Open 9:00-12:00 AM
+95 92051590

Herpes simplex

28 Oct, 2021 | No Comments

Herpes simplex

Herpes Simplex အပျော့စား ရေယုန်ပေါက်ခြင်း

Herpes Simplex (အပျော့စားရေယုန်) ဆိုတာ Herpes Simplex Virus (HSV) ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်တွင်း အာရုံကြောဆဲလ်တွေထဲမှာ နှစ်ပေါင်းများစွာ ပုန်းခိုနေတတ်ပြီး အချိန်အခါအလိုက် ပြန်လည်အစုလိုက်ပေါ်လာတတ်ပါတယ်။ ရေယုန်ဟာ အရည်ကြည်ဖုက ထွက်လာတဲ့ အရည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ကူးစက်စေနိုင်တယ်။ နမ်းခြင်း၊ လိင်ဆက်ဆံခြင်းတို့ကြောင့် ကူးစက်နိုင်တယ်။ ကလေးမွေးဖွားစဉ် မိခင်မှ ကလေးသို့ မွေးလမ်းကြောင်းက ကူးစက်ခြင်းတို့ ဖြစ်စေနိုင်တယ်။

ရေယုန် အမျိုးအစားပေါ်မူတည်ပြီး ဖြစ်တဲ့နေရာကွာခြားနိုင်တယ်။

Herpes Simplex Virus Type 1 (HSV-1)

နှုတ်ခမ်းမှာ ပေါက်တဲ့ရေယုန် (Fever Blisters)ဟာ HSV-1 အမျိုးအစား ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ပါးစပ်ကထွက်တဲ့ တံတွေးက တဆင့် ကူးစက်နိုင်တယ်။ နမ်းရှုတ်ရာက မျက်နှာ၊ ပါးစပ်၊ နှုတ်ခမ်း စတဲ့နေရာတွေမှာ အဓိကဖြစ်တယ်။ ဒါ့ကြောင့် ပါးစပ်ရေယုန်လို့ ခေါ်နိုင်ပါတယ်။

Herpes Simplex Virus Type 2 (HSV-2)

လိင်အင်္ဂါရေယုန် (Genital Herpes)အများစုဟာ HSV-2 အမျိုးအစားကြောင့်ဖြစ်တယ်။ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်ပြီး လိင်အင်္ဂါ၊ စအို စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ဒီနေရာမှာ သတိပြုရမှာက HSV-1 ဟာ လိင်အင်္ဂါကို ကူးစက်နိုင်သလို၊ HSV-2 ဟာလည်း ပါးစပ်ကို ကူးစက်နိုင်ပါတယ်။

Herpes Simplex ရေယုန်အနာတွေကို ပထမအကြိမ် ကူးစက်ခံရချိန် (Primary Infection)မှာ

လက္ခဏာတွေ ပြင်းထန်တတ်တယ်။ ပြန်ဖြစ်တဲ့အချိန် ရောဂါလက္ခဏာဟာ ပိုပျော့ပြီး ကြာချိန်တိုတောင်းတတ်တယ်။ ရက်ပိုင်းအတွင်း အရည်ကြည်ဖုလေး ( Blisters) တွေ ပေါ်ပေါက်လာတယ်။ အရည်ကြည်ဖုဟာ တခါတရံယားယံတတ်တယ်။ အရည်ကြည်ဖုပေါက်ထွက်တဲ့အခါ အနာဖေးအဖြစ်ကျန်ရစ်ခဲ့တယ်။

ရေယုန်ဟာ အချိန်ခါ မရွေး ပြန်လည်ပေါ် ပေါက်(Recurrence)တတ်ပါတယ်။ ရှေ့ပြေးလက္ခဏာအနေနဲ့ အနာပေါက်မယ့်နေရာမှာ ယားယံခြင်း၊ ထုံကျင်ခြင်း၊ စူးရှသောနာကျင်မှုတွေ ခံစားရတတ်တယ်။ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းခြင်းစတာတွေဖြစ်နိုင်တယ်။ ကူးစက်ခံရတဲ့ နေရာတွေမှာစပ်ဖျဉ်းဖျဉ်း အနီစက်ငယ်တွေ ပေါ်လာတယ်။ 

ဘယ်အချိန် ရေယုန် ပြန်ဖြစ်ပေါ်စေနိုင်လဲ 

-စိတ်ဖိစီးမှုများခြင်း

-အအေးမိခြင်း 

-ဟော်မုန်းပြောင်းလဲခြင်း (ရာသီသွေးဆင်းချိန်)

-ကိုယ်ခံအားကျဆင်းခြင်း

ကုသနည်း

ရေယုန်ရောဂါဟာ ပြန်ဖြစ်တတ်တယ်။ ရောဂါပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးမရှိပေမယ့် တချို့ဗိုင်းရပ်စ်ဆေးတွေဟာ ရောဂါလက္ခဏာကို သက်သာစေပြီး ရောဂါပျံ့ပွားမှုကို လျှော့ချနိုင်တယ်။ ရေယုန်သောက်ဆေးတွေထဲမှာ Acyclovir, Valacyclovir နဲ့ Famciclovir ဆေးတွေက အသုံးများတယ်။ ရေယုန်ဖြစ်စ ၄၈နာရီအတွင်း ဆေးသောက်ရင် ရောဂါပြင်းထန်မှုနဲ့ ကြာချိန်ကို လျှော့ချပေးနိုင်တယ်။ ရေယုန်ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လို့ ဖျားတာနာတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာမျိုး ရှိတတ်တယ်။အကိုက်အခဲပျောက်ဆေး (paracetamol, Ibuprofen) စတာတွေက နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်။ ရေယုန်ဖြစ်တဲ့နေရာကို ရေခဲဝတ် ကပ်နိုင်တယ်။

ကာကွယ်နည်းများ

· ရေယုန်ရောဂါဖြစ်နေစဉ် နမ်းရှုံ့ခြင်း၊ လိင်ဆက်ဆံခြင်း ရှောင်ကြဉ်ပါ။ လိင်ဆက်ဆံရင် ကွန်ဒုံးအမြဲသုံးပါ။ပန်းကန်၊ ရေခွက်၊ အဝတ်အစား၊ မျက်နှာသုတ်ပဝါတွေ မျှဝေသုံးစွဲတာ မလုပ်ပါနဲ့။ အနာကို ကိုင်မိပါက ရေ၊ဆပ်ပြာနဲ့ ချက်ချင်းဆေးကြောပါ။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Related Tags

Write Reviews

Leave a Comment

No Comments & Reviews