Open 9:00-12:00 AM
+95 92051590

Onychogryphosis

6 Nov, 2021 | No Comments

Onychogryphosis

Onychogryphosis ခြေသည်း ပုံပျက်ခြင်း

Onychogryphosis ဆိုတာ လက်သည်း (သို့မဟုတ်) ခြေသည်းဟာ ပုံသဏ္ဍာန်ပျက်ယွင်းပြီး သိုးချိုသွားပမာ မာကြော ကွေးကောက်သွားတဲ့ ခြေသည်းပြဿနာတခု ဖြစ်ပါတယ်။ အရပ်စကားနဲ့  ပြောရရင် သိုးထီးရဲ့ ဦးချိုလို အပေါ်ကို ကောက်ကွေးနေလို့ သိုးချိုခြေသည်း (ram’s horn nail) လို့ ခေါ်ကြပါတယ်။

သိုးချိုခြေသည်းဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ခြေသည်းကို ကြာရှည်စွာ ဂရုမစိုက်ဘဲ ထားမိခြင်းပါပဲ။အသက်ကြီးသူတွေမှာ အဖြစ်များတယ်။ ခြေချောင်းကို ထပ်ကာထပ်ကာ ထိခိုက်မိခြင်း (ဥပမာ – ကျပ်တဲ့ဖိနပ်စီးခြင်း)ကြောင့် ဖြစ်နိုင်တယ်။ နာတာရှည်မှိုပိုးစွဲခြင်း (Onychomycosis)ဟာ ခြေသည်းပျက်စီးရဲ့ အဓိက တရားခံဖြစ်နိုင်တယ်။ ခြေထောက်သွေးကြောပိတ်ဆို့ခြင်း၊ မျိုးရိုးဗီဇရှိခြင်း ၊ဆိုရီရေးစစ် (Psoriasis)နဲ့ ခြေသည်းနာတာရှည်ရောင်ရမ်းမှုတွေက ခြေသည်းလက်သည်းပျက်စီးအောင် လှုံ့ဆော်ပေးတဲ့ အကြောင်းရာတွေဖြစ်တယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောထိခိုက်ခြင်း (Diabetic Neuropathy)ကြောင့်လည်း ခြေသည်း၊လက်သည်း ပုံပျက်နိုင်တယ်။ 

သိုးချိုခြေသည်း (Onychogryphosis)ပြဿနာဖြစ်တဲ့အခါ ခြေသည်းက အလွန်အမင်းထူထဲလာတယ်။ အရောင်ပြောင်းလဲလာတယ်။ အဝါ၊ အညို၊ မီးခိုးရောင် သန်းလာတယ်။ ပုံသဏ္ဍာန်ပျက်ယွင်းတဲ့အခါ သိုးချိုကဲ့သို့ ကွေးကောက်သွားတယ်။ ဒီလိုခြေသည်းမျိုးဟာ မာကြောပြီး ညှပ်ရခက်တယ်။ ခြေသည်းပုံပျက်တဲ့အခါ နောက်ဆက်တွဲပြဿနာတွေ တသီကြီးဖြစ်ပေါ်လာနိုင်တယ်။ နာကျင်မှုကြောင့် ဖိနပ်စီးရခက်တာ၊လမ်းလျှောက်ရခက်တာဖြစ်နိုင်တယ်။ ခြေသည်း အနီးအနားက အရေပြားကို ထိခိုက်မိနိုင်တယ်။ ခြေသည်းက ကြည့်ရဆိုးလို့ လူရှေ့သူရှေ့ ခြေထောက်ပြရမှာ ရှက်ကြောက်လာပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားရတတ်တယ်။

ကုသနည်း

ကုသတဲ့အခါ ဆရာဝန်က ခြေသည်းရဲ့ ထူထဲသော အပိုင်းတွေကို အထူးကိရိယာနဲ့ ညှပ်ပြီး ရှင်းလင်းပေးတာ (Debridement) လုပ်နိုင်တယ်။ ပုံမှန် ၃-၆ လတစ်ကြိမ် ပြန်ညှပ်ပေးဖို့ လိုအပ်တယ်။ တခါတရံ ခြေသည်းတစ်ခုလုံးကို လှီးထုတ်ဖြတ်တောက်ခြင်း (Onychectomy)မျိုး လုပ်ရတတ်တယ်။ ခြေသည်းအရင်း (Nail Matrix) ကို ဓာတုဆေး (သို့) လေဆာသုံးပြီး Matrixectomy ဖျက်ဆီးပစ်ခြင်းမျိုး ပြုလုပ်ရနိုင်တယ်။ လိုအပ်ရင် ခြေသည်းအသစ်ထာဝရ ပြန်မပေါက်အောင် ပြုလုပ်ရတယ်။ မှိုကြောင့်ဖြစ်ရင် ခြေသည်းမှိုရောဂါအတွက် သောက်ဆေး၊ လိမ်းဆေးလိုနိုင်တယ်။ ခြေသည်းကုသမှုရဲ့ ရည်ရွယ်ချက်က နာကျင်မှုကိုသက်သာစေဖို့နဲ့ ရောဂါပိုးမဝင်အောင် ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

အကြံပြုချက်

ခြေသည်းကို ပုံမှန်ညှပ်ပါ။ သက်တောင့်သက်သာရှိတဲ့ ဖိနပ် ပြောင်းစီးပါ။ခြေထောက်ကို နေ့စဉ်သန့်စင်ဆေးကြောပါ။ ခြေသည်းအစိုဓာတ်ထိန်းဆေး Urea cream တွေ ပုံမှန်လိမ်းပေးသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews