Open 9:00-12:00 AM
+95 92051590

Trichomycosis axillaris

27 Nov, 2021 | No Comments

Trichomycosis axillaris

Trichomycosis Axillaris ဂျိုင်းမွေးပိုးဝင်ခြင်း 

ပုံမှန်အားဖြင့် Tricho ဆိုတာ ဆံချည်မျှင် (သို့) အမွေးမျှင်ကို ပြောတာဖြစ်ပြီး Axillaris ဆိုတဲ့ဝေါဟာရဟာ ဂျိုင်းမှာဖြစ်တဲ့ရောဂါတွေမှာ အဓိကသုံးတယ်။ mycosis က မှိုရောဂါလို့ အဓိပ္ပါယ်ရပေမယ့် လက်တွေ့မှာ မှိုမဟုတ်ဘဲ Corynebacterium ခေါ်တဲ့ဗက်တီးရီးယားပိုးတွေ ရုတ်တရက်ပွားများလာလို့ ဖြစ်ပေါ်လာတယ်။Trichomycosis Axillaris ဖြစ်တဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဂျိုင်းမွေးတွေဟာ အရောင်ပြောင်းသွားတယ်။

ကော်ရီနီဘက်တီးရီးယားပိုးဟာ အစိုဓာတ်ကို ကြိုက်တယ်။ ကော်ဆန်ဆန် စီးကပ်စေတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးပြီး အမွေးမျှင်ပေါ်မှာ စေးကပ်တဲ့ အလွှာတစ်ခုနဲ့စွဲကပ်နေတတ်တယ်။ ကြာလာတဲ့အခါ အရောင်ပြောင်းပြီး လက္ခဏာတွေ ပေါ်လာစေပါတယ်။ဂျိုင်းမွေးမှာ အဝါရောင်အလွှာတစ်ထပ် ကပ်နေတတ်တယ်။ မြင်လွယ်အောင်ပြောရရင် အမွေးမှာ ဖယောင်းကပ်နေတဲ့ပုံစံမျိုးဖြစ်တယ်။ ဒါဟာ ဘက်တီးရီးယားပိုးတွေက အမွေးချောင်း အပြင်ဘက်မျက်နှာပြင်မှာ ပေါက်ဖွားနေလို့ဖြစ်ပြီး အမွေးချောင်းကိုယ်နှိုက်ကတော့ မပျက်စီးပါဘူး။ 

ဂျိုင်းချွေးအရောင် စတင်ပြောင်းလဲတတ်တယ်။ ဘက်တီးရီးယားတွေကြောင့် ဂျိိုင်းချွေးအရောင် စတင်ပြောင်းလဲတတ်ပြီး အဝါ၊ အနက် (သို့) အနီရောင် ဖြစ်သွားတတ်ပြီး အဝတ်အစားတွေကို စွန်းထင်းစေနိုင်ပါတယ်။ဂျိုင်းနံ့ပိုပြင်းထန်လာမယ်။ ဘက်တီးရီးယားတွေက ချွေးကိုချေဖျက်မိရာကနေ fatty acid ပါတဲ့ အနံ့ဆိုးတစ်မျိုးထွက်စေပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာချွေးစိုပြီး မွေးညင်းပေါက်ထူထပ်တဲ့ ဂျိုင်းနေရာမှာပဲ အများဆုံးတွေ့ရတတ်တယ်။ ဆီးခုံမွေးထွက်တဲ့နေရာမှာ Trichomycosis pubis ဖြစ်တတ်သလို နဲ့ ဦးရေပြား၊ မုတ်ဆိတ်မွေး စတဲ့နေရာတွေမှာလည်း ရံဖန်ရံခါဖြစ်တတ်ပါတယ်။

ဒီရောဂါဟာ Corynebacterium ဘက်တီးရီးယားပိုးတွေ အလွန်အကျွံ ပေါက်ပွားလာလို့ဖြစ်တယ်။ ချွေးထွက်လွန်ခြင်း (Hyperhidrosis)နဲ့လည်း သက်ဆိုင်တယ်။ စိုထိုင်းတဲ့ ပတ်ဝန်းကျင်ဟာဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးဖြစ်စေပါတယ်။သန့်ရှင်းရေးအားနည်းလို့လည်းဖြစ်နိုင်တယ်။ ပူအိုက်တဲ့ နွေရာသီမှာ အဖြစ်များတယ်။ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါသည်တွေမှာ ပိုဖြစ်တာတွေ့ရတယ်။

ကုသခြင်း

Trichomycosis Axillaris ကို ကုသရတာ လွယ်ကူတယ်။ အထိရောက်ဆုံးနည်းက အမွေးရိတ်ပြီး ဖယ်ရှားခြင်း (shaving) ဖြစ်တယ်။ ရောဂါဖြစ်နေတဲ့ အမွေးတွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ဘက်တီးရီးယားအများစုကို ချက်ချင်း ဖယ်ရှားပြီးသား ဖြစ်သွားတယ်။ လေဆာနဲ့ အမွေးဖယ်ရှားခြင်းဟာလည်း ရေရှည်အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လိမ်းဆေးထဲမှာ Benzoyl Peroxide ပါတဲ့ လိမ်းဆေး (သို့) ဂျယ်တစ်မျိုးမျိုးသုံးပေးနိုင်တယ်။ပိုးသတ်ဆေးထဲမှာ Erythromycin (သို့) Clindamycin Cream လိမ်းဆေးတွေ တစ်ရက် ၁-၂ကြိမ် နှစ်ပတ်ခန့် အသုံးပြုနိုင်တယ်။ ဒါ့ပြင် chlorhexidine or triclosan ပါတဲ့ ပိုးသတ်ဆေးဆပ်ပြာတွေက ဗက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးနိုင်တယ်။ ဆပ်ပြာကို မိနစ်အနည်းငယ်ထားပြီး ရေပြန်ဆေးချပါ။ ဒီရောဂါမျိုးဟာ စနစ်တကျကုရင် (၂)ပတ်အတွင်း ပျောက်ကင်းသက်သာနိုင်ပါတယ်။

အကြံပြုချက်

ဂျိုင်းကို အမြဲခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ စုပ်ယူမှုအားကောင်းတဲ့ absorbent powders (သို့) ချွေးထွက်သက်သာစေတဲ့ aluminum chloride ပါတဲ့ antiperspirants တမျိုးမျိုးသာ အသုံးပြုပါ။deodorants တွေ နေ့စဉ်မသုံးပါနဲ့။ ဝိတ်ချပါ။အဆီအစိမ့်လျှော့စားပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးကို သေချာသုတ်ပါ။ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားစကိုသာ အသုံးပြုပါ။ ချွေးအလွန်အကျွံထွက်တဲ့ရောဂါ (Hyperhidrosis) ဖြစ်ရင် ဆရာဝန်နဲ့ ကုသမှုခံယူပါ။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews