Ecthyma အနာဖေးခွက်
Ecthyma ဆိုတာ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အရေပြားအောက်လွှာ(Dermis)ထိ ကူးစက်ပြီး ပြည်တည်နာ (Pustules) နဲ့ အနာစေးဖတ်(Ulcer with Crust) တွေ ဖြစ်ပေါ်လာတဲ့ အနာရောဂါ ဖြစ်ပါတယ်။ Deep impetigo လည်းခေါ်ကြတယ်။ အဖြစ်အများဆုံး ဘက်တီးရီးယားပိုးက Group A Beta-Hemolytic Streptococcus (Streptococcus pyogenes) ဖြစ်ပါတယ်။ တခါတရံ Staphylococcus aureus တွဲဖက်ဖြစ်စေနိုင်တယ်။
Impetigo (အရေပြားပေါ်ယံပိုးဝင်ခြင်း)၊ Varicella (ကျောက်မီးဖွား)၊ Scabies (ယားနာ) တို့မှ တဆင့် နောက်ဆက်တွဲပိုးဝင်တဲအခါ တွေ့ရတတ်တယ်။ Ecthyma ဟာ Impetigo နဲ့မတူဘဲ အောက်လွှာထိ နက်ရှိုင်းစွာ ကူးစက်တတ်ပါတယ်။ အနာကျက်ပြီး အမာရွတ် (Scar) ကျန်ရစ်တတ်ပါတယ်။ ခြစ်ရှရာဒဏ်ရာငယ်များ: အင်းဆက်ကိုက်ခြင်း၊ ဆူးစူးခြင်း၊ ခြစ်မိခြင်းများကို သန့်ရှင်းအောင်မထားပါက ဘက်တီးရီးယားများ အနက်ရှိုင်းဆုံးထိ ဝင်ရောက်နိုင်ပါတယ်။
Ecthyma (အနာဖေးခွက်)ရဲ့ ကနဦးအဆင့်မှာ ပြည်တည်နာ (Pustule) သို့မဟုတ် အရည်ကြည်ဖု (Vesicle) အဖြစ် စတင်ပါတယ်။ အရေပြားက ရောင်ရမ်းလာတယ်။ တဖြည်းဖြည်း ပြည်တည်နာက ပေါက်ထွက်သွားပြီး၊ အောက်ခံအရေပြားမှာ အနာခွက် (Ulcer) ပေါ်လာတယ်။ ဒီအနာခွက်ပေါ်မှာ မာကျောပျစ်ချွဲသော အဝါရောင် (သို့) အညိုရောင် အနာစေးဖတ် (Thick Crust) ဖုံးအုပ်နေတတ်ပါတယ်။ အနာစေးဖတ်ကို ခွာလိုက်ရင် အောက်မှာဝိုင်းစက်ပြီး နက်ရှိုင်းတဲ့ အနာပေါက် (Well-Demarcated Ulcer) နဲ့ ပြည်တွေကို တွေ့ရှိရပါမယ်။
Ecthyma အနာဟာ အလွန်နာကျင်ပြီး ကိုက်ခဲတတ်တယ်။ အနာကို ဝန်းရံထားတဲ့ အရေပြားဟာ နီရဲရောင်ရမ်းနေတတ်ပါတယ်။ အနာတစ်ခုတည်းဖြစ်နိုင်သလို အနာတွေအများကြီးလည်းဖြစ်နိုင်ပါတယ်။အရွယ်အစားအားဖြင့် ၀.၅ စင်တီမီတာမှ ၃ စင်တီမီတာအထိ ရှိနိုင်ပါတယ်။ ဒီအနာဟာ ခြေထောက်၊ ခြေသလုံး၊ ပေါင်၊ တင်ပဆုံစတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပြန်ရည်ကြောပိတ်ဆို့တဲ့အခါ ခန္ဓာကိုယ် ဘယ်နေရာမဆို ဖြစ်ပွားနိုင်ပါတယ်။အောက်လွှာထိလို့ အနာကျက်တဲ့အခါ အမာရွတ် (Scar) ကျန်ရစ်တတ်တယ်။
ရောဂါရှာဖွေတဲ့အခါ အနာရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ရှုပြီး Ecthyma ကို အလွယ်တကူ သိရှိနိုင်တယ်။လိုအပ်ရင် သွေးကို ယူစစ်ရတယ်။သွေးတွင်း ဘက်တီးရီးယားရှိ/မရှိ (Blood Culture) နှင့် သွေးဆဲလ်အရေအတွက် (Complete Blood Count) စစ်ဆေးနိုင်ပါတယ်။ တခါတရံ အနာစေးဖတ် (သို့) ပြည်မှ နမူနာယူပြီး (Swab Culture) ဘက်တီးရီးယားအမျိုးအစားကို မွေးမြူ စစ်ဆေးရပါတယ်။
Ecthyma ဖြစ်တဲ့ အခါ အနာကို သေချာဂရုစိုက်ဖို့ (Wound Care) က အရေးကြီးပါတယ်။ အနာကို ဂရုတစိုက် သန့်စင်ပေးပါ။ ရေနွေး (သို့) ဆားရည်နွေးနဲ့ အနာကို စနစ်တကျ ဆေးကြောပေးပါ။အနာစေးဖတ် (Crust) ဖယ်ရှားတဲ့အခါ စွတ်စိုအောင်အရငါလုပ်ပြီး ညင်သာစွာ ခွာပြီးမှ ဆေးလိမ်းတဲ့အခါ ထိရောက်မှု ပိုမိုကောင်းမွန်စေပါတယ်။
ကုသနည်း
Ecthyma ကုသမှုတဲ့အခါ ပဋိဇီဝဆေးတွေ အဓိကသုံးစွဲရတယ်။ ကနဦး ဖြစ်စ အနာအတွက် Mupirocin Ointment, Fusidic Acid Cream စတဲ့လိမ်းဆေးတွေက အသုံးဝင်တယ်။ ဒါပေမယ့် Ecthyma အများစုဟာ အရေပြားအောက်လွှာ ကူးစက်မှုဖြစ်တာကြောင့် သောက်ဆေးတွေကိုအဓိကအသုံးပြုလေ့ရှိတယ်။ သောက်ဆေးထဲမှာ Penicillin V၊ Dicloxacillin၊ Cephalexin၊ Clindamycin၊ Erythromycin စတဲ့ဆေးတွေက အသုံးများတယ်။ ဆေးပေးတဲ့အခါ ၇-၁၀ ရက် (သို့) အနာလုံးဝကျက်သည်အထိ ဆက်လက်သောက်သုံးရပါမယ်။ ကူးစက်မှု အလွန်ပြင်းထန်ပြီး ခန္ဓာကိုယ်တွင်းပျံ့နှံ့တဲ့အခါမျိုးမှာ ပဋိဇီဝထိုးဆေး (IV Antibiotics)တွေ ပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်းရှိရင် ဆေးရုံတက်ပြီး ကုသမှုခံယူသင့်တယ်။
နောက်ဆက်တွဲ ဆိုးကျိုးများ
· အမာရွတ်ကျန်ခြင်း (Scarring)
· အရေပြားအရောင်ပြောင်းခြင်း (Post-inflammatory Hyperpigmentation)
· အရေပြားနှင့် တစ်ရှူးရောင်ရမ်းခြင်း (Cellulitis)
· ပြန်ရည်ကြောရောင်ရမ်းခြင်း (Lymphangitis)
· အဆစ်များနှင့် အရိုးများသို့ ကူးစက်ပျံ့နှံ့ခြင်း (bone infection)
· နှလုံးအဆို့ရှင်ပျက်စီးခြင်း (Rheumatic Heart Disease)
Ecthyma (အနာဖေးခွက်)ဟာ စောစီးစွာ ကုသရင် ပျောက်ကင်းနိုင်ပေမယ့် မကုသဘဲထားပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွားနိုင်ပါတယ်။ ထို့ကြောင့် အထက်ပါလက္ခဏာရပ်တွေပေါ်ပေါက်လာရင် ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews