Open 9:00-12:00 AM
+95 92051590

Seborrheic dermatitis

6 Nov, 2021 | No Comments

Seborrheic dermatitis

ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis) ဟာ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ နာတာရှည် အရေပြားရောင်ရမ်းတဲ့ရောဂါတွေကို နှင်းခူ(eczema)အမျိုးအစားထဲ ထည့်ကြတယ်။ နှင်းခူသဘောက အရေပြားရောင်တာ၊ ရဲတာ၊ ယားယံတာနဲ့  ပြန်ဖြစ်တတ်တာ ဖြစ်ပါတယ်။ ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis)ဟာ အဆိုပါအချက်တွေနဲ့ ကိုက်ညီတယ်။ ဒါ့ကြောင့် တချို့က seborrheic eczema လည်း ခေါ်ကြတယ်။

ဖယောင်းဖတ်နှင်းခူ (seborrheic dermatitis) ဟာ အဆီဂလင်းထုတ်လုပ်မှုများတဲ့နေရာတွေမှာ အရေပြားရောင်ရမ်းခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ Malassezia တစေးမှိုပိုးတစ်မျိုးကြောင့် ဖြစ်တယ်။ အဆီဂလင်းများတဲ့နေရာတွေမှာ အဆိုပါတစေးမှိုတွေ ပေါက်ဖွားနိုင်တယ်။ မှိုပိုးက အဆီ(sebum)ကိုစားသုံးပြီး ရှင်သန်ကြီးထွားနိုင်တယ်။ Malassezia မှိုပိုးကို တိုက်ထုတ်ဖို့ ခုခံအားစနစ်က တုံ့ပြန်တဲ့အခါ IL-1, IL-6, IL-8 နဲ့ TNF တွေ မြင့်တက်လာပြီး အရေပြားက စတင်ရောင်ရမ်းလာပါတယ်။ ဒါ့ကြောင့် ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis) စဖြစ်တဲ့နေရာတွေမှာ အရေပြားက နီရဲပြီး ခြောက်သွေ့နေတာပါ။ ရောင်ရမ်းမှုကြာလာတဲ့အခါ အရေပြားပျက်စီးပြီး အဖတ်တွေစတင်ကွာကျလာပါတယ်။ အဆီနဲ့ ဆဲလ်သေတွေပေါင်းစပ်တဲ့အခါ ဖယောင်းဆန်ဆန် အဝါဖတ်(waxy)တွေဖြစ်လာတယ်။ ဖယောင်းဖတ်နှင်းခူဟာ မျက်နှာ၊ ဦးရေပြား၊ နားနောက်ပိုင်းနဲ့ နှာခေါင်းနေရာတွေ အဖြစ်များတယ်။

ဖယောင်းဖတ် နှင်းခူနာ(seborrheic dermatitis)ဟာ ဟော်မုန်းပြောင်းလဲမှု၊ စိတ်ဖီးမှု၊ အိပ်ရေးမဝတာ၊ အဆီအဆိမ့်စားသုံးမှုကြောင့်ဖြစ်နိုင်တယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အခေါ်အဝေါ် မတူကြဘူး။ လူကြီးဦးခေါင်းမှာဖြစ်ရင် ဗောက်ဖတ် (dandruff)တွေ ဖြစ်လာတယ်။ ကလေးငယ် ဦးခေါင်းမှာကျ cradle cap (ကလေး ဖယောင်းဖတ်နှင်းခူ) ခေါ်ပါတယ်။ cradle cap တွေက ကလေးအသက် ၂-၁၂လ အတွင်း ပေါ်ပေါက်တတ်ပြီး သူ့ဘာသာပျောက်ကင်းနိုင်တယ်။ အရွယ်ရောက်လာတဲ့အခါ ဖယောင်းဖတ် နှင်းခူပြန်ဖြစ်တတ်တယ်။ လူကြီးမှာ ဗောက်နဲ့ ဖယောင်းဖတ်နှင်းခူဖြစ်ရင် ကုသဖို့ လိုပါတယ်။

ကုသနည်း

Malassezia မှိုပိုးအတွက် ketoconzole, itraconazole နဲ့ terbinafine သောက်ဆေးတွေ အသုံးပြုနိုင်တယ်။ နေရာကွက်ဖြစ်ရင် လိမ်းဆေးတွေသုံးနိုင်တယ်။ hydrocortisone 1%, ketoconzole 2%, cyclopirox 1% စတဲ့လိမ်းဆေးတွေ cream, lotion, solution ပုံစံအမျိုးမျိုးလာတယ်။ တစ်ရက် တစ်ကြိမ်-နှစ်ကြိမ် အသုံးပြုနိုင်တယ်။ calcineurin inhibitor (tacrolimus or pimecrolimus) လိမ်းဆေးတွေလည်း အသုံးပြုနိုင်တယ်။ ဆပ်ပြာ၊ရှန်ပူတွေထဲမှာ zinc pyrithione, selenium sulfide, ketoconazole, sulfur, salicylic acid, coal tar စတဲ့ပစ္စည်းတွေ နေ့စဉ် (သို့) တစ်ပတ် ၂ကြိမ် အသုံးပြုနိုင်တယ်။ ရှန်ပူဆပ်ပြာတွေသုံးရင် ဖြစ်တဲ့နေရာမှာ ၅-၁၀မိနစ်ခန့် နှပ်ထားပြီး ရေပြန်ဆေးချရမယ်။ အိမ်သုံးနည်းတွေထဲမှာ aloe vera gel, apple cider vinegar နဲ့ tea tree oil တွေလည်း သုံးနိုင်တယ်။

ရှောင်ကြဉ်ရမည့်အစားအစာများ

-ပေါင်မုန့်၊ ဒိန်ခဲ

-ကော်ဖီ၊လက်ဖက်ရည်

-ဝိုင်၊ ဘီယာ၊ အရက်

-ကာဗိုဟိုက်ဒရိတ်များတဲ့အစားအစာများ

-အဆီအဆိမ့်များတဲ့ အစားအစာများ

-တဆေးမှိုနဲ့ ပြုလုပ်ထားတဲ့ အစားအစာများ

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews