ချွေးထွက်လို့ဖြစ်တဲ့ အင်ပြင်
“ချွေးထွက်လို့ အဖုထွက်တာပဲ”လို့ ထင်ရပေမယ့် အချို့လူနာတွေမှာ ချွေးထွက်ခြင်းကြောင့် Cholinergic Urticaria ခေါ်တဲ့ အင်ပြင်ယားနာအဖုအပိန့်တွေ ဖြစ်တတ်ပါတယ်။ လူတချို့ဟာ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်လာတဲ့အခါ၊ ရာသီဥတုပူလာတဲ့အခါ၊ ရေနွေးနဲ့ ရေချိုးတဲ့အခါ သို့မဟုတ် စိတ်လှုပ်ရှားပြီး ခန္ဓာကိုယ်ပူလာတဲ့အခါ အရေပြားမှာ အနီရောင်အဖုသေးသေးလေးတွေ ရုတ်တရက်ထွက်လာပြီး အလွန်ယားယံခြင်း ဖြစ်တတ်ပါတယ်။
Cholinergic Urticaria ဆိုတာဘာလဲ?
Cholinergic urticaria ဟာ ခန္ဓာကိုယ်အပူချိန်တက်လာခြင်းနှင့် ချွေးထွက်ခြင်းတို့ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ inducible urticaria တစ်မျိုး ဖြစ်ပါတယ်။တချို့အင်ပြင်တွေမှာ အစားအစာ၊ ဆေးဝါး၊ ပိုးမွှား စတာတွေကြောင့် ဖြစ်နိုင်ပေမယ့် Cholinergic urticaria မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ အပူလွန်ကဲခြင်း၊ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှု၊ အပူအစပ်စားပြီးတိုင်း ချွေးထွက်ခြင်းကနေ အင်ပြင်ယားနာတွေ ဖြစ်စေနိုင်ပါတယ်။
ခန္ဓာကိုယ်ပူနွေးလာတဲ့အခါ ဦးနှောက်က cholinergic nerve ကတဆင့် acetylcholine ဓာတ်ကိုထုတ်ပြီး ချွေးထွက်စေတယ်။ ဒီအချိန်မှာ mast cellက မှားယွင်းစွာတုံ့ပြန်ပြီး histamine ထွက်လာလို့ အင်ပြင်လို ယားနာဖုတွေထွက်လာပါတယ်။ ခန္ဓာကိုယ်အပူချိန်တက်လာတဲ့အခါ autonomic nervous system က ချွေးထွက်စေဖို့ cholinergic signaling ကို အသုံးပြုရပါတယ်။ ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး mast cells က histamine နဲ့ အခြား inflammatory mediators ထွက်လာရင် urticaria ဖြစ်ပေါ်နိုင်ပါတယ်။ တနည်းအားဖြင့် ချွေးကြောင့်ဖြစ်တဲ့ အလာဂျီ ဓာတ်မတဲ့ခြင်းဖြစ်တယ်။
Cholinergic urticaria ရဲ့ လက္ခဏာက အရေပြားမှာ ၁-၃မီလီမီတာ အဖုပိန့်တွေထွက်လာတယ်။အဖုအပိန့်ထက် ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ပူလောင်သလိုခံစားရခြင်းက ပိုမိုစိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။အများအားဖြင့် လည်ပင်း၊ ရင်ဘတ်၊ ကျော၊ လက်မောင်း၊ ခန္ဓာကိုယ်အပေါ်ပိုင်းတွေမှာ အဓိကတွေ့ရတယ်။ တစ်ခါတစ်ရံ ခန္ဓာကိုယ်တစ်ခုလုံးထိ ပျံ့နှံ့နိုင်ပါတယ်။
ဘယ်လောက်ကြာတတ်သလဲ?
ချွေးအင်ပြင်ယားနာဟာ ခန္ဓာကိုယ်အပူချိန် ပြန်ကျပြီး မိနစ်ပိုင်းကနေတစ်နာရီအတွင်း ပြန်လည်သက်သာလာတတ်ပါတယ်။ယေဘုယျအားဖြင့် အင်ပြင်တွေဟာ ၂၄နာရီအတွင်း ပျောက်ကင်းတတ်ပြီး အပူချိန်မြင့်တဲ့အခါ ပြန်ဖြစ်လာတတ်တယ်။ ဒီနေရာမှာ မေးစရာရှိတာက Cholinergic Urticaria နဲ့ Heat Urticaria တူသလားဆိုတာပါ။ Cholinergic urticaria မှာ ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန် တက်လာပြီး ချွေးထွက်စေတဲ့ အခြေအနေတွမှာ ဖြစ်ပါတယ်။ ဥပမာ ပြေးလိုက်လို့ ကိုယ်ပူလာပြီး အဖုထွက်တယ်ဆိုရင် Cholinergic urticaria ကို အရင်စဉ်းစားရပါတယ်။ အခြားတစ်ဖက်မှာ heat urticaria ကတော့ ပူတဲ့အရာဝတ္တုက အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ဖြစ်တတ်ပါတယ်။
Cholinergic urticaria ရှိသူအများစုမှာ အရေပြားလက္ခဏာသာ ဖြစ်ပြီး အသက်အန္တရာယ်မရှိပါဘူး။Cholinergic urticaria ရဲ့ ကုသတဲ့အခါ အရင်ဆုံးစဉ်းစားရမယ့်အချက်က trigger ကို ထိန်းချုပ်ခြင်း ဖြစ်တယ်။ လူနာတစ်ဦးချင်းစီမှာ trigger threshold မတူတဲ့အတွက် ကိုယ့်ရဲ့ trigger ကို သိထားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ရေနွးနဲ့ချိုးတာ၊ အလွန်ပူတဲ့ပတ်ဝန်းကျင်ကို ရှောင်သင့်တယ်။ အလွန်ပြင်းထန်တဲ့ exercise တွေ ခဏတာရှောင်သင့်တယ်။
ချွေးအင်ပြင်ထွက်တဲ့အခါ non-sedating second-generation H1 antihistamines ဦးစားပေးရွေးချယ်ရတယ်။ ဥပမာ Cetirizine,Levocetirizine, Loratadine, Fexofenadine, Bilastine တို့ ဖြစ်ပါတယ်။ လူနာတစ်ဦးချင်းစီအလိုက် response မတူနိုင်တဲ့အတွက် ဆေးရွေးချယ်မှုနဲ့ ဆေးအချိန်အဆ ကို ဆရာဝန်က ဆုံးဖြတ်သင့်တယ်။တချို့ chronic inducible urticaria လူနာတွေမှာ standard dose မလုံလောက်ရင် guideline-based dose escalation ကို စဉ်းစားရတယ်။
လူနာတစ်ယောက်က “ဆရာရေ… ပြေးလိုက်တာနဲ့ အဖုသေးသေးတွေထွက်ပြီး အရမ်းယားတယ်။ ရေချိုးရင်လည်း ဖြစ်တတ်တယ်။ နားလိုက်ရင် ပြန်ပျောက်သွားတယ်”လို့ ပြောလာရင် Cholinergic urticaria ကို သတိရဖို့ လိုပါတယ်။ အဖုကိုသာ ကုသဖို့ မကြိုးစားဘဲ ဘယ်အရာက အဖုထွက်စေသလဲဆိုတဲ့ trigger ကို ရှာဖွေခြင်း က ကုသမှုရဲ့ အဓိကသော့ချက် ဖြစ်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews