Open 9:00-12:00 AM
+95 92051590

Lichen amyloidosis

24 Dec, 2021 | No Comments

Lichen amyloidosis

Lichen Amyloidosis (အမိုင်းလွိုက် အဖုအပိန့်ထွက်ခြင်း)ဆိုတာ အရေပြားအောက် အမိုင်းလွိုက်ဓာတ် စုပုံခြင်းကြောင့် ဖြစ်လာတဲ့ အဖုအပိန့်မျိုးကို ခေါ်တာဖြစ်တယ်။ အရေပြားလွှာအတွင်းပိုင်း ပြောင်းလဲမှုဖြစ်လို့ Cutaneous Amyloidosis လို့လည်း ခေါ်ကြတယ်။ localized နေရာတစ်ခုထဲ ကွက်ဖြစ်လို့ localized amyloidosis လို့လည်း ဆေးပညာမှာ သုံးနှုန်းကြတယ်။ ခြေလက်တွေမှာ အဖြစ်များပြီး အလွန်ယားယံတတ်ပါတယ်။ ကုတ်ဖဲ့တာကြာလာတာနဲ့အမျှ ဖြစ်တဲ့နေရာအရေပြားအရောင်ပြောင်းလဲလာပါတယ်။ 

ဘာ့ကြောင့်ဖြစ်လဲ

ကုတ်ခြစ်ထားတဲ့နေရာတွေမှာ ပွတ်တိုက်မှုကြောင့်အရေပြားအတွင်းပိုင်း ပုံစံပြောင်းပြီး မူမမှန်တဲ့ amyloid ပရိုတင်းတွေ စုပုံလာတယ်။ ခြေ၊လက်မောင်း၊ ကျောပြင်စတဲ့ နေရာတွေမှာ အဖြစ်များပြီး ညို့သကျီး နေရာတွေက အဖြစ်များဆုံးဖြစ်တယ်။ အဖုတွေက စမ်းသပ်ကြည့်ရင် မာမာခဲခဲဖြစ်နေတတ်ပါတယ်။ အလွန်ယားယံတာကြောင့် မကြာခဏ ကုတ်ဖဲ့ရတယ်။ ကုတ်တာ ကြာလာတဲ့အခါ အရေပြားထူထပ်လာပြီး အဖုအပိန့်တွေက အညိုရောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပါတယ်။ ကြာလာတဲ့အခါ ခြေထောက်အောက်ပိုင်းတစ်ခုလုံး မညီညာတော့ဘဲ လှိုင်းတွန့်ပုံစံအဖုအပိန့်တွေ ဖြစ်လာတယ်။ ကုတ်တာကြာလာရင် ပိုးဝင်တာထိ ဖြစ်တတ်တယ်။ 

အရေပြားမှာဖြစ်တဲ့ amyloidosis ရောဂါထဲမှာ lichen amyloidosis, macular amyloidosis နဲ့ nodular amyloidosis ဆိုပြီးသုံးမျိုးရှိတယ်။ macular amyloidosis က လေးဆယ်တန်းအရွယ်၊ lichen amyloidosis က အသက်ငါးဆယ်တန်းအရွယ်နဲ့ nodular amyloidosisကတော့ ခြောက်ဆယ်တန်းအရွယ်တွေမှာ ပိုတွေ့ရတယ်။ ဒီထဲမှာ macular amyloidosis က သက်လတ်အရွယ် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။

Lichen Amyloidosis အရေပြားရောဂါဟာ သက်ကြီးအမျိုးသားတွေမှာ အဖြစ်များပြီး အသက် ၅၀-၆၀ တန်းတွေမှာ ပိုတွေ့ရတယ်။ မျိုးရိုးရှိရင် မိသားစုဝင်ထဲမှာ ဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်။ အသားညိုတဲ့ အာရှနဲ့ အရှေ့အလယိပိုင်း လူမျိုးတွေမှာ ပိုတွေ့ရတယ်။ Lichen Amyloidosis ရောဂါရှာဖွေဖို့ ဆရာဝန်များတွေနဲ့ အရေပြားကို သေချာစွာစစ်ဆေးဖို့ လိုတယ်။ skin biopsy အသားစယူပြီး အရေပြားရှိ Amyloid ပါဝင်မှုကို  စနစ်တကျစစ်ဆေးနိုင်တယ်။

ကုသနည်း

အရေပြားရောင်ရမ်းမှု လျှော့ကျစေဖို့ steroid လိမ်းဆေး၊သောက်ဆေး တွေ လိုတတ်တယ်။Antihistamine အယားပျောက်ဆေးတွေက ယားယံတာကို သက်သာစေတယ်။ doxepin 3-6mg သောက်ဆေးတွေကို ညပိုင်းယားယံတဲ့အခါ အသုံးပြုနိုင်တယ်။ Dimethyl sulfoxide (DMSO 10%)နဲ့ menthol 2%က ယားယံတဲ့အရေပြားရောဂါတွေမှာ သုံးကြတယ်။အရေပြားကို ပိုမိုနူးညံ့စေဖို့ Moisturizers လိမ်းဆေးတွေ အသုံးပြုနိုင်တယ်။ အရေခွံထူရင် retinoid လိမ်းဆေး၊သောက်ဆေးတွေ အသုံးပြုနိုင်တယ်။ keralolytic လိမ်းဆေးတွေဖြစ်တဲ့ urea, salicylic acid နဲ့ lactic acid တွေကလည်း အကျိုးရှိပါတယ်။ lichenified အရေပြားရောဂါအတွက် ခရမ်းလွန်ရောင်ခြည် အလင်းကုထုံးတွေက အသုံးဝင်တယ်။ ရောဂါမသက်သာရင် cyclosporin, cyclophosphamide နဲ့ dupilumab လိုဆေးတွေ သုံးဖို့လိုအပ်တတ်ပါတယ်။

ကာကွယ်ခြင်း

အသားခြောက်သွေ့မှုက ယားယံခြင်းကို ပိုဆိုးစေလို့ အစိုဓာတ်လိမ်းဆေးတွေ အမြဲလိမ်းပေးဖို့ လိုပါတယ်။ ဆေးလိမ်းပြီး အဝတ်စတစ်ခုခုနဲ့ အုပ်ပေးထားသင့်တယ်။ ဒါ့ပြင် သား၊ငါး၊ပုဇွန်စတာတွေက ယားယံခြင်းကို ပိုဆိုးစေလို့ အထူးသတိပြုသင့်တယ်။ ဆား၊ သကြား၊အဆီအဆိမ့် စတာတွေ လျှော့စားသင့်တယ်။ ဆီးချိုရောဂါသည်တွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ကြိုးစားသင့်တယ်။

Write Reviews

Leave a Comment

No Comments & Reviews