်တဲ့ အမျိုးသားဟော်မုန်းတမျိုးကြောင့်ပါ။ androgenic alopeciaလို့လည်း ခေါ်ပါတယ်။ အသက်(၄၀)အရွယ်တွေမှာ စတွေ့ရတယ်။ အမျိုးသမီးတွေကျတော့ အပျိုဝင်ပြီဆိုကတည်းက ဆံပင်ကျွတ်တာ၊ ဆံသားပါးတာ ရှိပါတယ်။ စိတ်ဖိစီးမှု၊သွေးသားအပြောင်းအလဲ အမျိုးသမီးတွေမှာ ပိုများတယ်။ chemical ဓာတုဆေးဝါးတွေ သုံးတာလဲ သူတို့ပဲ။ ဆံပင်ချေးချွတ်၊ဆံနွယ်ပြုပြင် လှချင်သူများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတယ်။ လူတိုင်း သူ့မျိုးရိုး၊ သူ့ဗီဇနဲ့သူ ဆံပင်ကောက်တာ၊ ဆံပင်တွန့်တာမျိုး ရှိပါတယ်။
ဆံပင်အမျိုးအစား (၃)မျိုး
ဆံပင်တွေကို ယေဘုယျ သုံးသပ်ရရင် သုံးမျိုး ဖြစ်နိုင်တယ်။ ဆံလုံး(ဆံပင်)ဝိုင်းတဲ့သူက ဆံပင်ဖြောင့်တယ်။ ဆံလုံးက ဘဲဥပုံဖြစ်ရင် လှိုင်းတွန့်ပုံ(wave) ရှိတယ်။ အကယ်၍ ဆံပင်လုံးက ပြားတယ်(flat)ဆိုရင် ကပ္ပလီဆံပင် စပရိန်လို တွန့်ချိတ်နေမယ်။ ဒီထဲမှာ ဆံလုံး ဝိုင်းသူနဲ့ ဘဲဥပုံ ဆံနွယ်တွေက ပိုကျွတ်လွယ်တယ်။ ဆံပင်ဖြောင့်လေ ဆံပင်ကျွတ်ဖို့လွယ်ကူလေ ဖြစ်ပါတယ်။ ဒီတော့ မိမိဆံပင်ကို ပြန်သုံးသပ်ကြည့်ပါ။ ဆံပင်ဖြောင့်သူလား၊ကောက်သူလားပေါ့။ ဒီနေရာမှာတော့ သိပ်ဖြောင့်လွန်းရင် မကောင်းပြန်ဘူး။
နောက်အရေးကြီးတဲ့အချက်တခုက ဆေးဝါးတွေ၊ဓာတုပစ္စည်းတွေ စဉ်ဆက်မပြတ် သုံးစွဲတတ်သူလား။ ဒါလည်း အရေးကြီးတယ်။ အလှအပကို ပြုပြင်ရတဲ့အခါ ဆိုးကျိုးတွေ ရှိနိုင်တယ်။ အထူးသဖြင့် ဓာတုဆေးဝါးတွေ အသုံးပြုရသူတွေမှာပေါ့။ ဒီနေ့ခေတ်မှာ ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူ၊ကုသသူတွေ အများအပြားတွေ့ရတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူတွေ အထူးဂရုစိုက်သင့်တယ်။ နောက်အရေးပါတာက အာဟာရဓာတ်ပါ။ အာဟာရဓာတ်ချို့တဲ့သူတွေမှာ ဆံပင်ကျွတ်လွယ်တယ်။ ဗီတာမင်၊သတ္တုဓာတ် မျှတဖို့ လိုအပ်တယ်။ vitamin A, B5, B6, B7, B12, folic acid, iron, zinc စတဲ့ဓာတ်တွေက ဆံပင်အတွက် အရေးပါတယ်။ ဗီတာမင် စီက ဆံပင်ဖြူခြင်းကို တားဆီးပေးမယ်။ ဆံပင်ကျွတ်လွယ်တဲ့အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ သံဓာတ်ချို့တဲ့တာမျိုး တွေ့ရတယ်။ ဒါ့ပြင် မဂ္ဂနီစီယမ်၊ သွပ်ဓာတ်တွေကလည်း ဆံပင်ရဲ့အခန်းကဏ္ဍအတွက် အရေးပါတဲ့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။
ဆံပင်ဆိုတာ ပရိုတင်းဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ သူ့ရဲ့ အရေးပါမှုကိုလည်း မမေ့အပ်ဘူး။ ဆံပင်အကြောင်း ပြောရင် hair follicleခေါ်တဲ့ ဆံနွယ်ပေါက်စေတဲ့ မွေးညှင်းပေါက်တွေကို ချန်ထားလို့မရဘူး။ ဆံပင်ပါးတာ၊ ကျဲတာ၊ ထူတာကို သူက ဆုံးဖြတ်ပေးတယ်။ ဆံပင်ပေါက်မလာတော့ဘူးဆိုရင် hair follicleပျက်ဆီးနေလား စတင်စဉ်းစားရတယ်။ ဥပမာ နှစ်လ၊သုံးလကြာပြီ ပေါက်မလာတော့ဘူးဆိုရင် အကြောင်းရင်းက follicleမှာ ဖြစ်ဖို့များတယ်။ ဘာ့ကြောင့်လဲဆိုတော့ သီအိုရီအရ တစ်လမှာ ဆံပင် လက်မဝက်လောက် ရှည်ထွက်တယ်။ ဒီလိုရှည်ထွက်မလာရင် ဆံပင်အခြေအရင်းကို စစ်ကြည့်သင့်တယ်။ အရင်းကမပေါက်ရင် အဖျားကို ကြည့်လို့မရနိုင်တော့ဘူး။ နောက်အရေးပါတဲ့အချက်က ဆံသားတွေ ခြောက်သွေ့နေလား ဆိုတာပါ။ အရာဝတ္တုတိုင်းမှာ ခြောက်သွေ့တယ်ဆိုရင် ဘာမှမကောင်းဘူး။ဥပမာ သစ်ပင်တစ်ပင် ခြောက်သွေ့နေရင် ဆက်လက်ကြီးထွားမလာတော့ဘူး။ ပျက်ဆီးသွားတယ်။ မြို့ကြီး၊ပြကြီးတွေမှာလည်း ခြောက်ကပ်တယ်ဆိုတာ တိုးတက်မှုမရှိတာကို ဆိုလိုတယ်။ အလားတူ ဆံပင်တွေကိုလည်း ခြောက်သွေ့အောင် မထားသင့်ဘူး။ ပျက်ဆီးလွယ်လို့ ဖြစ်တယ်။ ကောင်းတာက မိမိဆံနွယ်ကို ဆီလိမ်းတာ၊သပ်ရပ်သန့်ရှင်းအောင် အမြဲဖီးလိမ်းတာမျိုး လုပ်ပေးသင့်တယ်။ ပိုအရေးကြီးတာက ဆံသားတွေကို ဆွဲတာ၊လိမ်တာ၊ကိုင်တာ ဘာမှမပြုလုပ်သင့်ဘူး။ ဆံပင်ကို အမြဲကလိနေသူတွေဟာ ဆံပင်ပျက်ဆီးဖို့ ပိုလွယ်ကူတယ်။ ဆံသဆိုင်တွေ၊beauty spaတွေမှာ ဆံပင်ဆွဲတာ၊လိမ်တာ ပြုလုပ်တတ်ကြတယ်။ ကောင်းတာပြောရရင် ဦးရေပြားကို နှိပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆွဲသူ၊လိမ်သူ၊အကြမ်းပတမ်းကိုင်တွယ်သူများကို ဝေးဝေးက ရှောင်ပါ။ အကိုင်အတွယ်ညံ့သူတွေ ဖြစ်ရင် သတိထားပါ။
ဆံပင်မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ
ပါးလွှာတဲ့ဆံပင်၊ဆံသားတွေကို မကျွတ်အောင်၊ပြတ်ကျမလာအောင် ဘယ်လိုကာကွယ်လုပ်ဆောင်နိုင်မလဲဆိုတာ အရေးကြီးတယ်။ အလွယ်ဆုံးနည်းက အုန်းဆီသုံးပါ။ အုန်းဆီမှာ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ ဆံသားကျွတ်တာ၊ပြတ်တာမျိုးကို သက်သာစေတယ်။ ရှားစောင်းလက်ပက် အသုံးပြုကြည့်ပါ။ ဒီဖက်ခေတ် ဝင်လာတဲ့ shampooတွေ၊ gelလိမ်းဆေးတွေမှာ ရှားစောင်းလက်ပက်ကို အသုံးပြုလာကြတယ်။ အစိုဓာတ်ထိန်းပြီး ဦးရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးတယ်။ ရှားစောင်းလက်ပက်သုံးပြီး ဦးရေပြားကို နှိပ်ပေးပါ။ နာရီဝက်လောက်နေတဲ့အခါ ရေနွေးနဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းက ဦးရေပြားခြောက်သွေ့၊ယားယံခြင်းအတွက် သင့်တော်ပါတယ်။ ခေါင်းလျှော်တဲ့အခါ တမာရွက်သုံးပြီး ခေါင်းလျှော်တာကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း လက်ခံလာကြပါပြီ။ တမာရွက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြုတ်ပါ။ ရေတဝက်လောက်ခမ်းတဲ့အခါ အအေးခံပါ။ ပြီးရင် ခေါင်းကိုလောင်း၍ သေချာလျှော်ပါ။ တပတ်ကို တကြိမ်လောက် လျှော်သင့်တယ်လို့ အကြံပေးထားတယ်။
ဆံပင်ကျွတ်တဲ့အခါ လက်ဖက်စိမ်းနဲ့ ကြက်ဥအနှစ်ရောပြီး လိမ်းပေးနိုင်တယ်။လက်ဖက်စိမ်းက ဆံသားတွေကို နူးညံ့ပျော့ပျောင်းစေတယ်။ ကြက်ဥအနှစ်က ဆံပင်တွေ ကျန်းမာသန်စွမ်းစေတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ(Jojoba oil, almond oil, mustard oil, lavender oi)ကို သုံးပြီး ဦးရေပြားကို နှိပ်ပေးနိုင်တယ်။ဗောက်ပျောက်ချင်ရင် jojoba oilကို အသုံးပြုသင့်တယ်။ အာယုဗေဒဆေးကျမ်းမှာ ဆီးဖြူသီးကို အုန်းဆီနဲ့ရော၊ကြိုချက်ပြီး လိမ်းရင် ဆံသားတွေကို အထူးကောင်းမွန်စေတယ်လို့ ဖတ်ရတယ်။ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးမယ်လို့ဆိုထားတယ်။
ကုသနည်း
ဆံနွယ်ကျွတ်ခြင်း၊ပါးခြင်းအတွက် အမှန်တကယ်သောက်သုံးနိုင်တဲ့ ဆေးဝါးမျိုးမရှိသေးပါဘူး။ လိမ်းဆေးလာတာတော့ ရှိပါတယ်။ ထိပ်ပြောင်သူ၊ ဆံပင်ပါးသူအတွက် minoxidil 2% လိမ်းဆေးကို အသုံးပြုနိုင်ပါတယ်။ သို့သော် ဆေးပြန်ဖြတ်တဲ့အခါ ၆လ အတွင်း ဆံနွယ်တွေဟာ နဂိုအတိုင်း ပြန်ကျွတ်ကြတာမို့ ယာယီဆေးပေးပြီး အချိုသတ်ထားသလို ဖြစ်နေတတ်ပြန်တယ်။ မရှိတာထက်စာရင် တော်လှပြီ အောက်မေ့နေရတယ်။ တချိူ့ဆက်မကျွတ်တော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ ရေရှည်အာနိသင်ရှိတဲ့၊ အာမခံနိုင်တဲ့ ဆေးမျိုး ပေါ်ပါက်လာနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆံပင်မကျွတ်အောင် ရှောင်ရမည့် အချက်များ
ဆံကျွတ်သူတွေ သတိထားရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။ ဆံပင်ဆိုးဆေးသုံးတဲ့အခါ သတိထားပါ။ Chemicalပါဝင်တဲ့ လိမ်းဆေး၊ဆိုးဆေးတွေက ဆံသားကို ပိုမိုပျက်ဆီးစေတယ်။ အမျိုးသမီးတွေ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊လိမ်တာ ဘယ်ဟာမှ အားမပေးချင်ဘူး။ သဘာဝအတိုင်းပဲကောင်းတယ်။ အညစ်အကြေး၊ဖုန်၊ဗောက်ကင်းစင်ပြီး ဦးရေပြားသန့်ရှင်းအောင် ၃ရက်တကြိမ် ခေါင်းလျှော်ပေးသင့်တယ်။ ဆံပင်စိုစွတ်နေစဉ်မှာ ခေါင်းမဖီးပါနဲ့။ ခြောက်သွေ့မှဖီးပါ။ ခေါင်းလျှော်ပြီးနောက် ကျဲတဲ့ဘီးစိတ်နဲ့အရင်ဖီးပါ။ ပြီးမှ ပုံမှန်ဘီးနဲ့ပုံသွင်းပါ။ ရေသုတ်တဲ့အခါ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိမသုတ်ပါနဲ့။ ဖွဖွလေးသုတ်ပါ။ ဆံပင်ကို အလွန်အကျွံ တင်းကျပ်နေအောင် ဆွဲစုမထားပါနဲ့။ ဆံသားတွေ ပျက်ဆီးနိုင်တယ်။ ဆံနွယ်တွေ ကျန်းမာသန်စွမ်းအောင် ဆီတမျိုးမျိုး လိမ်းပါ။ သဘာဝခေါင်းလိမ်းဆီ တမျိုးမျိုး(coconut, olive, canola, jojoba, sesame oil) ကို တပတ်မှာ နှစ်ကြိမ်လောက် လိမ်းပေးသင့်တယ်။
အစားအသောက်တွေထဲမှာ အဆီများတဲ့အစားအစာ၊ကြော်ချက်စာတွေက ဦးရေပြားကို ပျက်ဆီးစေတယ်။ အလွယ်တကူစားသုံးနိုင်တဲ့ junk food၊ ခေါက်ဆွဲခြောက်တွေက ဆံပင်အတွက် အာဟာရမဖြစ်ဘူး။ ဒီနေရာမှာ လတ်ဆတ်တဲ့ အသီးအရွက်၊ သစ်သီးဝလံတွေ စားပေးသင့်တယ်။ ပန်းသီးတလုံးကို ခွဲထားပြီး နောက်ရက်မှ စားတာမျိုးကို လတ်ဆတ်တယ်လို့ မခေါ်နိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လေထဲက အောက်ဆီဂျင်နဲ့ ပေါင်းပြီး ဓာတ်တိုးသွားလို့ ဖြစ်တယ်။ ကြည့်လိုက်ရင် လတ်ဆက်မနေဘဲ အညိုရောင်သမ်းနေမယ်။ ဒီအစားအစာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်တယ်။ ကြော်ချက်ထားတဲ့အစားအစာတွေကို စားသုံးတဲ့အခါ နှစ်ပြန်ကြော်တာလည်း မကောင်းဘူး။ ထပ်နွေးတာ၊ ပြန်ကြော်တာက အာဟာရဓာတ်ကို ပိုမိုပျက်ဆီးစေတယ်။
ဆံပင်အတွက်ထိပ်တန်းအစားအစာ
ဆံပင်ကျွတ်သူတွေ စားအပ်တဲ့ super food ထိပ်တန်း အစားအစာ ဆိုတာလည်း ရှိပါသေးတယ်။ အမဲသား၊ ငါး၊ ကြက်ဥ၊ ပဲ၊ ဟင်းနုနွယ်၊ စပျစ်သီးခြောက်၊ ပဲနီလေးစတာတွေ ဖြစ်ပါတယ်။ ဆံပင်ကျွတ်တာ၊ ပါးတာကို ကာကွယ်ဖို့ ဗီတာမင်အားဆေး သောက်ပေးသင့်တယ်။ အဓိက ပါဝင်သင့်တဲ့ဓာတ်တွေက vitamin A, B6, Biotin, C, E, iron, zinc, magnesium, omega 3 စတာတွေ ဖြစ်ပါတယ်။
အကြံပြုချက်များ
- လေ့ကျင့်ခန်း နေ့စဉ် ပုံမှန်လုပ်ပါ။
- အိပ်ရေးဝဝ အိပ်ပါ။
- စိတ်ဖိစိမှု မများစေနဲ့။
- ရေများများသောက်ပါ။
- အသားဓာတ်များများစားပါ။
- အဆီလျှော့စားပါ။
- အသီးအရွက် ပုံမှန်ထက်ပိုစားသင့်တယ်။
- သစ်သီးဖျော်ရည် သောက်ပေးနိုင်တယ်။
ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကု ဆရာဝန်)
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews