Abscess ပြည်လုံးတည်ခြင်း
Abscess (ပြည်တည်နာ) ဆိုတာ အရေပြားအောက်လွှာတစ်ရှူးတွေမှာ ပြည်တွေ စုအောင်းနေတဲ့အနာစိုတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ ခုခံအားစနစ်က ပိုးမွှားကိူ တိုက်ထုတ်ရင်း ပြည်အဖြစ် စုမိသွားကြတယ်။
အမှန်တော့ ပြည်ဆိုတာ အရေပြားဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ သွေးဖြူဥတွေ ရောနှေပေါင်းစပ်ထားတဲ့ ခပ်ပျစ်ပျစ်အရည်ဖြစ်တယ်။ ပုံမှန်အားဖြင့် ပြည်အများစုဟာ အဝါရောင် (သို့) အစိမ်းရောင်ရှိတယ်။
အများအားဖြင့် Staphylococcus aureus ဘက်တီးရီးယားပိုးကြောင့် ဖြစ်လာတယ်။ ဒီပိုးတွေဟာ အရေပြားအပေါ်ယံထိခိုက်ရှနာ (ဓားရှရာ၊ ဆူးစူးဒဏ်ရာ၊ မီးလောင်ဒဏ်ရာ) ကနေဖြစ်လာတယ်။ အဆိုပါပိုးတွေဟာ ခန္ဓာကိုယ်မွေးညှင်းအိတ် (hair follicles)က တဆင့် အရေပြားအောက်ခြေထိ ဝင်ရောက်လာပြီး ပြည်တည်နာကို ဖြစ်ပေါ်စေပါတယ်။ တခါတရံမှာ ခန္ဓာကိုယ်အတွင်းပိုင်း (အသည်း၊ ဦးနှောက်) တွေမှာလည်း ပြည်တည်နာ ဖြစ်စေနိုင်တယ်။
ပြည်တည်နာရဲ့ အဓိကလက္ခဏာများ
ပြည်တည်နာမှာ အဓိကလက္ခဏာ (၄)မျိုးရှိတယ်။ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ပူနွေးခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တယ်။ ပြည်တည်နာက ဖောင်းကြွနေတယ်။ အနာ ရင့်မှည့်လာတဲ့အခါ ပြည်ဖုထိပ်မှာ အဖြူရောင် (သို့) အဝါရောင် ပြည်စလေးတွေ အနေနဲ့ မြင်တွေ့ရတတ်ပါတယ်။ပြည်တည်နာနဲ့ အတူ အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်းနဲ့ နုံ့ချိခြင်းစတာတွေ ခံစားရတတ်တယ်။
အဖြစ်များတဲ့ ပြည်တည်နာ အမျိုးအစားများ
-မွေးညှင်းအိတ်ပြည်တည်နာ (Boil/Furuncle)
-ဝက်ခြံပြည်တည်နာ (Cystic Acne)
-သွားဖုံး ပြည်တည်နာ (Dental Abscess)
-ချိုင်း၊ ပေါင်ခြံ ပြည်တည်နာ (Axillary/inguinal Abscess)
ကုသနည်း
ပြည်တည်နာဖြစ်စမှာ ရေနွေးအိတ်ကပ်ပေးခြင်းဟာ ကောင်းတယ်။ အရေပြား သွေးလှည့်ပတ်မှု အားကောင်းစေပြီး ပြည်ကို ပေါက်ထွက်စေနိုင်တယ်။ ပြည်တည်နာဖြစ်ရင် ဆပ်ပြာနဲ့ ရေသန့်သန့်နဲ့ သေချာ ဆေးကြောပါ။ အရက်ပြန်၊ betadine သုံးပြီး သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ Antibiotic ointment တစ်မျိုးမျိုးလိမ်းပါ။ သန့်စင်တဲ့အဝတ်စနဲ့ သေချာစည်းပါ။
ပြည်တည်နာဖြစ်တဲ့အခါ ပဋိဇီဝသောက်ဆေး၊ ထိုးဆေး(Antibiotics)တွေကို အဓိကအသုံးပြုတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းပိုးဝင်တာ၊ ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းနေတဲ့အခါမျိုးမှာ အပြင်းစား ပဋိဇီဝပိုးသတ်ဆေးတွေ ပေးရလေ့ရှိတယ်။ အနာကြီးရင်ဓားရာပေးပြီး ပြည်ပုပ်ထုတ်တာမျိုး (Incision and Drainage) ပြုလုပ်ရလေ့ရှိပါတယ်။သတိပြုရမှာက မိမိဘာသာ ပြည်ကို အတင်းညှစ်မထုတ်ပါနဲ့။ ညှစ်ထုတ်မိရင် ပိုးပြန့်ပြီး ပိုဆိုးစေနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatm

Write Reviews
Leave a Comment
No Comments & Reviews