ဆေးကြောင့်ဖြစ်တဲ့ အရေပြားအမဲကွက်များ
Fixed Drug Eruption (FDE) ဆိုတာ ဆေးဝါးတစ်မျိုးမျိုး (သို့) ဓာတ်ပစ္စည်းတစ်မျိုးမျိုးကြောင့် အရေပြားဓာတ်မတဲ့ရာက ဖြစ်ပေါ်လာတဲ့ အနီကွက်၊ အမဲကွက်၊ အရည်ကြည်ဖုထတဲ့ အကွက်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဆေးခန်းရောက်လာတဲ့အခါမျိုးမှာ အမဲကွက် ပုံစံတွေအနေနဲ့ တွေ့ရတတ်တယ်။ FDE (ဆေးဝါးအမဲကွက်)တွေကို အသားမဲတဲ့သူတွေမှာ အဓိက တွေ့ရတယ်။ မြန်မာလူမျိုးတွေ မကြာခဏတွေ့ရတယ်။ စဖြစ်ခါစမှာ အနီရင့်ရောင်အကွက်မဲအဖြစ်တွေ့ရတယ်။ အမဲကွက်ရဲ့ အလယ်မှာ အရည်ကြည်ဖုရှိတတ်တယ်။
FDE အမဲကွက်ဟာ အဆင့် (၄) ဓာတ်မတဲ့ခြင်း (type IV hypersensitivity reaction) ကြောင့် အဓိကဖြစ်တယ်။ ဆေးတွေကြောင့် အရေပြားခုခံအားဆဲလ် (T cells) တွေက ဓာတ်တုံ့ပြန်မှုဖြစ်စေပြီး အရေပြားမှာ တိုက်ခိုက်ရာက အကွက်တွေ ဖြစ်လာတယ်။ အရေပြားအောက်လွှာထိခိုက်နိုင်လို့ ကုရခက်တယ်။ဒီလိုဓာတ်မတဲ့တာမျိုးဟာ ချက်ချင်းမဖြစ်လို့ လူနာက ရက်အနည်းငယ်ကြာမှသတိပြုမိတတ်ကြတယ်။ ဓာတ်မတဲ့မှုဟာ ၂ရက်ကနေ တစ်ပတ်အတွင်းဖြစ်တတ်တယ်။ ဒါကို delayed type hypersensitivity ခေါ်ပါတယ်။ ဥပမာ အစားအသောက်ကြောင့်ဖြစ်ရင် ၆-၈နာရီအတွင်းဖြစ်ကြတာမို့ ချက်ချင်းသိနိုင်ပေမယ့် ဒီရောဂါမှာတော့ လူနာက ဘာ့ကြောင့်ဖြစ်မှန်းတန်းမသိနိုင်ဘူး။ သူသောက်ခဲ့တဲ့ ဆေးဝါး၊ကာကွယ်ဆေးတွေနဲ့ ဆက်စပ်နိုင်တယ်လို့ မှန်းဆမိဖို့ မလွယ်ကူဘူး။တချို့က အကောင်ကိုက်တာနဲ့ မှားယွင်းတတ်တယ်။
အဖြစ်များတဲ့ဆေးတွေက ပဋိဇီဝဆေး (Antibiotics) တွေဖြစ်ကြပါတယ်။ ဥပမာ -ပန်နီဆီလင်၊ Bactracin နဲ့ ဆာလဖာပိုးသတ်ဆေး (septrim) တွေကြောင့်ဖြစ်တယ်။ အကိုက်အခဲပျောက်ဆေး (NSAIDs) တွေထဲမှာ Ibuprofen နဲ့ Aspirin လိုဆေးတွေသောက်ပြီးဖြစ်နိုင်တယ်။ အတက်ပျောက်ဆေး (Carbamazepine၊ phenytoin) တွေကြောင့် ဖြစ်တတ်တယ်။ ဆေးခန်းမှာ အတွေ့များဆုံးက ကာကွယ်ဆေးတွေ ထိုးပြီးဖြစ်ကြတာ တွေ့ရတယ်။ ပိုးသတ်ဆေး (သို့) ကာကွယ်ဆေးထိုးပြီး ၄၈နာရီအတွင်းဖြစ်လေ့ရှိတယ်။ တချို့က ၁ပတ်ကြာမှဖြစ်တာလည်းရှိပါတယ်။
သီအိုရီအရ ဆေးဝါးနဲ့ ကာကွယ်ဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ ပြိုကွဲတဲ့အခါ hapten ဆိုတဲ့ သေးငယ်တဲ့မော်လီကျူးအဖြစ် ပြောင်းလဲနိုင်တယ်။ ဒီမော်လီကျူးက ပုံမှန်အားဖြင့် လူကို ဒုက္ခမပေးနိုင်ပေမယ့် အရေပြားမှာရှိတဲ့ ပရိုတင်းတမျိုးမျိုးနဲ့ပေါင်းစပ်တဲ့အခါ ရှုပ်ထွေးတဲ့ခုခံအားပုံစံကွဲ (immune complex)အဖြစ် ပြောင်းလဲပြီး အရေပြားကို ပျက်စီးစေတယ်။ ပျက်စီးသွားတဲ့အရေပြားဟာ အကွက်ငယ်တွေဖြစ်ပေါ်လာပြီး အမဲကွက်၊ အနီကွက်တွေအဖြစ် လက္ခဏာပြသတယ်။ ခုခံအားပုံစံကွဲတွေကြောင့် TNF ထွက်လာတဲ့အခါ အရည်ကြည်ဖုထလာတတ်တယ်။ ဒီ ရောဂါမှာ T cells ခုခံအားတိုက်ခိုက်မှုကြောင့်ဖြစ်လာတာမို့ ပျက်စီးမှုကို လျှော့ချဖို့ အရောင်ကျဆေးတွေ ပေးဖို့ လိုပါတယ်။
ဒီအရေပြားရောဂါဖြစ်ရင် အနီကွက် (သို့) အညိုကွက်တွေ တစ်နေရာတည်းမှာ ထပ်ခါထပ်ခါပေါ်လေ့ရှိပါတယ်။ နှုတ်ခမ်း၊ လက်၊ ခြေထောက်၊ တင်ပါး၊ လိင်အင်္ဂါစတဲ့နေရာတွေမှာ အတွေ့များတယ်။ ယေဘုယျအားဖြင့် ယားယံခြင်း၊ နာကျင်မှုမရှိတတ်ဘူး။ ဒါပေမယ့် အရည်ကြည်ဖုတွေထွက်ရင် နာနိုင်ပါတယ်။ ဆေးပြန်သောက်တဲ့အခါတိုင်း ပြန်ပေါ်နိုင်တယ်။ ဒါမှမဟုတ်အလားတူဆေးကို ပြန်သောက်မိရင် အရင်နေရာမှာပဲ ပြန်ထွက်လာတတ်တယ်။
ကုသနည်း
ရောဂါအကြောင်းရင်းကို အရင်ဆုံးရှာရတယ်။ အရေပြားဓာတ်မတဲ့တာဖြစ်စေတဲ့ ဆေးကို အရင်ရပ်လိုက်ပါ။ ခုခံအားတုံ့ပြန်မှုနဲ့ အရေပြားရောင်ရမ်းမှုကျဆင်းအောင် စတီးရွိုက်လိမ်းဆေးတမျိုးမျိုးလိမ်းရတယ်။ Hydrocortisone cream တွေလိမ်းလို့ရတယ်။ခန္ဓာကိုယ်မှာဖြစ်ရင် ပိုပြင်းတဲ့ အရောင်ကျဆေးတွေ ရွေးချယ်ရတယ်။ တချို့လူနာတွေမှာ ယားယံတာနဲ့ တွဲဖြစ်တတ်တယ်။ ဒီလိုဖြစ်ရင် အယားပျောက်ဆေး (Antihistamines) သောက်ရတယ်။ ဒီရောဂါမှာ အယားပျောက်လိမ်းဆေးတွေက သိပ်အကျိုးမရှိတာတွေ့ရတယ်။ လိုအပ်ရင် methotrexate၊ tacrolimus လို ဆေးတွေလိုအပ်တတ်တယ်။ ဒီဆေးတွေကို နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ကသာ အသုံးပြုသင့်တယ်။
FDE အကွက်တွေဟာ အသက်အန္တရာယ်မရှိပေမယ့် ဆေးထပ်သောက်မိရင် ရောဂါပြင်းထန်နိုင်တယ်။ ဒါ့ကြောင့် မသေချာရင် နီးစပ်ရာဆရာဝန် (သို့) အရေပြားအထူးကုနှင့် တိုင်ပင်ကုသသင့်တယ်။ ကာကွယ်ဆေးကြောင့်ဖြစ်ရင်တော့ ဒုတိယအကြိမ်ဆေးထိုးတဲ့အခါ သတိပြုသင့်တယ်။ ဆေးထိုးပေးမယ့် ဆရာဝန်ကို အသိပေးသင့်တယ်။
ဒေါက်တာအေးမင်းထူး

Write Reviews
Leave a Comment
No Comments & Reviews