Open 9:00-12:00 AM
+95 92051590

Rosacea

27 Oct, 2021 | No Comments

Rosacea

Rosacea မျက်နှာနီမြန်းခြင်း

Rosacea ဆိုတာ မျက်နှာအသားအရေ နီမြန်းပြီး ဝက်ခြံနှင့်ဆင်တူတဲ့ အဖုအပိမ့်များထွက်လာတဲ့ အရေပြားပြဿနာ တစ်မျိုးဖြစ်ပါတယ်။ Rosacea ကြောင့် မျက်နှာပူစပ်ပူလောင်ဖြစ်ပြီး မျက်နှာတပြင်လုံးရဲနေတတ်တယ်။ဒါ့ကြောင့် မျက်နှာနီ အရေပြားရောဂါလို့ ခေါ်နိုင်ပါတယ်။

နာတာရှည်ရောဂါဖြစ်ပြီး မကြာခဏပြန်ဖြစ်တတ်တယ်။ Rosacea ဟာ လူ ၁၀ ယောက်မှာ ၁ ယောက် နှုန်းဖြစ်ပွားတတ်ပါတယ်။ အသက် ၃၀ နှင့် ၅၀ ကြား အမျိုးသမီးများတွင် ပိုအဖြစ်များပါတယ်။ အသားဖြူသူတွေမှာ ပိုတွေ့ရတတ်တယ်။  

Rosacea ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို မသိရသေးဘူး။ မူမမှန်တဲ့ ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်နိုင်တယ်။ skin barrier ပျက်စီးလို့လည်း ဖြစ်တတ်တယ်။ မျက်နှာဆံခြည်မျှင်သွေးကြောတွေ မူမမှန်ဘဲ ဖောင်းကားနေလို့လည်း ဖြစ်တတ်တယ်။မျိုးရိုးနဲ့လည်းသက်ဆိုင်တယ်။ အစားအသောကိမှားရင် ပိုဖြစ်တတ်တယ်။ H. pylori ဘက်တီးရီးယားပိုးကြောင့်ဖြစ်နိုင်တယ်။ ဝဲယားနာဖြစ်စေတဲ့ Demodex folliculorum ကပ်ပါးပိုးကြောင့်လည်းဖြစ်နိုင်တယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကပိုဆိုးစေတာ တွေ့ရတယ်။

Rosacea ရဲ့ အဓိကလက္ခဏာတွေက မျက်နှာနီမြန်းခြင်း (ပါးပြင်၊ နှာခေါင်း၊ နဖူး၊ မေးစေ့)၊အသားအရေ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊သွေးကြောမျှင်များ ပေါ်လာခြင်း၊ ဝက်ခြံဆန်ဆန် အဖုအပိန့်တွေ ထွက်လာခြင်း၊ မျက်လုံးနာခြင်း၊ ယားခြင်း၊ နှာခေါင်းကြီးခြင်း၊ အသားထူခြင်း၊ မျက်နှာရောင်ရမ်းခြင်းတို့ ဖြစ်ပါတယ်။

ရောဂါလက္ခဏာပေါ်မူတည်ပြီး Rosacea အမျိုးအစားတွေ ခွဲထားတယ်။Erythematotelangiectatic Rosacea အမျိုးအစားမှာ မျက်နှာနီမြန်းပြီး သွေးကြောမျှင်တွေ ပေါ်ပေါက်လာတယ်။ Papulopustular Rosacea အမျိုးအစားမှာ အရေပြားနီမြန်းရုံမက ဝက်ခြံနဲ့တူတဲ့ အဖုအပိန့်တွေ ထွက်လာတယ်။ Phymatous Rosacea က နှာခေါင်းတပြင်လုံး နီရဲနေပြီး နှာခေါင်းကြီးခြင်း (Rhinophyma)ကိုပါ ပူးတွဲတွေ့ရတယ်။ တဆက်တည်း နှာခေါင်းအရေပြားအသားပါ ထူလာတယ်။ Ocular Rosacea ဖြစ်တဲ့အခါ မျက်စိနာခြင်း၊ ယားခြင်းအပြင် မျက်လုံးခြောက်သွေ့ခြင်းမျိုး ပူးတွဲဖြစ်ပေါ်လာပါတယ်။

မျက်နှာနီရဲခြင်း(rosacea)ကို ပိုဆိုးစေတဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။ နေရောင်ခြည်နဲ့ တွေ့ပါများရင် မျက်နှာပိုရဲတတ်တယ်။ အပူအစပ်စားခြင်း၊အရက်၊ ဘီယာ၊ ဝိုင်၊ ကော်ဖီသောက်ခြင်းစတဲ့အချက်တွေက ရောဂါပိုဆိုးစေတယ်။ 

စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်တယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်းကြောင့် rosacea ကို ပိုဆိုးစေတယ်။ သွေးကျဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။

၈။ ကုသမှုနည်းလမ်းများ

Rosacea ကုသတဲ့အခါ လိမ်းဆေးတွေ အဓိကပေးရတယ်။ Metronidazole 0.75% gel , Azelaic acid 15% gel, Ivermectin 1% cream စတဲ့ လိမ်းဆေးတွေကို အဓိကအသုံးပြုတယ်။ သောက်ဆေးထဲမှာ Doxycycline နဲ့ azithromycin ဆေးတွေက အသုံးဝင်တယ်။ အရေပြားကုထုံးတွေထဲမှာ သွေးကြောမျှင်ဖျောက် လေဆာနဲ့ Intense Pulsed Light (IPL) ကုထုံးတွေ သုံးလို့ရတယ်။ နှာခေါင်းကြီးတဲ့အခါ လေဆာပစ်တာ (သို့) ခွဲစိတ်ကုသမှုခံယူတာမျိုး ပြုလုပ်သင့်တယ်။

ရှောင်ကြဉ်ရမည့် အချက်များ

—————————

· အပူအစပ်အစားအစာ

· အရက်၊ ကော်ဖီ

· စိတ်ဖိစီးမှု

· နေရောင်ခြည်

· ပြင်းထန်တဲ့ လေ့ကျင့်ခန်း

အကြံပြုချက်

နေပူထဲသွားတဲ့အခါ SPF 50+ ပါတဲ့ နေလောင်ကာသုံးပါ။ နေရောင်ကာရွေးချယ်တဲ့အခါ သတ္တုဓာတ်ပါတဲ့ နေလောင်ကာ(physical sunscreen)တွေကို အဓိကရွေးချယ်သင့်တယ်။ 

မျက်နှာအစိုဓာတ်ကို ထိန်းသိမ်းပါ။ ရနံ့မပါတဲ့ အပျော့စား အစိုဓာတ်ထိန်းဆေး Moisturizer နေ့စဉ်ပုံမှန်သုံးပါ။ ရေချိုးတဲ့အခါ ဆပ်ပြာပျော့ပျော့ အသုံးပြုပါ။ ချွေးမထွက်အောင် ဂရုစိုက်ပါ။ အရက်သေစာ သောက်စားတာ၊ နေပူထဲအားကစားလုပ်တာမျိုး ရှောင်ရှားသင့်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews