Open 9:00-12:00 AM
+95 92051590

Miliaria rubra (Prickly heat)

28 Oct, 2021 | No Comments

Miliaria rubra (Prickly heat)

Heat rash (prickly heat) အပူမိတ်ထခြင်း

မိတ်ထွက်တာကို heat rash လို့ ခေါ်ပါတယ်။ “prickly heat” ၊ “summer rash” ၊ “Sweat rash” စသည်ဖြင့် အမျိုးမျိုး သုံးကြတယ်။ ဆေးပညာမှာ miliaria လို့ သုံးနှုန်းတယ်။ ပူအိုက်တဲ့ရာသီ (အထူးသဖြင့် နွေရာသီ)မှာ ယားယံတဲ့ အနီစက်အဖုအပိန့်တွေထွက်ရင် မိတ်လို့ ယေဘုယျပြောနိုင်ပါတယ်။ မိတ်ထွက်တဲ့အခါ အနီစက်၊အနီဖုသေးသေးလေးတွေကနေ အနီကွက်ကြီးတွေ ထိဖြစ်လာနိုင်တယ်။ ဧရိယာကျယ်လာတာနဲ့အမျှ အရေပြားရောင်တာ၊ ရဲတာ၊ ယားတာ၊ ပူစက်ပူလောင်နေတာမျိုး ရှိတယ်။ ချွေးအောင်းပြီး အရည်ကြည်ဖုထတဲ့မိတ်လည်း ရှိပါတယ်။ 

ဘာ့ကြောင့်မိတ်ထွက်လဲ

လူ့ခန္ဓာကိုယ်အရေပြားအောက်မှာ ချွေးဂလင်းတွေထောင်နဲ့ချီပြီး ရှိပါတယ်။ ပြင်ပအပူချိန်များတဲ့အခါ အရေပြားအေးမြသွားအောင် ချွေးထုတ်ပြွန်တွေက ချွေးထုတ်ပေးရတယ်။ ပူပြင်းတဲ့နွေရာသီမှာ ပုံမှန်ထက်ပိုပြီး ချွေးထွက်များတယ်ဆိုတာ ဒီသဘောပဲ။ ချွေးထွက်များလွန်းရင် ချွေးထွက်ပေါက် ပိတ်သွားပြီး မိတ်ဖုလေးတွေ ထွက်လာတယ်။ မိတ်ထွက်တဲ့အခါ အရေပြား မျက်နှာပြင်ဘက်တီးရီးယားပိုး (Staphylococcus epidermidis )ကလည်း အရေးပါတယ်။ ဒီပိုးက ချွေး၊ ဖုန်မှုန့်၊ ဆဲလ်သေတွေကို စေးကပ်စေနိုင်တာကြောင့် ချွေးဂလင်းပိတ်ပြီး မိတ်ဖုတွေပိုထွက်လာစေတယ်။ 

ဘယ်အချိန်မှာ မိတ်ထွက်လဲ

ပူပြင်း ခြောက်သွေ့ပြီး လေထုစိုထိုင်းစများတဲ့ နွေရာသီမှာ မိတ်ဖုယားနာပိုထွက်တယ်။ ဆောင်းတွင်း အနွေးထည် ထူထဲထဲဝတ်ရာက မိတ်ပေါက်လာသူတွေလည်း ရှိနိုင်ပါတယ်။ အဝတ်ထူထူတွေက ချွေးဂလင်းကို ပိတ်ဆို့ပြီး မိတ်ထွက်လာပါတယ်။ နေရှိန်ပြင်းပြင်းအောက်မှာ အလုပ်လုပ်ရသူတွေလည်း ချွေးနဲ့ဖုန်ရောထွေးပြီး မိတ်ထွက်တယ်။ ကလေးငယ်တွေဟာ ချွေးထွက်ပေါက် ပိုသေးငယ်တာကြောင့် လူကြီးတွေထက် ပိုဖြစ်လွယ်တယ်။ 

မိတ်ထွက်ရင် သိသာပါတယ်။ အရေပြားယား၊ရောင်၊ရဲ၊စပ် အချက်လေးချက်ရှိရင် မိတ်ပေါက်ပြီလို့ သိနိုင်တယ်။ နဖူး၊ ကျောပြင်၊ လည်ပင်း၊ ရင်ဘတ်စတဲ့ ချွေးထွက်များတဲ့နေရာတွေမှာ အဖြစ်များတယ်။ မိတ်ပေါက်တဲ့ လက္ခဏာပေါ်မူတည်ပြီး အမျိုးအစား (၃)မျိုး ထပ်ခွဲထားတယ်။

၁။ miliaria crystallina (ချွေးမိတ်ထွက်ခြင်း) ဆိုတာ သိပ်မဆိုးတဲ့ ပုံစံပါ။ မိတ်ဖုက ရေစက်ကလေးတွေ တင်ထားသလို အရည်ကြည်ဖုလေး(Clear vesicles)တွေ ဖြစ်နေတယ်။ ယားယံတာမျိုး မရှိဘူး။ မွေးကင်းစကလေးငယ်တွေမှာ ဒီပုံစံမိတ်ဖု တွေ့ရတယ်။

 

၂။ miliaria rubra (အပူမိတ်ထွက်ခြင်း) ဆိုတာ မြင်တွေ့နေကျ အနီစက် မိတ်ထွက်တဲ့ ပုံစံဖြစ်ပါတယ်။ rubra ဆိုတာ နီရဲတာ(red)ကို ဆိုလိုတယ်။ လူအများစုက ဒီပုံစံမိတ်ဖုမျိုး ထွက်ကြပါတယ်။ အနီဖုလေးတွေက အပြင်လိုက်ဖြစ်နေပြီး အောက်ခြေက ရဲတွတ်နေမယ်။ အရေပြားအောက်ပိုင်းက ထွက်လာတယ်။ အနီရောင် ပိုရင့်လာသလို ပိုယားနေမယ်။ ကလေး၊လူကြီး အရွယ်မရွေးဖြစ်နိုင်တယ်။

၃။ miliaria profunda (အသားဖုမိတ်ထွက်ခြင်း)က အဖြစ်နည်းတဲ့ မိတ်ဖုပုံစံမျိုး ဖြစ်ပါတယ်။ အရေပြားမှာ ကြက်သီးထသလို အသားရောင်အဖုလေးတွေ ပေါက်တဲ့ ပုံစံဖြစ်ပါတယ်။ အရေပြားအောက်လွှာ(dermis)ထဲမှာ ဖြစ်လို့ မိတ်ဖုက မာမာခဲခဲလေးဖြစ်နေတယ်။ မိတ်မကြာခဏထွက်သူတွေမှာ  ဒီပုံစံမျိုး ဖြစ်တတ်တယ်။ 

ကုသနည်း

ကုသနည်းတွေက လွယ်ကူပါတယ်။ ဖြစ်တဲ့နေရာကို အအေးခံပေးရင် နာရီပိုင်းအတွင်း သက်သာလာတယ်။ မိတ်ထွက်တဲ့အခါ ရေအေးဝတ် တင်ပေးပါ။ အအေးဓာတ်မပျောက်အောင် ငါးမိနစ်ခြားတခါ ရေလဲပေးနေရမယ်။ calamine ပါတဲ့ lotion တမျိုးမျိုး ၂နာရီခြားတစ်ခါ လိမ်းပါ။ သိပ်မသက်သာရင် အပျော့စားစတီးရွိုက်ဆေး(hydrocortisone 1%) လိမ်းလို့ရတယ်။ အဆီများတဲ့ လိမ်းဆေး(cream, ointment)တွေ မသုံးပါနဲ့။ တကိုယ်လုံးယားယံတဲ့အခြေအနေမျိုးမှာ antihistamine(ဘာမီတွန်၊ စစ်ထရီဆင်း၊ လော်ရာတဒင်းလို)ဆေးမျိုး သောက်နိုင်ပါတယ်။ ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ သေချာပြပါ။

ဘယ်လိုကာကွယ်မလဲ

အရေးကြီးဆုံးက အပူဒဏ်ရှောင်သင့်တယ်။ ပူပြင်းတဲ့နွေရာသီမှာ တတ်နိုင်သမျှ အရိပ်ထဲမှာပဲနေပါ။ အပြင်ထွက်တဲ့အခါ အဆောင်းအကာတခုခုယူသွားပါ။ တင်းကျပ်လွန်းတဲ့ အဝတ်တွေအစား ချည်ထည်စ အေးတာဝတ်ပါ။ အနက်ရောင်အဝတ်အစားတွေက အပူစုပ်ယူနိုင်လို့ ရှောင်ပါ။ အဲယားကွန်း၊ ပန်ကာရှိတဲ့ အခန်းမှာအိပ်ပါ။ တိုက်ရိုက်လေမခံပါနဲ့။ ပူပြင်းတဲ့ရာသီတွေမှာ ညတိုင်း ရေချိုးပြီးမှ အိပ်သင့်တယ်။ ရေချိုးတဲ့အခါ အယားသက်သာအောင် ရေတဂါလံပုံးထဲကို ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း(၂)ဇွန်းထည့်ပြီး ချိုးပါ။  ရေချိုးပြီး တဘတ်နဲ့မသုတ်ပဲ ပြင်ပလေနဲ့ ခြောက်သွေ့ပါစေ။ အစားအသောက်ထဲမှာ အပူ၊အစပ်၊အငန်လျှော့စားပြီး ရေခဲရေ ရှောင်ရမယ်။ ပူပြင်းတဲ့ရာသီဖြစ်လို့ မိတ်မထွက်အောင် ကြိုတင်ဂရုစိုက်ကာကွယ်သင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews