Open 9:00-12:00 AM
+95 92051590

Actinic prurigo

31 Oct, 2021 | No Comments

Actinic prurigo

Actinic prurigo နေရောင် ယားနာကျိတ်

Actinic Prurigo ဆိုတာ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ယားနာအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ “Actinic” ဆိုတာ နေရောင်ထိတွေ့မှုနဲ့ဆိုင်တဲ့ “Prurigo” ယားယံအဖုအပိန့်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီရောဂါမှာ ပုံမှန်မဟုတ်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ယားနာကျိတ်တွေ စတင်ဖြစ်ပေါ်လာတယ်။ အထူးသဖြင့် နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV radiation) ကို အရေပြားက လက်မခံနိုင်ဘဲ ဓာတ်မတည့်တဲ့ပုံစံနဲ့ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်ပါတယ်။

နေရောင် ယားနာကျိတ် (Actinic Prurigo)တွေဟာ နဖူး၊ နှာခေါင်း၊ ပါးပြင်စတဲ့နေရာတွေမှာ အဖြစ်များတယ်။ လက်မောင်း၊ လက်ဖျံ၊ လည်ပင်း နဲ့ ရင်ဘတ်အပေါ်ပိုင်းတွေဖြစ်တတ်တယ်။အချို့လူနာတွေမှာ နှုတ်ခမ်း (အထူးသဖြင့် အောက်နှုတ်ခမ်း) နဲ့ မျက်လုံးတွေပါရောင်ရမ်း (conjunctivitis) နိုင်ပါတယ်။ 

Actinic Prurigo ရဲ့ အဓိကလက္ခဏာက အလွန်အမင်း ယားယံခြင်း (Intense Itching)ဖြစ်ပါတယ်။ နေရောင်ထိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အနီရောင် သို့မဟုတ် အညိုရောင်သန်းနေတဲ့ မာကျောသည့် အဖုငယ်လေး(Small Bumps/Papules)တွေ ထွက်ပေါ်လာတယ်။ ဒီအဖုတွေဟာ အလွန်အမင်းယားယံတဲ့အတွက် ကုတ်ဖဲ့မိပြီး အနာတွေ၊ အမာရွတ်တွေ ဆက်လက်ဖြစ်ပေါ်လာတတ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ နေပူထဲထွက်မိရင် ပိုဆိုးလာတတ်ပြီး နေရောင်ကာကွယ်ထားရင် သက်သာသွားတတ်ပါတယ်။ နွေရာသီမှာ ပိုဆိုးပြီး ဆောင်းရာသီမှာသက်သာလာတယ်။

Actinic Prurigo ဘာကြောင့်ဖြစ်လဲ အကြောင်းရင်းကို အတိအကျမသိရသေးဘူး။ ခရမ်းလွန်ရောင်ခြည် (UV Radiation)ဟာ ရောဂါစတင်ဖြစ်ပွားစေသော အဓိကအကြောင်းရင်းလို့ ယူဆထားကြတယ်။ UVA နှင့် UVB နှစ်မျိုးလုံးက ဖြစ်စေနိုင်ပါတယ်။ အခြားဖြစ်နိုင်ချေက မျိုးရိုးဗီဇ (Genetics) ပါလာတာဖြစ်တယ်။မိသားစုဝင်မှာရှိရင် မျိုးရိုးလိုက်တတ်တယ်။ အထူးသဖြင့် HLA-DR4 မျိုးဗီဇပစ္စည်းရှိသူတွေမှာ ပိုဖြစ်နိုင်ခြေရှိတယ်။ နောက်ဖြစ်နိုင်ချေ သီအိုရီတစ်ခုက မူမမှန်တဲ့ ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှု (Immune Response) ကြောင့် ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုက အရေပြားတွင်း ပရိုတင်းဓာတ်တွေပြောင်းလဲစေပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အဆိုပါပရိုတင်းတွေကို ပြင်ပအန္တရာယ်အဖြစ် မှတ်ယူကာ တိုက်ခိုက်မိခြင်းကြောင့် အရေပြားယားယံမှုများ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။

ကုသနည်း

နေရောင်ယားနာကျိတ်တွေဟာ နာတာရှည်ရောဂါဖြစ်လို့ လုံးဝပျောက်ကင်းအောင် ကုသဖို့ ခက်ခဲတယ်။ ရောဂါကုသတဲ့အခါ နေရောင်ခြည်ကာကွယ်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

UVA နှင့် UVB ကို ကာကွယ်နိုင်တဲ့ broad-spectrum Sunscreen တမျိုးမျိုးလိမ်းပါ။ SPF 50 ပါတဲ့ physical sunscreen နေလောင်ကာလိမ်းဆေးတွေ နေ့စဉ် ပုံမှန်လိမ်းပေးပါ။ နေပူထဲထွက်တဲ့အခါ အကာအကွယ် လက်ရှည်၊ ဘောင်းဘီရှည်၊ ထီး၊ ဦးထုပ်ဆောင်းတာမျိုး ပြုလုပ်ပါ။ နေပူထဲတွင် အချိန်ကြာကြာမနေပါနဲ့။

ရောင်ရမ်းယားယံမှုကို သက်သာစေဖို့ စတီးရွိုက်လိမ်းဆေးတွေ  အသုံးပြုနိုင်ပါတယ်။ နေလောင်တဲ့နေရာကို အစိုဓာတ်ထိန်းဆေးလိမ်းပေးသင့်တယ်။ ဓာတ်မတဲ့မှုကို လျှော့ချဖို့  Antihistamines အယားပျောက်ဆေးတွေ သောက်နိုင်တယ်။ Hydroxychloroquine (သို့မဟုတ်) Chloroquine ဆေးတွေက အရေပြားရဲ့ နေရောင်ခြည်ဓာတ် တုံ့ပြန်မှုကို လျော့ကျစေနိုင်ပါတယ်။ပြင်းထန်တဲ့ရောဂါလက္ခဏာတွေမှာThalidomide ဆေးကို အသုံးပြုရတယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးများလို့ ဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာသာ အသုံးပြုရတယ်။ လိုအပ်ရင် Phototherapy (အလင်းရောင်ကုထုံး) တွေပြုလုပ်သင့်တယ်။

အလင်းကုထုံးက ခရမ်းလွန်ရောင်ခြည် ပမာဏကို ထိန်းညှိပေးပြီး အရေပြားမှာ ဖြည်းဖြည်းချင်း ထိတွေ့စေကာ အလင်းမှုန်ခံနိုင်ရည်ရှိလာအောင် ကုသခြင်းမျိုး ဖြစ်ပါတယ်။

Actinic Prurigo ဟာ ကလေးဘဝကတည်းက စတင်ဖြစ်ပွားတတ်ပြီး အရွယ်ရောက်တဲ့အထိ ရှိနေတတ်တယ်။ တချို့လူနာတွေဟာ အရွယ်ရောက်ပြီးတဲ့အခါ သက်သာသွားတတ်ပါတယ်။ ရောဂါဖြစ်လာတဲ့အခါ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူနိုင်ရင် ယားယံမှုနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews