Erythrasma ချိုင်းသား အနီကွက်
Erythrasma ဆိုတာ Corynebacterium minutissimum ဘက်တီးရီးယားပိုးတစ်မျိုး ကြောင့်ဖြစ်တဲ့ အနီကွက်ယားနာကို ခေါ်ပါတယ်။ Erythrasma ဟာ အရေပြားအပေါ်ဆုံးအလွှာ (stratum corneum)မှာ အဓိကဖြစ်ပွားလေ့ရှိပါတယ်။ အထူးသဖြင့်ခန္ဓာကိုယ်ချွေးထွက်များပြီး ဆန့်ကျုံ့နိုင်တဲ့ နေရာတွေမှာ(skin folds) အဖြစ်များပါတယ်။ အဆိုပါဘက်တီးရီးယားပိုးဟာ အရေပြားပေါ် ပုံမှန်နေထိုင်တတ်တဲ့ ပိုးမွှားတစ်မျိုးဖြစ်ပါပြီး ပူအိုက်ပြီး ချွေးထွက်များတဲ့ရာသီဥတုမှာ ပွားလာတတ်တယ်။ သန့်ရှင်းမှုနည်းခြင်း၊ ဆီးချိုရောဂါ၊ ကိုယ်အလေးချိန်များခြင်း နဲ့ ကိုယ်ခံအားနည်းခြင်းတို့က ရောဂါဖြစ်ပွားမှုကို အားပေးလှုံ့ဆော်တယ်။
Erythrasma ရောဂါဟာ ရောဂါရှိသူနှင့် အရေပြားချင်း တိုက်ရိုက်ထိမိခြင်း (direct contact)ကြောင့် ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူသုံးထားတဲ့အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတွေကို မျှဝေသုံးစွဲမိခြင်း (contaminated items)ကနေလည်း ကူးစက်နိုင်တယ်။ ဒီရောဂါဟာ Impetigo လောက် မကူးစက်နိုင်ပါဘူး။
ဖြစ်ပွားလေ့ရှိတဲ့ နေရာများ
· ချိုင်း (Axillae)
· ပေါင်ခြံ (Groin)
· ဆီးခုံ (Genital area)
· ရင်သားအောက် (Under the breasts)
· ဝမ်းဗိုက်ခေါက် (Abdominal folds)
လက္ခဏာရပ်များ
ကနဦးအဆင့် အရေပြားမှာ သိသာထင်ရှားတဲ့ အနီကွက်တွေ (well-defined patches) စတင်ဖြစ်ပေါ်လာတယ်။ ဒီအကွက်တွေဟာ အစပိုင်းတွင် ပန်းရောင် သို့မဟုတ် အနီရောင် ရှိပြီး၊ နောက်ပိုင်းမှာ နီညိုရောင် သို့မဟုတ် သံချေးရောင် သမ်းလာတတ်ပါတယ်။ အနီကွက်မျက်နှာပြင် အရေပြားဟာ ကြမ်းတမ်းပြီး ခြောက်သွေ့ နေတတ်တယ်။ဒါ့ပြင် မွဲခြောက်ခြောက်ဆဲလ်သေ (fine scales)တွေ ရှိနေတတ်တယ်။ တခါတရံ ယားယံတတ်လို့ မှိုပိုးဝင်တာနဲ့ မှားယွင်းတတ်တယ်။
မှိုပိုးနဲ့ ခွဲခြားဖို့ အရေပြားဆရာဝန်အများစုဟာ Wood’s lamp နည်းနဲ့ စစ်ဆေးတတ်ကြပါတယ်။ Wood’s lamp အောက်မှာ Erythrasma ဖြစ်တဲ့ နေရာမှာ တောက်ပတဲ့ ပန်းရောင်-လိမ္မော်ရောင် (coral-pink fluorescence) အဖြစ် မြင်ရပါတယ်။ ဒီပုံစံဟာ Corynebacterium minutissimum ပိုးရဲ့သီးသန့်လက္ခဏာဖြစ်လို့ အခြားမှိုရောဂါများနဲ့ ကွဲပြားစေနိုင်ပါတယ်။
ကုသနည်း
Erythrasma ဖြစ်တဲ့ဧရိယာ သေးငယ်ရင် လိမ်းဆေးနဲ့ ကုသနိုင်ပါတယ်။ Clindamycin လိမ်းဆေး သို့မဟုတ် Erythromycin လိမ်းဆေးကို ပေးရတယ်။ တခါတရံ Imidazole အုပ်စုဝင် မှိုသတ်ဆေး (Miconazole, Bifonazole, Clotrimazole)တွေကလည်း ဘက်တီးရီးယားကို နှိမ်နင်းနိုင်တာကြောင့် အသုံးဝင်ပါတယ်။ ရောဂါပွားများလာတဲ့အခါ (သို့) လိမ်းဆေးနဲ့ မသက်သာတဲ့အခါမျိုးမှာ ကုသတဲ့ဆရာဝန်ဟာ သောက်ဆေးတွေ ညွှန်ကြားနိုင်ပါတယ်။ Tetracycline အုပ်စုဝင် သောက်ဆေး (သို့မဟုတ်) Erythromycin သောက်ဆေးတွေက အဓိကအသုံးများတယ်။Erythrasma ရဲ့ လက္ခဏာရပ်တွေဟာ ခန္ဓာကိုယ် မှိုစွဲကပ်ခြင်း၊ ဆိုရီရေးစစ် နှင့် အင်ပီတိုင်ဂို တို့နှင့် ဆင်တူနေတတ်သောကြောင့် အရေပြားဆရာဝန်နဲ့ စနစ်တကျပြသပြီး မှန်ကန်တဲ့ ရောဂါရှာဖွေကုသမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။
အကြံပြုချက်
ခန္ဓာကိုယ်ကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။ ချွေးစိုတဲ့ အဝတ်အစားကို ချက်ချင်း လဲလှယ်ပါ။ ချွေးထွက်များလာလျှင် မကြာခဏ သုတ်ပေးပါ။ ချိုင်း/ပေါင်ခြံလို နေရာတွေကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောသန့်စင်ပါ။ Antibacterial soap (ဘက်တီးရီးယားသတ်ဆပ်ပြာ) တွေ အသုံးပြုပါ။ ချောင်ချောင်ချိချိရှိတဲ့ ချည်ထည်စ အဝတ်အစားမျိုး ဝတ်ဆင်ပါ။ ကိုယ်အလေးချိန် လျှော့ချပါ။ သူတပါးအသုံးအဆောင်ပစ္စည်းများ (လူသုံးကုန်ပစ္စည်းများ)ကို မျှဝေမသုံးစွဲခြင်း မပြုလုပ်ပါနဲ့။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Corynebacterium minutissimum
- Clean the affected area with antibiotic soap.
- oral antibiotics (erythromycin) and
- topical fusidic acid cream or erythromycin cream
- antibacterial solutions (clindamycin)
- miconazole cream

Write Reviews
Leave a Comment
No Comments & Reviews