Lupus vulgaris တီဘီအနာ
Lupus vulgaris ဆိုတာ တီဘီပိုး(Mycobacterium tuberculosis)ကြောင့်ဖြစ်တဲ့ နာတာရှည်အရေပြား တီဘီရောဂါတစ်မျိုးဖြစ်တယ်။ အရေပြားတီဘီနာ (cutaneous tuberculosis)လို့လည်း ခေါ်နိုင်တယ်။ တီဘီပိုး ကူးစက်ခံထားရဖူးတဲ့လူတစ်ယောက်ဟာ ခန္ဓာကိုယ်အတွင်း ပိုးများ ငုပ်လျှိုးနေတတ်တယ်။ ခုခံအားရုတ်တရက် ကျဆင်းတဲ့အခါ နဂိုတီဘီရောဂါပိုးဟာ ပြန်ရည်ကြော သို့မဟုတ် သွေးကြောများကတဆင့် အရေပြားကို ရောက်ရှိလာတဲ့အခါ အရေပြားတီဘီလက္ခဏာတွေစတင်ပြသလာတယ်။ တခါတရံ အရေပြားဒဏ်ရာကတဆင့် တီဘီပိုး တိုက်ရိုက်ဝင်ရောက်လာတာ ရှိနိုင်သလို တီဘီပိုးရှိတဲ့အရည်တွေကတဆင့် ကူးစက်ခံရတာလည်းဖြစ်နိုင်တယ်။ ဒါ့ပြင် SLE ရောဂါသည်တွေဟာ အရေပြားတီဘီနာဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။
လက္ခဏာရပ်များ
Lupus Vulgaris ရဲ့ အနာတွေဟာ ဝံပုလွေကိုက်ခံရတဲ့ အနာနဲ့ ပုံစံဆင်တူလို့ lupus လို့ ခေါ်ကြပါတယ်။ ကူးစက်ခံနေရာတွေမှာ ခရမ်းရောင် (သို့) နီညိုရောင် အကွက်တွေအဖြစ် မြင်တွေ့ရတယ်။ အရေပြားက ရောင်ရမ်းပြီး ပါးလွှာနေတာကြောင့် အလွယ်တကူ သွေးထွက်နိုင်ပါတယ်။ ထင်ရှားတဲ့လက္ခဏာက အရေပြားရောင်ရမ်းမှုဟာ တဖြည်းဖြည်း ဘေးသို့ ပြန့်ကားလာတဲ့အခါအလယ်ဗဟိုက အနာကျက်သွားပြီး အမာရွတ်များ ကျန်ရစ်တတ်ပါတယ်။ ရံဖန်ရံခါအမာရွတ်များပေါ်မှာ အနာသစ်များ ထပ်မံပေါ်လာတတ်တဲ့ သဘောရှိတယ်။အရေပြားတီဘီဟာ မျက်နှာ၊ နား၊ လည်ပင်း၊ တင်ပဆုံ၊ ခြေလက်စတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် နှာခေါင်း၊ ပါးပြင်နှင့် နားရွက်ပေါ်မှာ အဖြစ်များတယ်။ ယေဘုယျအားဖြင့် နာကျင်မှုမရှိသလောက် ဖြစ်ပြီး၊ ယားယံမှုလည်း မရှိဘူး။ ဆေးရုံ၊ဆေးခန်းမှာ အနာကို ဖန်ပြားစနဲ့ ဖိကြည့်ရင် သွေးယိုစိမ့်မှု နည်းသွားသောကြောင့် ပတ်ဝန်းကျင်အရောင်ဖျော့သွားပြီး နီညိုရောင် (သို့) အညိုရောင် အစက်ကလေးများတွေ ကျန်ခဲ့တာ မြင်တွေ့ရတတ်ပါတယ်။ Apple Jelly Nodules ခေါ်ပြီး ရောဂါရှာဖွေရာမှာ အရေးပါတဲ့လက္ခဏာတစ်ခုဖြစ်တယ်။
အရေပြားတီဘီအနာရဲ့ အဓိကဆိုးကျိုးက အနာကျက်ပြီးနောက်ပိုင်း ရှုံ့တွပြီး ပုံစံပျက်ယွင်းနေတဲ့ အမာရွတ်ကြီးတွေ ကျန်ရစ်တတ်တာဖြစ်တယ်။နှာခေါင်း၊ နားရွက်၊ မျက်ခွံ စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံပျက်သွားတတ်တယ်။ ဒါ့ပြင် မကုဘဲထားရင် အရေပြားပုံစံပြောင်းလဲပြီး ရေရှည်မှာ အရေပြားကင်ဆာ (Squamous Cell Carcinoma) ဖြစ်ပွားနိုင်ခြေ မြင့်မားလာပါတယ်။
ဒီရောဂါမှာ အသားစယူပြီး စစ်ဆေးခြင်း (Skin Biopsy)က အတိကျဆုံးနည်းလမ်းဖြစ်ပါတယ်။ အနာမှ တစ်ရှူးစနမူနာ ထုတ်ယူပြီး ဓာတ်ခွဲခန်းမှာ တစ်ရှူးအဆင့် ပြောင်းလဲမှု (Histopathology)ကို ကြည့်ရှုစစ်ဆေးကြည့်နိုင်တယ်။ Granulomatous inflammation ကို တွေ့ရှိရနိုင်တယ်။ တီဘီပိုးကို တိုက်ရိုက် အရောင်ခြယ်၍ ကြည့်ရှု(AFB Stain)နိုင်တယ်။ တီဘီပိုးမွေးတဲ့နည်း (Culture)နဲ့ စစ်ဆေးနိုင်တယ်။ အရေပြားတီဘီမှာ ပိုးအရေအတွက် နည်းပါးလို့ မတွေ့ရှိရတာက များပါတယ်။ တီဘီပိုးရဲ့ ဗီဇ (DNA) ကို နောက်ဆုံးပေါ် ခေတ်မီနည်းလမ်း (PCR)တွေနဲ့ လည်း ရှာဖွေနိုင်ပါတယ်။ နောက်ခံတီဘီအတွက် Tuberculin Skin Test (Mantoux Test)၊ ရင်ဘတ်ဓာတ်မှန် (chest X ray) တွေနဲ့အခြားနေရာတွင် တီဘီရောဂါ ရှိ/မရှိ စစ်ဆေးနိုင်တယ်။
ကုသနည်း
Lupus Vulgaris (တီဘီအရေပြားအနာ)ဟာ ပဋိဇီဝဆေးတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ အရေပြားတီဘီကုသမှုဟာ နာတာရှည် တီဘီရောဂါကုသနည်းပုံစံအတိုင်း ဆောင်ရွက်ရပါတယ်။ ဆေးကုသမှုဟာ အနည်းဆုံး ၆ လ မှ ၉ လ အထိ ကြာနိုင်ပါတယ်။ ပုံမှန်ကုထုံးဖြစ်တဲ့ ပဋိဇီဝဆေး လေးမျိုးတွဲ ကုထုံးကို ၂ လ ပေးပြီးနောက်ပိုင်း ပဋိဇီဝဆေး နှစ်မျိုးတွဲ ကုထုံးဖြင့် အခြား ၄ လ မှ ၇ လ အထိ ဆက်လက်ကုသရပါမယ်။ ဒီရောဂါအတွက် အသုံးများတဲ့ဆေးတွေက Isoniazid (H), Rifampicin(R), Ethambutol(E), Pyrazinamide(Z) စသည့် ဆေးတွေ ဖြစ်တယ်။ ဆေးကုသပြီး အနာကျက်သွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ဒဏ်ရာအမာရွတ်များကို ပြုပြင်ခွဲစိတ်မှု ပြုလုပ်နိုင်ပါတယ်။ သို့သော ဆေးကုသမှုမစမီတွင် ခွဲစိတ်ခြင်းကို မပြုလုပ်ရဘူး။
ကာကွယ်နည်း
BCG ကာကွယ်ဆေးထိုးခြင်းသည် တီဘီရောဂါပြင်းထန်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ခံတီဘီရောဂါ (အထူးသဖြင့် အဆုတ်တီဘီ) ကို စောစီးစွာ ရှာဖွေကုသခြင်းဖြင့် Lupus Vulgaris ကိုလည်း ကာကွယ်နိုင်ပါတယ်။
အရေပြားတီဘီဖြစ်တဲ့အခါ ရောဂါကို စောစီးစွာ ရောဂါရှာဖွေပြီး အမြန်ဆုံး ဆေးကုသမှုခံယူရင် နောက်ဆက်တွဲဆိုးကျိုးတွေ လျော့နည်းသွားလေ့ရှိပါတယ်။ ဒါ့ပြင် အနာတွေဟာ အမာရွတ်မကျန်ဘဲ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။ ကုသမှု နောက်ကျရင် ဆိုးရွားတဲ့အမာရွတ်များ ကျန်ရစ်တတ်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews