Open 9:00-12:00 AM
+95 92051590

Tinea capitis

18 Nov, 2021 | No Comments

Tinea capitis

Tinea capitis ဒက်ပေါက်ခြင်း

Tinea Capitis (ဦးရေပြားမှိုစွဲခြင်း)ဆိုတာက ဦးရေပြားနဲ့ ဆံပင်အောက်ခြေအမြစ်ထိအောင် မှိုစွဲတဲ့ ကူးစက်ရောဂါ တစ်မျိုးဖြစ်တယ်။ မြန်မာတွေက ဒက်ပေါက်တယ်လို့ ဆိုကြတယ်။ ဒီရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။

ဦးရေပြားမှိုစွဲခြင်းဟာ Dermatophyte မှိုမျိုးစိတ်ကြောင့် အဓိကဖြစ်ပေါ်တယ်။ လူအချင်းချင်း ရောဂါကူးစက်ကြတယ်။ ခေါင်းဘီး၊ ဆံသဆိုင်တွေမှာ ဆံညှပ်ကိရိယာနဲ့ ခေါင်းဘီးတွေ မျှဝေသုံးစွဲခြင်းကြောင့် ကူးစက်နိုင်တယ်။ ကြောင်၊ ခွေး စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကနေ ကူးစက်နိုင်တယ်။ မြေကြီးမှိုပိုးတွေကနေလည်း ကူးစက်နိုင်ပေမယ့် ရှားပါတယ်။

ရောဂါလက္ခဏာတွေဟာ မှိုအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်။ အကွက်လိုက်ဆံပင်ကျွတ်ခြင်းဟာ အဖြစ်အများဆုံးလက္ခဏာဖြစ်ပါတယ်။ ဆံပင်ကျွတ်တဲ့နေရာမှာ အမည်းစက်လေးတွေ (ဆံပင်အမြစ်တွေ) ကျန်နေတတ်ပါတယ်။ ဆံပင်ကျွတ်တဲ့နေရာဟာ ခပ်ဝိုင်းဝိုင်းပုံစံ ရှိပြီး နဂိုအရေပြားထက် နီရဲရောင်ရမ်းနေတတ်ပါတယ်။ မှိုစွဲတဲ့ ဦးရေပြားက အလွန်အမင်း ယားယံတတ်ပါတယ်။ဒက်ကြောင့် ဆံသားပျက်ဆီး ကျိုးပဲ့တဲ့အခါ ခါးလည်က ပြတ်ပြီး Black dot ringworm အမဲစက်လေးတွေ အဖြစ်မြင်တွေ့ရတယ်။ ဆံပင်အကွက်လိုက်ကျွတ်တဲ့အခါ မီးခိုးရောင် အကွက်(Gray patch ringworm)တွေအဖြစ်မြင်တွေ့ရပြီး ဦးရေပြားဟာ ခြောက်သွေ့တဲ့ အဖတ်တွေကပ်နေတတ်တယ်။

ဒက်ပြည်တည်နာ (Kerion) 

ဆိုးရွားတဲ့ ဦးရေပြားမှိုစွဲမှုဟာ ရောဂါပြင်းထန်ရင် ပြည်တည်နာအဖုအကျိတ်တွေဖြစ်ပြီး ရောင်ကိုင်း၊ နာကျင်တတ်တယ်။ ဆံပင်တွေ အထွေးလိုက် ကျွတ်ကျတတ်ပါတယ်။ ဖျားနာခြင်း၊ ဂျိုင်းနဲ့ လည်ပင်းရှိ ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းတွေပါ ဆက်ဖြစ်နိုင်တယ်။

ရောဂါစစ်ဆေးခြင်း

ပုံမှန်အားဖြင့် ခေါင်းအကွက်ကိုကြည့်ပြီး သိနိုင်တယ်။ လိုအပ်ရင် ဆံပင်နမူနာယူပြီး မှန်ဘီလူးနဲ့ မှိုပိုး ရှိ/မရှိ ကြည့်ရှုစစ်ဆေးရတယ်။ ပိုးအမျိုးအစားသိဖို့ မှိုပိုးမွေးမြူခြင်း(Fungal Culture)နည်းလမ်းနဲ့ စစ်ဆေးနိုင်ပါတယ်။ Wood’s lamp ခရမ်းလွန်မီးရောင်အောက် စစ်ကြည့်ရင် အချို့မှိုအမျိုးအစားတွေဟာ ဒီမီးရောင်အောက်မှာ အစိမ်းရောင်လင်းနေတတ်ပါတယ်။

ကုသနည်း

ဒက်စွဲခြင်း (Tinea Capitis) ဟာ ဆေးလိမ်းရုံနဲ့ မပျောက်ကင်းနိုင်ဘဲ ဆံပင်အမြစ်အထိ အာနိသင် သက်ရောက်ဖို့ သောက်ဆေးတွေ လိုအပ်တယ်။ သောက်ဆေးတွေထဲမှာ Griseofulvin ဆေးဟာ အရင်ခေတ်သုံးတဲ့ ရှေးရိုးစွဲဆုံးဆေးဖြစ်ပါတယ်။ ရက်သတ္တပတ် ၆-၈ ပတ်ခန့် အနည်းဆုံး သောက်ရတယ်။ ဒီဖက်ခေတ်မှာ ပိုအစွမ်းထက်တဲ့ Terbinafine ဆေးတွေကို အသုံးများပြီး ရက်သတ္တပတ် ၂-၄ ပတ်ခန့် သောက်ရတတ်တယ်။ ဒီဆေးက ဆေးသောက်ချိန် ပိုတိုတယ်။

ဒက်ကုတဲ့အခါ ခေါင်းလျှော်ရည်တွေနဲ့ ပူးတွဲသုံးရင် အာနိသင် ပိုထိရောက်တယ်။ Selenium sulfide သို့မဟုတ် Ketoconazole shampoo တို့ အသုံးပြုပြီး တစ်ပတ် ၂-၃ ကြိမ် ခေါင်းလျှော်ပေးသင့်တယ်။ ဒီခေါင်းလျှော်ရည်တွေဟာ ဆံပင်ကျွတ်ခြင်းကို မကာကွယ်နိုင်ပေမယ့် ဦးရေပြား မှိုပိုး ဝင်ရောက်မှုကိုတော့ လျှော့ချပေးနိုင်တယ်။ ရောဂါကူးစက်မှု လျှော့နည်းစေပါတယ်။ ဒက်ရောဂါကုတဲ့အခါ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ဖို့ လိုအပ်တယ်။ လက္ခဏာပျောက်သွားရင်တောင် မှိုပိုးကင်းစင်တဲ့အထိ ဆေးကို ဆက်သောက်ဖို့ အရေးကြီးတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews