Open 9:00-12:00 AM
+95 92051590

Pityrosporum folliculitis

13 Nov, 2021 | No Comments

Pityrosporum folliculitis

Pityrosporum folliculitis မွေးညှင်းပေါက် မှိုဝက်ခြံ

Pityrosporum Folliculitis ဆိုတာ မွေးညှင်းပေါက် (hair follicles)ထဲကို မှိုပိုး ဝင်ရောက်ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကျောပြင်၊ လက်မောင်း၊ ရင်ဘတ်၊ မျက်နှာစတဲ့နေရာတွေမှာ အဖြစ်များတယ်။ Malassezia လို့ခေါ်တဲ့ မှိုအမျိုးအစားကြောင့် အဓိကဖြစ်ပြီး ဒီမှိုပိုးဟာ လူ့အရေပြားပေါ်မှာ ပုံမှန်နေထိုင်နေတတ်ပါတယ်။ မှိုပိုးဟာ ပုံမှန်ထက်ပိုပြီး ပွားများလာရင် ရောင်ရမ်းပြီး ဝက်ခြံနဲ့ တူတဲ့ အနာလေးတွေ ထွက်လာတတ်တယ်။

Malassezia မှိုဟာ ချွေးထွက်များခြင်း၊ အဆီထွက်များခြင်း နဲ့ စိုထိုင်းသော ရာသီဥတု တို့ကြောင့် အလွန်အမင်း ပွားများတတ်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းနေသူတွေ (ဥပမာ – ဆီးချိုရောဂါ၊ HIV/AIDS၊ ကင်ဆာရောဂါ) မှာ ပိုဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးများ (Antibiotics) ကြာရှည်သောက်သုံးခြင်းကြောင့် မှိုပိုးတွေ ထပ်မံပွားများလာတဲ့အခါ ဖြစ်နိုင်ပါတယ်။ တခါတရံ စတီးရွိုက်ဆေး (Corticosteroids) သောက်သုံးခြင်းကြောင့် ကိုယ်ခံအားစနစ်ကို ဆိုးရွားစွာကျဆင်းစေပြီး မှိုပိုးတွေ ရုတ်တရက် ပွားများနိုင်တယ်။ အပူနှင့် ချွေးထွက်များတဲ့ အလုပ်ကိုင်တွေကြောင့်လည်း ဖြစ်တတ်တယ်။ 

Pityrosporum Folliculitis ရဲ့ လက္ခဏာတွေက ပုံမှန်ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံနဲ့ ဆင်တူပါတယ်။ အရေပြားမျက်နှာပြင်နဲ့ တစ်ပြေးညီဖြစ်သော အနီရောင် (သို့) ပန်းရောင်ရှိ တဲ့ ပြည်ဖုသေးသေးလေးတွေ အဖြစ် ပေါ်တတ်ပါတယ်။ ချွေးထွက်များတဲ့ ရင်ဘတ်၊ ကျောပြင်၊ လည်ပင်း၊ ပခုံး၊ လက်မောင်းအပေါ်ပိုင်း တို့မှာ အဓိက ပေါ်လေ့ရှိပါတယ်။ မှိုပိုးကြောင့် ယားယံခြင်း က အဓိက ခံစားရတယ်။ ချွေးထွက်တဲ့အခါ စပ်ဖျဉ်းဖျဉ်း ခံစားရနိုင်တယ်။ သာမန်ဝက်ခြံနှင့် ကွဲပြားချက်က ဒီပြည်ဖုလေးတွေဟာ အဆံမပါဘဲ ယားယံတဲ့ ပြည်ဖုလေးတွေ ဖြစ်ပေါ်လာတာပါ။

ကုသနည်း

ဒီရောဂါဟာ မှိုကြောင့်ဖြစ်လို့ သာမန်ဝက်ခြံမှာသုံးတဲ့ ပဋိဇီဝဆေး (Antibiotics) တွေနဲ့ မပျောက်ကင်းနိုင်ပါဘူး။ တခါတရံ ပဋိဇီဝဆေးတွေကြောင့် ရောဂါပိုဆိုးသွားနိုင်ပါတယ်။လိမ်းဆေးများတွေထဲမှာ Ketoconazole, Clotrimazole, Miconazole, Selenium sulfide စတဲ့ မှိုသတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုနိုင်တယ်။  လိမ်းဆေးထဲမှာ Creams၊Lotions၊ Gels စတဲ့ပုံစံတွေ အသုံးများတယ်။ လိမ်းဆေးနဲ့ မသက်သာရင် Itraconazole နဲ့ Fluconazole လို သောက်ဆေးတွေ ပေးလေ့ရှိပါတယ်။ ဒီမှိုပိုးကုတဲ့အခါ ခေါင်းလျှော်ရည်တွေ (Shampoos)လည်း အသုံးဝင်တယ်။ Ketoconazole သို့မဟုတ် Selenium sulfide ပါတဲ့ ခေါင်းလျှော်ရည်ကို ခန္ဓာကိုယ်ပေါ်မှာ ၅-၁၀ မိနစ်ခန့် ထားပြီး ရေနဲ့ ပြန်လည်ဆေးကြောပါ။ shampoo ကြောင့် မှိုပိုပျံ့နှံ့မှုကို တားဆီးနိုင်တယ်။

အကြံပြုချက်

လေ့ကျင့်ခန်းလုပ်တဲ့အခါ အပြင်ကပြန်လာတဲ့အခါ ချွေးကို ပြောင်အောင်သုတ်ပါ။ ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းတဲ့ ချည်သားစ အဝတ်အစားများ ဝတ်ဆင်ပါ။ အရေပြားကို တတ်နိုင်သမျှ သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ဆီကြော်စာတွေ လျှော့စားပါ။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews