Open 9:00-12:00 AM
+95 92051590

Balanitis

2 Nov, 2021 | No Comments

Balanitis

Balanitis လိင််တံအရေပြားရောင်ရမ်းခြင်း

Balanitis ဆိုတာ လိင််တံဦးခေါင်း (Glans Penis)အရေပြားရောင်ရမ်းမှုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အကယ်၍ လိင််တံအရေပြား (foreskin) ပါ ရောင်ရမ်းပါက Balanoposthitis ဟု ခေါ်ဆိုပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် လိင််တံအရေပြား ရှည်သည့် (uncircumcised) ယောက်ျားလေးတွေမှာ ပိုမိုအဖြစ်များတယ်။ ဒီရောဂါမျိုးဟာ ယာယီသာဖြစ်ပြီး ရိုးရှင်းတဲ့ ကုသမှုဖြင့် ပျောက်ကင်းနိုင်ပါတယ်။ အကယ်၍ မကုသဘဲထားရင် မကြာခဏပြန်လည်ဖြစ်ပွားတတ်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

လက္ခဏာရပ်များ

Balanitis ၏ လက္ခဏာတွေဟာ အကြောင်းရင်းပေါ် မူတည်၍ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အဖြစ်များသော လက္ခဏာတွေက လိင််တံဦးခေါင်း နီရဲပြီး ရောင်ရမ်းခြင်း၊ လိင််တံအရေပြားအတွင်း ပူစပ်ပူလောင်ခံစားရခြင်း၊ ပြည်ကဲ့သို့ အဖြူရောင် ချွဲကျိကျိအရည်များ ထွက်ခြင်း၊ ဆီးသွားစဉ် နာကျင်မှုခံစားရခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းစတဲ့ လက္ခဏာတွေခံစားရတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရောင်ရမ်းမှုကြောင့် အရေပြားသည် တင်းကျပ်သွားပြီး လိင််တံအရေပြား ကျဉ်းမြောင်းသွားခြင်း (Phimosis)မျိုး ဆက်လက်ဖြစ်ပေါ်လာနိုင်တယ်။

ဘာ့ကြောင့်ဖြစ်လဲ

၁။ ရောဂါပိုးဝင်ခြင်း (Infections)

ရောဂါပိုးဝင်ရောက်ခြင်းက အဖြစ်အများဆုံးဖြစ်ပါတယ်။ မှိုကူးစက်မှု (Candidiasis): Candida Albicans ဆိုသော မှိုမျိုးစိတ်ကြောင့် ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူ၊ ပဋိဇီဝဆေး ကြာရှည်သောက်သုံးသူများတွင် ပိုဖြစ်တတ်ပါတယ်။ အိမ်သာတက်ပြီး လက်မဆေးဘဲထားရင် မစင်ကပါလာသော ဘက်တီးရီးယားပိုးနဲ့ ထိတွေ့မိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကူးစက်မှုကြောင့်လည်း လိင်တံအရေပြားရောင်ရမ်းတတ်ပါတယ်။ လိင်တံအရေပြားရှိ ဘက်တီးရီးယားပိုးများ (Streptococcus, Staphylococcus) ပေါက်ပွားမှုများပြားလာခြင်းကြောင့် ဖြစ်နိုင်တယ်။ လိင်မှတစ်ဆင့်ကူးစက်သောရောဂါတွေ (STD) ကြောင့်လည်း ဖြစ်ကြတယ်။ ဥပမာ ဆီးပူညောင်းကျရောဂါ (Gonorrhea)၊ ကာလသားရောဂါ (Syphilis)၊ Chlamydia ပိုးနဲ့ herpes ရေယုန်ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်နိုင်သေးတယ်။

၂။ ယားယံခြင်းနှင့် ဓာတ်မတည့်ခြင်း (Irritants & Allergies)

ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခန္ဓာကိုယ်လိမ်းဆေး၊ ချောဆီလူးဆေး (Lubricants) မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကအရေပြားကို ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်။ ကွန်ဒုံးမှာပါနဲ့ ရာဘာနဲ့ ဓာတ်မတည့်ခြင်း (Latex Allergy)ကြောင့်လည်း ဖြစ်နိုင်တယ်။ 

၃။ အရေပြားရောဂါများ (Skin Conditions)

လိုင်ကန်အရေပြားရှုံ့တွခြင်း (Lichen Sclerosus)နဲ့ ယားယံတဲ့အရေပြားကွက်ထခြင်း (Lichen Planus)တို့ကြောင့် blanitis ကိုဖြစ်ပေါ်စေတယ်။ဒါ့ပြင် နှင်းခူ (Eczema)၊ ကြေးခွံနာအရေပြား (Psoriasis)ကြောင့် ယားယံတဲ့ အနီကွက်တွေကြောင့် လိင်တံအရေပြား​​ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။

၄။ ရောဂါအခံရှိခြင်း

ဆီးချိုရောဂါ (Diabetes Mellitus)သည်တွေမှာ သွေးတွင်းသကြားဓာတ်များခြင်းက မှိုနှင့် ဘက်တီးရီးယားများ ပေါက်ပွားမှုကို ဖြစ်စေပြီး Balanitis ကို ထပ်တလဲလဲ ဖြစ်စေတယ်။ခုခံအားကျဆင်းမှုရောဂါ (HIV/AIDS)ကြောင့် ခန္ဓာကိုယ်၏ ရောဂါကို တိုက်ထုတ်နိုင်စွမ်း ကျဆင်းသွားတဲ့အခါ ကူးစက်ရောဂါတွေ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

၅။ တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း (Poor Hygiene)

လိင််တံဦးခေါင်းနှင့် အရေပြားအောက်ရှိ Smegma ခေါ် တဲ့ ဆဲလ်သေများနဲ့ အဆီဂလင်းမှ ထွက်သော အရည်များ စုပုံလာပါက ဘက်တီးရီးယားနှင့် မှိုများ ပေါက်ပွားရန် အားပေးပါတယ်။

ရောဂါရှာဖွေခြင်း

အရင်ဆုံး လိင််တံအရေပြားနှင့် ပတ်ဝန်းကျင်အစိတ်အပိုင်းများကို ကြည့်ရှုစစ်ဆေးသင့်တယ်။လိုအပ်ရင် Swab Test ခေါ်တဲ့ လိင််တံဦးခေါင်းမှ အရည်ကို ဓာတ်ခွဲခန်းပို့ပြီး မှို၊ ဘက်တီးရီးယားနဲက လိင်မှတစ်ဆင့်ကူးစက်သောရောဂါပိုးများ ရှိ/မရှိ ရှာဖွေစစ်ဆေးရတယ်။ လိင်မှတစ်ဆင့်ကူးစက်သောရောဂါတွေအတွက် သွေးစစ်ပြီး အဖြေရှာသင့်တယ်။ မကြာခဏဖြစ်တတ်ရင် ဆီးချိုရှိ/မရှိနဲ့ ခုခံအားကျဆင်းမှုရှိမရှိ စစ်ဆေးသင့်တယ်။ ဓာတုပစ္စည်းမတဲ့တဲ့ရောဂါတွေမှာ Skin Patch Test ပြုလုပ်ပြီး အဖြေရှာနိုင်တယ်။

ဘယ်အချ်ိန် ဆရာဝန်နဲ့ ပြသသင့်လဲ

· လက္ခဏာများ ၃-၅ ရက်အတွင်း မသက်သာခြင်း

· လိင််တံအရေပြား ကျဉ်းမြောင်း(Phimosis)လာခြင်း ။

· ဆီးသွားရခက်ခဲခြင်း (သို့) ဆီးသွားစဉ် အလွန်အမင်း နာကျင်ခြင်း။

· လိင််တံမှ ပြည်ကဲ့သို့ အရည်များ ထွက်လာခြင်း။

· Balanitis သည် မကြာခဏပြန်လည်ဖြစ်ပွားနေခြင်း။

ကုသနည်း

ဖြစ်စေတဲ့နောက်ခံအကြောင်းရင်းကို ရှာဖွေကုသရတယ်။ မှိုပိုးကူးစက်မှုအတွက် Antifungal Creams (Clotrimazole, Miconazole) စသည့် မှိုသတ်လိမ်းဆေးတွေကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ၁-၂ ပတ်ခန့်လိမ်းပေးရပါတယ်။ ဘက်တီးရီးယားကူးစက်မှုအတွက် ပဋိဇီဝဆေး လိမ်းဆေး (သို့) သောက်ဆေးလိုပါတယ်။ဘက်တီးရီးယားအမျိုးအစားပေါ် မူတည်၍ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ တခါတရံ ယားယံမှုကို သက်သာစေဖို့ အယားပျောက်ဆေးတွေလိုတယ်။ စတီးရွိုက် လိမ်းဆေး (Hydrocortisone cream)တွေက ရောင်ရမ်းမှုနှင့် ယားယံမှုကို လျှင်မြန်စွာ သက်သာစေနိုင်ပါတယ်။ဆီးချိုရောဂါကြောင့် ဖြစ်ရင် ဆီးချိုကို ထိထိရောက်ရောက် ထိန်းချုပ်သင့်တယ်။  Balanitis ဟာ ထပ်ကာထပ်ကာ ပြန်ဖြစ်နေပြီး၊ လိင််တံအရေပြား ကျဉ်းမြောင်းသွားသည့် (Phimosis) အခြေအနေမျိုးမှာ လိင််တံအရေပြား ဖြတ်တောက်ခြင်း (Circumcision)ကို ပြုလုပ်ဖို့ အကြံပေးရတယ်။ 

အကြံပြုချက်

၁။ လိင််တံကို နေ့စဉ် ရေနွေးနွေးလေးနှင့် ဆေးကြောပါ။ ဆပ်ပြာ (သို့) ဓာတုပစ္စည်းမပါဝင်တဲ့ဆပ်ပြာကို တတ်နိုင်သမျှ သုံးစွဲပါ။

၂။ လိင််တံအရေပြားအောက်တွင် ဆဲလ်သေများနှင့် ဘက်တီးရီးယားများ မပေါက်ပွားစေရန် လိင််တံဦးခေါင်းနှင့် အရေပြားအောက်ကို သေချာစွာ သန့်ရှင်းပါ။ ဆေးပြီးတိုင်း ခြောက်သွေ့အောင်သုတ်ပါ။

၃။ ဓာတ်မတည့်မှုဖြစ်စေသော ပစ္စည်းများကို သတိထားရှောင်ကြဉ်ပါ။ မိမိနှင့် မတည့်သော လိမ်းဆေး၊ ချောဆီတွေကို ဖြစ်နိုင်လျှင် မသုံးစွဲပါနဲ့။

၄။ အတူနေစဉ် ကွန်ဒုံးသုံးစွဲပါ။ လိင်ဆက်ဆံစဉ် ကွန်ဒုံးသုံးစွဲခြင်းကြောင့် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများမှ ကာကွယ်နိုင်တယ်။ Latex ရာဘာနဲ့ ဓာတ်မတည့်ရင် latex မပါတ​ေ​ြ့ ကွန်ဒုံးများကို ရွေးချယ်သုံးစွဲပါ။

၅။ သက်တောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံတွေကို ဝတ်ဆင်ပါ။

Balanitis ကို မကုသဘဲထားပါက နာတာရှည်ရောဂါအခြေအနေထိ ရောက်ရှိနိုင်ပါတယ်။ဒါ့ကြောင့် ရောဂါလက္ခဏာတွေ စတင်တွေ့ရှိပါက မပေါ့ဆဘဲ သင့်တော်တဲ့ ကုသမှုခံယူရန် အရေးကြီးတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews