Open 9:00-12:00 AM
+95 92051590

Vitiligo

31 Oct, 2021 | No Comments

Vitiligo

Vitiligo ခရုသင်းစွဲခြင်း

ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligoလို့ သုံးပါတယ်။ အသံထွက်ရင် “ဗစ်တယ်လိုက်ဂို” လို့ ထွက်ရတယ်။ လက်တင်စကားမှာ  “vitium” ဆိုတာ အကွက်၊အမှက်လို့ အဓိပ္ပါယ်ရတယ်။ “ligo”ဆိုတာ နောက်ဆက်စကားဖြစ်ပြီး “ပေါင်းစည်းခြင်း၊အကြောင်းရင်း”တဲ့။ စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူပေါင်း ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။ ဒီတော့ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေတယ်။ မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ အခွင့်အလန်း ၅-၁၀ရာခိုင်နှုန်း ရှိတယ်။ ဒါ့ကြောင့် မျိုးရိုးလိုက်တယ်လို့ ယူဆနိုင်တယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုအတွေ့များရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားနေတတ်တယ်။ နာမည်ကျော်တွေထဲက မိုက်ကယ် ဂျက်ဆင်၊ ဒေါ့ဂ် ဟမ်မာ၊ ဂျိုး ရိုဂမ်နဲ့ ဟိုလီ မယ်ရီကွန်းတို့မှာ ဒီရောဂါရှိနေတာ တွေ့ရပါတယ်။ ခရုသင်းက ရောဂါဆိုတာထက် စိတ်ညစ်စရာ အရေပြားလို့ပြောရင် ပိုမှန်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်နေလို့ပါ။


ခရုသင်း၊သမင်ဖြူကွက်တွေ ဘာ့ကြောင့် ဖြစ်လာရလဲ

ခရုသင်း အဖြူကွက်ဖြစ်စေတာက melaninခေါ်တဲ့ အမည်းရောင်ခြယ်ပစ္စည်း ချို့တဲ့နေလို့ပါ။ အရေပြားတထောက်စာမှာ အသားအရောင် ပြောင်းလဲမှုဟာ melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတမျိုးနဲ့ ဆိုင်တာများတယ်။ မယ်လနင်ဓာတ်ကို အမိုင်နိုအက်ဆစ် (tyrosine)ကနေ ရရှိပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ အရေပြားကို ကာကွယ်ဖို့ melaninခေါ်တဲ့ အမည်းရောင်ခြယ်ကို ရောင်ခြည်အရေပြားဆဲလ်(melanocytes)က ထုတ်ပေးရပါတယ်။ ဘာ့ကြောင့်လဲ။ နေရောင်မှာ ပါဝင်တဲ့ ပြင်းထန် ဓာတ်ရောင်ခြည်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေကို အမည်းရောင် မယ်လနင်(melanin)ဓာတ်က ကာကွယ်ပေးနိုင်လို့ပါ။

ခရုသင်းခေါ်တဲ့ အရေပြားရောဂါမှာတော့ မယ်လနင်အမည်းဓာတ် (melanin) ချို့တဲ့တာ၊ ပျက်ဆီးတာမျိုးဖြစ်ပြီး အရေပြားမှာ အရောင်မခြယ်နိုင်တော့တာပါ။  ဘာကြောင့် ခရုသင်းဖြစ်ရလဲဆိုတဲ့  နောက်ကွယ်အကြောင်းခံကို ခုချိန်ထိ ဘယ်သူမှ ရေရောရာရာ မသိရသေးပါဘူး။ ဖြစ်နိုင်တဲ့သီအိုရီတွေများစွာ ရှိတယ်။ ခုခံအားချင်း ပြန်တိုက်ခိုက်တဲ့ ရောဂါ (autoimmune disease)ကြောင့် ခုခံအားဆဲလ် (T-lymphocyte) တွေက အချင်းချင်း ဖျက်ဆီးမိလို့ ဖြစ်နိုင်တယ်။ ဒါ့အပြင် genetic ခေါ်တဲ့ မျိုးရိုးနဲ့ ဆက်စပ်တာတွေကို တွေ့ရတယ်။ စိတ်ဖိစီးမှု၊ ဗိုင်းရပ်စ်ကြောင့်လည်း ပိုဖြစ်စေနိုင်တယ် ယူဆကြပြန်တယ်။ ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ phenol ဓာတ်နဲ့ သက်ဆိုင်တယ်ဆိုတဲ့ သုသေတနစာတမ်းတွေလည်း ဖတ်ရတယ်။ အစားအသောက်ကြောင့် ပိုဖြစ်တယ်လို့တော့ မတွေ့ရသေးဘူး။ သို့သော် ရံဖန်ရံခါ အသားမစားသူတွေမှာ အဖြူကွက်ငယ်လေးတွေ မကြာခဏတွေ့ရတတ်တယ်။ ဒီလိုလူနာတွေကတော့ နောက်ပိုင်း ပြန်ပျောက်သွားတာ များပါတယ်။ 


ခရုသင်း လက္ခဏာရပ်များ

ဖြစ်စမှာ အဖြူကွက်သေးသေးလေးတွေ စတင်ပေါ်ပေါက်လာတယ်။ လူနာအများစုမှာ ပေါ်မှန်းမသိ ပေါ်ပေါက်လာတတ်တယ်။ အများစုဟာ ယားတာ၊ နာတာမျိုးမရှိတတ်ဘူး။ ဖြစ်စမှာ ယားတာမျိုးတော့ တချို့ ရှိနိုင်တယ်။ အကွက်ငယ်ကနေ အကွက်ကြီးထိ အမျိုးမျိုး ဖြစ်နိုင်တယ်။ နေရာကွက်ပြီး ဖြစ်နိုင်သလို တကိုယ်လုံးနေရာအနှံ့ဖြစ်တာလည်း ရှိတယ်။ ခရုသင်းအကွက်တွေရဲ့အနားသတ်က မညီမညာဖြစ်နေကြမယ်။ အရောင်ရင့်တာ(သို့)အရောင်ဖျော့တာ နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ အဖြူကွက်မို့ အသားမည်းသူတွေမှာ ပိုသိသာတယ်။ တခြားအရေပြားရောဂါတွေနဲ့ မှားနိုင်တယ်။ ဖြစ်ပွားသူရဲ့ ၉၅ရာခိုင်နှုန်းဟာ အသက် ၄၀မတိုင်မှီ စဖြစ်ကြတယ်။ ပုံမှန်အားဖြင့် အသက်အရွယ် (၁၀-၃၀)နှစ် အတွင်း စဖြစ်လေ့ရှိတယ်။

အမျိုးအစား (၃)မျိုး

ခရုသင်းကွက် ဖြစ်တဲ့ပုံစံပေါ်မူတည်ပြီး အမျိုးအစား သုံးမျိုးခွဲထားတယ်။ ဒီအမျိုးအစားတွေ နားလည်ပြီးမှ ပျောက်ကင်းနှုန်းကို တွက်ချက်နိုင်တယ်။

၁။ focal vitiligo ဆိုတာ နေရာကွက်ပြီး ဖြစ်တဲ့ ခရုသင်းအမျိုးအစားဖြစ်တယ်။ ဒီအမျိုးအစားက ပျောက်ဖို့လွယ်တယ်။ ကလေးတွေမှာ အတွေ့ရများတယ်။ တချို့ကလေးတွေမှာ လုံးဝအရှင်းပြန်ပျောက်သွားတာမျိုး တွေ့ဖူးတယ်။ 

၂။ segmental vitiligo ဆိုတာ ခန္ဓာကိုယ်တခြမ်းထဲမှာသာ ဖြစ်တယ်။ အာရုံကြော အဖွဲ့အစည်း dorsal rootမှာ ဖြစ်လို့ ကျောရိုးမရဲ့ တဖက်တည်းမှာ ကွက်ပြီးဖြစ်ကြတယ်။ ဒီအမျိုးအစားက ပျံ့နှံဖို့လွယ်တယ်။ လိမ်းဆေးနဲ့ကုတဲ့အခါ ပျောက်ဖို့လည်း ပိုလွယ်တယ်။

၃။ generalised vitiligo ဆိုတာ နေရာအနှံ့တွေ့နိုင်တဲ့ ခရုသင်းကွက်တွေကို ခေါ်တယ်။ အဖြစ်လည်း များတယ်။ အကယ်၍ အဖြူကွက်တွေက ခန္ဓာကိုယ် တပြင်လုံး နေရာလပ်မကျန်ဖြစ်ရင် vitiligo universalis လို့ ခေါ်ပါမယ်။ အရှင်လတ်လတ် လူဖြူဘဝပြောင်းသွားသူပေါ့။ သိစေချင်တာက မွေးရာပါ မယ်လနင်ဓာတ်(melanin) လုံးဝချို့တဲ့တဲ့ လူဖြူရောဂါ (albinism) နဲ့ မတူပါဘူး။

ခရုသင်းအဖြူကွက်(vitiligo)က albinism လို မွေးရာပါရောဂါမျိုး မဟုတ်ဘူး။ အဖြူကွက်နဲ့ ပတ်သက်တဲ့ တခြားရောဂါတွေလည်း ရှိသေးတယ်။ နှင်းခူလိုတခြား အရေပြားရောဂါတွေနဲ့ မှားတတ်တယ်။ ခရုသင်းဟုတ် မဟုတ် ကျွမ်းကျင်အရေပြားဆရာဝန်က ဆုံးဖြတ်ပေးရတယ်။ မသေချာရင် wood’s lamp (ultraviolet lamp) ခရမ်းအလင်းပေးပြီး ခွဲခြားရတယ်။ ဒါမှမသေချာသေးရင် အသားစဖြတ်ယူပြီး စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ ပြီးရင်တော့ တခြား ခုခံအားရောဂါတွေပါ ဆက်လက်စစ်ဆေးရတယ်။ တခါတရံ တခြားရောဂါတွေနဲ့ ပူးတွဲဖြစ်ပေါ်တာမျိုးရှိတယ်။ ဥမာ သိုင်းရွိုက်ဓာတ်များတဲ့ ရောဂါကြောင့် အဖြူကွက်ဖြစ်ရင် သိုင်းရွိုက်ကုပြီးတာနဲ့ အဖြူကွက် ပျောက်သွားတဲ့လူနာမျိုး တွေ့ရှိရတယ်။

နောက်ဆက်တွဲဆိုကျိုးများ

ခရုသင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ တွေ့ရပါတယ်။ မြင်ရတဲ့ ခြေ၊ လက်၊ မျက်နှာ အစရှိတဲ့နေရာတွေမှာ အဖြူကွက်ဖြစ်ရင် စိတ်ဒဏ်ရာ အကြီးအကျယ်ရတတ်တယ်။ တဖြည်းဖြည်း စိတ်ဓာတ်ကျလွယ်လာတယ်။ ကိုယ့်ဘာသာ သိမ်ငယ်လာတယ်။ ယုံကြည်မှုမရှိတော့ဘူး။ နာတာရှည်ရောဂါကြောင့် လူတောထဲမသွားချင်တော့ဘူး။ ဒါ့ပြင် အရေပြားကို ကာကွယ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း ပျက်ဆီးတာမို့ နေရောင်ခြည်ဒဏ်ကို ပိုမိုခံစားရတယ်။ အသားအရေကြမ်းတမ်းတာ၊ မညီညာတာ ဖြစ်လာသလို နေလောင်လွယ်လာတယ်။ မျက်စိ၊ နားစတာတွေမှာဖြစ်ရင် အမြင်အာရုံ၊ အကြားအာရုံချို့ယွင်းတာလည်း ဖြစ်နိုင်တယ်။ အများစိုးရိမ်နေကြသလို အရေပြားကင်ဆာဖက် ကူးလာနိုင်ချေတော့ အင်မတန်နည်းပါးပါတယ်။

ကုသနည်းများ

ခရုသင်း ကုသတဲ့နည်း အမျိုးမျိုးရှိတယ်။ သို့သော် ဒီနည်းတွေက ရောဂါအရှင်းပျောက်အောင် စွမ်းနိုင်ချင်မှ စွမ်းနိုင်ပါလိမ့်မယ်။ ကုသပြီး ထိရောက်မှု၊ တုံ့ပြန်မှုတွေ့မြင်ဖို့ ၆လ-၂နှစ်ထိ ကြာနိုင်တယ်။ သေးတဲ့အကွက်တွေကို မသိသာအောင်၊လျှော့နည်းအောင် လုပ်ပေးနိုင်ပါတယ်။ အတွေ့အကြုံအရ ကလေးတွေဖြစ်ရင် ကုရတာပိုလွယ်တယ်။ အရှင်းပျောက်တာမျိုးလည်း တွေ့ဖူးတယ်။


ကုသနည်း (၁) စတီးရွိုက်လိမ်းဆေး ပေးနိုင်တယ်။ သောက်ဆေးပေးဖို့ ဆရာဝန်က ချိန်ဆရတယ်။ autoimmuneလို ခုခံအားစနစ်ကြောင့် ဖြစ်တဲ့အခါ အသုံးပြုနိုင်တယ်။ လိမ်းဆေးက အဖြူကွက်ကို လျှော့နည်းစေနိုင်သလို မထူးခြားတာလည်းဖြစ်နိုင်တယ်။ မကောင်းတဲ့အချက်က အရေပြားကို ပါးလွှာစေပြီး သွေးကြောတွေ ပေါ်လာတာမျိုး ဖြစ်နိုင်တယ်။  


ကုသနည်း (၂) ရောင်ခြယ်ပြန်ဖြည့်ပေးတဲ့ထဲမှာ tacrolimus လိမ်းဆေး (သို့) pimecrolimus လိမ်းဆေးမျိုးပေးပြီး ပြုပြင်နိုင်တယ်။ အရေပြား ယားတာ၊ ရဲတာ၊ ရောင်တာ စတဲ့ဘေးထွက်ဆိုးကျိုး ရှိတယ်။


ကုသနည်း (၃) phototherapy အလင်းရောင်ပေးပြီး ဖျော့နေတဲ့အကွက်တွေကို ပြန်ဖြည့်ပေးတယ်။ UV A (သို့) UV Bလို ခရမ်းလွန်ရောင်ခြည်ပေးပြီး ကုသရတယ်။ နောက်ပိုင်းမှာ ဆိုးကျိုးပိုနည်းတဲ့ UV Bကို အသုံးပြုလာကြတယ်။ ပိုကောင်း၊ ပိုသိသာချင်ရင် psoralenလို လိမ်းဆေးမျိုးလိမ်းပြီး နေရောင်ပြပေးရပါတယ်။ စနစ်တကျ ပြုလုပ်ထားတဲ့ နေရောင်၊ အလင်းထိချိန်ကို တဖြည်းဖြည်း ပိုကြာစေရတယ်။ လိုအပ်တဲ့အချိန်လောက်သာ ထိတွေ့စေရတယ်။ ၆လ-၁နှစ်လောက် ပုံမှန်လုပ်ပေးရတယ်။ ကံဆိုးရင် ခရုသင်းကွက်က ပိုသိသာလာတယ်။ လေ့လာမှုတခုမှာ vitamin B12နဲ့ folic acidပါ တွဲပေးရင် အလင်းပေးကုသခြင်းကို ပိုမိုအကျိုးရှိစေတယ်။


ကုသနည်း (၄) အရေပြားအစားထိုးတယ်ဆိုတာ ကောင်းတဲ့အရေပြားဆဲလ်တွေကို အဖြူကွက်နေရာမှာ transplant လုပ်ပြီး အစားထိုးတဲ့နည်းဖြစ်ပါတယ်။ ဖြစ်တဲ့နေရာပျောက်သွားနိုင်ပေမယ့် တခြားနေရာမှာ ထပ်ဖြစ်တာမျိုးတော့ ရှိနိုင်တယ်။


ကုသနည်း (၅) အဖြူကွက်ပမာဏပိုများရင်(၅၀ရာခိုင်နှုန်းမက)ဖြစ်ရင် ကျန်တဲ့ကောင်းနေတဲ့ အရေပြားကို အရောင်ချွတ်တဲ့နည်း သုံးပေးနိုင်ပါတယ်။ hydroquinone၊ monobenzone လို အရောင်ချွတ်ဆေးမျိုး ပေးပြီး အရေပြားကို တသားတည်းဖြစ်အောင် အရောင်ချွတ်ပစ်တယ်။ အရောင်ချွတ်ဆေး monobenzone သုံးရင် ရာသက်ပန်တကိုယ်လုံးအဖြူ ဖြစ်သွားမှာကို ကြိုတင်သတိပေးရတယ်။


ကုသနည်း (၆) laser treatmentဆိုတာ အရေပြားရောဂါတွေမှာ စမ်းသပ်အောင်မြင်နေတဲ့ ကုသနည်းဖြစ်ပါတယ်။ အရေပြားမှာ မကောင်းတာ၊အရုပ်ဆိုးတာမျိုး ရှိရင် လေဆာရောင်ခြည်သုံးပြီး ကုသနိုင်တယ်။ ခရုသင်းမှာ excimer laserဆိုတာကို အသုံးပြုရတယ်။ဖြစ်တဲ့အကွက်က သေးရင် ပိုအကျိုးရှိတာ တွေ့ရပါတယ်။


ကုသနည်း (၇) Cosmetic camouflageဆိုတာ မိတ်ကပ်သုံးပြီး အရေပြားမညီညာတာကို ပြုပြင်ဖုံးကွယ်တာမျိုး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။ သာမန်မိတ်ကပ်ထက်သာတဲ့အချက်က ရေစိုခံပြီး ၃-၄ရက်လောက် ကြာရှည်ခံတာဖြစ်ပါတယ်။ အရောင်စုံကို ရွေးချယ်နိုင်တယ်။သတိပြုရမယ့် အချက်က နေလောင်တာကို ကာကွယ်ပေးမယ်မဟုတ်ဘူး။ အမြင်အာရုံကို လှည့်စားတဲ့သဘောသာ ဖြစ်ပါတယ်။ 

ကုသနည်း (၈) ခရုသင်း(သမင်ဖြူ)ကွက်တွေမှာ နေလောင်ကာလိမ်းဆေး ပေးသင့်တယ်။ အနည်းဆုံး SPF30ပါဝင်တဲ့ နေလောင်ကာမျိုး လိမ်းပေးသင့်တယ်။ အရေပြားအရောင်ရင့်တာ၊ မညီတာမျိုးကို လျှော့နည်းစေတယ်။

ခရုသင်းကုတဲ့အခါ လူနာ အသက်အရွယ်၊ အမျိုးအစားနဲ့ ရောဂါကြာချိန်ပေါ်မူတည်ပြီး အဆိုပါနည်းတွေ ပေါင်းစပ်အသုံးပြုပြီး ကုသရတာ ဖြစ်တယ်။ အခြားကုသနည်းတွေလည်း ကျန်ပါသေးတယ်။ ဘယ်နည်းနဲ့ သက်သာပျောက်ကင်းလဲ ဆိုတာ လူနာတစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။

ခရုသင်းအတွက် အကြံပြုချက်များ

ခရုသင်းဟာ ကူးစက်ရောဂါမဟုတ်ပါဘူး။ ဒါ့ကြောင့် အတူနေမိသားစုဝင်တွေကို မကူးစက်နိုင်ပါဘူး။ ကံကောင်းတဲ့ သိပ်မဆိုးတဲ့သူတွေဟာ ပြန်ပျောက်သွားနိုင်တယ်။ လိုက်နာသင့်တဲ့အချက်က ပူပြင်းတဲ့နေရောင်အောက်မှာ အကာအကွယ်မပါဘဲ မသွားသင့်ဘူး။ နေ့ပိုင်းအပြင်ထွက်ရင် နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပေးသင့်တယ်။ အစားအသောက်ထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အရက်၊ ဘီယာ ရှောင်နိုင်ရင် ပိုကောင်းတယ်။ စိမ်းတဲ့ အသီးအရွက်များများစားပါ။ hydroquinone ဓာတ်များတဲ့ ဘလူးဘယ်ရီ၊သစ်တော်သီး စတာတွေ ရှောင်သင့်တယ်။ အရေပြားဆေး၊ အသားဖြူဆေးတွေ မိမိဘာသာ ဝယ်မသောက်ပါနဲ့။ စိတ်ဖိစီးမှုကင်းဝေးအောင် အိပ်ရေးဝဝအိပ်သင့်တယ်။ တရားထိုင်တာ၊ ယောဂကျင့်တာမျိုးက ကောင်းကျိုးရှိတယ်ဆိုတဲ့ စာတမ်းတချို့ရှိတယ်။ သောက်ဆေးထဲမှာ ginkgo biloba သောက်ဆေးက ခရုသင်းကွက်တွေကို သက်သာစေတယ်လို့ တချို့ဆိုတယ်။ omega 3ပါဝင်တဲ့ဆေးတွေလည်း ခရုသင်းအရေပြားမှာ အကျိုးရှိတယ်လို့ တွေ့ရှိရတယ်။ အားဆေးထဲမှာ ဗီတာမင် အေ၊ စီ၊ အီး၊ ဘီတွဲ၊ ဖောလစ်၊ PABA၊ သံဓာတ်၊ ကြေးနီ၊ သွပ်ဓာတ်၊ ဆယ်လီနီယမ်ဓာတ် ပါဝင်တဲ့ အားဆေးမျိုး သောက်ပေးနိုင်တယ်။ 

အသားဓာတ်တစ်မျိုး (phenylalanine) နဲ့ နနွင်းဓာတ် (curcumin)တွေက အကျိုးရှိတယ်ဆိုတဲ့သီအိုရီတွေလည်း ရှိတယ်။ သို့သော် ဒီသုတေသနတွေက အနောက်နိုင်ငံတွေက လုပ်ထားတာ သတိပြုရမယ်။ နနွင်းအစားများတဲ့ အိန္ဒိယမှာတော့ ဒီသုသေတနရဲ့ ကောင်းကျိုးရလာဒ်ကို မတွေ့ရဘူး။ နောက်အရေးကြီးတဲ့ အချက်က အဖြူကွက်မြင်တိုင်း ခရုသင်းထင်ပြီး စိတ်ဓာတ်ကျမသွားသင့်ပါဘူး။ တခြားရောဂါတွေလည်းရှိလို့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ သေချာပြသသင့်တယ်။ လိုအပ်ရင် အရေပြားအထူးကုဆီသွားပြီး ကုသပါ။ ဆေးပညာမှာ တိုးတက်မှုတွေရှိပြီဖြစ်လို့ စိတ်ဓာတ်မကျပါနဲ့။


ဒေါက်တာ အေးမင်းထူး

(အရေပြားအထူးကု ဆရာဝန်)

Note: If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews