Nevus depigmentosus မွေးရာပါ အဖြူကွက်အမှတ်
Nevus Depigmentosus ဆိုတာ ခန္ဓာကိုယ် အရေပြားပေါ်မှာ မွေးရာပါ (သို့) ကလေးဘဝကတည်းက ဖြစ်ပေါ်လာတတ်တဲ့ အဖြူကွက် အစက်အပြောက် တစ်မျိုးဖြစ်ပါတယ်။ ဒီအဖြူကွက်အမှတ်တွေဟာ မယ်လနင်ဆဲလ်တွေ လုပ်ဆောင်မှု ကျဆင်းခြင်းကြောင့် ဖြစ်ပါတယ်။ မွေးရာပါအဖြူကွက်ရောဂါဖြစ်လို့ သူ့အလိုလို ပျောက်ကင်းခဲတယ်။ Nevus Depigmentosus ဟာ ကလေး အယောက် ၁၀၀၀ မှာ ၁-၃ ယောက် နှုန်းဖြစ်ပွားတတ်ပါတယ်။
ဒီအဖြူကွက်ဟာ မွေးရာပါချို့ယွင်းချက်နဲ့ သက်ဆိုင်တယ်။ သန္ဓေသားဘဝမှာ အမည်းရောင် မယ်လနင်ဆဲလ် (melanocytes)တွေဟာ အရေပြားထဲကိုမှန်ကန်စွာ မရွှေ့ပြောင်းနိုင်ခြင်းကြောင့် ဖြစ်ရတယ်။ မဲလနင်ဆဲလ်တွေ ကောင်းကောင်းအလုပ်မလုပ်တာ (သို့) မဲလနင်ဓာတ်ပစ္စည်း လုံလောက်စွာ မထုတ်လုပ်နိုင်တာစတဲ့ ဆဲလ်လုပ်ငန်းချို့ယွင်းမှုကြာင့်လည်းဖြစ်နိုင်တယ်။ တစ်ခါတရံ မျိုးရိုးလိုက်တတ်တယ်။
Nevus Depigmentosus ဖြစ်တဲ့သူတွေမှာ အဖြူရောင် (သို့) အရောင်ဖျော့တဲ့အစက်အပြောက်တွေ မြင်ရတယ်။ အဖြူကွက် အစက်အပြောက်ဟာ ဘဲဥပုံ၊ ခပ်ဝိုင်းဝိုင်း (သို့) ပုံမှန်မဟုတ်သော ပုံစံရှိတယ်။ အရွယ်အစားအားဖြင့် 1-10 cm လောက် ရှိတယ်။ အရွယ်အစားကြီးလာတာမျိုး သိပ်တွေ့ရလေ့မရှိဘူး။ အဖြူကွက်ရဲ့ အနားသတ်တွေဟာ သိသာထင်ရှားမနေတတ်ဘူး။ အဖြူကွက်နေရာမှာ အရေပြားခြောက်သွေ့တာ၊ ယားယံတာ၊ နာကျင်တာမျိုး မရှိဘူး။ အဖြစ်များတဲ့ နေရာတွေက ခန္ဓာကိုယ်အပေါ်ပိုင်း၊ မျက်နှာ၊ ဝမ်းဗိုက်၊ လက်မောင်းနဲ့ ခြေထောက်နေရာတွေဖြစ်တယ်။
ကုသနည်း
Nevus Depigmentosus ကို အထူးပြုလုပ်ထားတဲ့ မိတ်ကပ် (Cosmetic Camouflage)တွေနဲ့ ဖုံးကွယ်နိုင်ပါတယ်။ Excimer Laser လေဆာဟာ မဲလနင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါအခြေအနေမှာ အရေပြားအစားထိုးကုထုံး (Skin Grafting)ကို အသုံးပြုနိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews