Eschar အနက်ရောင် အနာဖတ်
Eschar (အက်စ်ခါ) ဆိုတာ အရေပြားတစ်ရှူးသေဆုံးသွားပြီး ဖြစ်ပေါ်လာတဲ့ မာကျောခြောက်သွေ့တဲ့ အနက်ရောင်အပေါ်ယံအနာဖေးခွံ (scab) ကို ခေါ်ပါတယ်။ အများစုဟာ အရေပြားပိုးဝင်ပြီး(သို့)မီးလောင်ဒဏ်ရာဖြစ်ပြီး နောက်ပိုင်းပေါ်ပေါက်လာတတ်တယ်။ အရေပြားတစ်ရှူးပျက်စီးမှု (tissue necrosis)ကို ညွှန်ပြပြီး အရေပြားသွေးရပ်ဆိုင်းမှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဖြစ်ပွားတဲ့ နောက်ခံအကြောင်းရင်းပေါ်မူတည်ပြီး သေးငယ်တဲ့ အစက်အပြောက်က ဧရိယာကျယ်ကြီးအထိ ရှိနိုင်တယ်။ eschar အနာဖတ်တွေဟာ နာကျင်မှုမရှိဘဲ ဘေးသား အရေပြားကတော့ ရောင်ရမ်းနီမြန်းနေနိုင်တယ်။
ဖြစ်ပွားသည့် အဓိကအကြောင်းရင်းများ
၁။ ရောဂါပိုးကူးစက်ခြင်း (Infections)
(က) Scrub Typhus
Rickettsia အုပ်စုဝင် Orientia tsutsugamushi ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါတမျိုးဖြစ်တယ်။ Chigger မွှားကောင်လေးတွေ ကိုက်ခံရတဲ့နေရာမှာ အက်စ်ခါအနာဖြစ်လေ့ရှိတယ်။Bush typhus လည်းခေါ်ကြတယ်။ ချုံနွယ်မြက်ပင်တွေမှာနေတဲ့ အင်းဆက်ပိုးမွှားကဖြစ်လို့ scrub ခေါ်တယ်။ အဖျားကြီးပြီး ကယောင်ကတမ်းဖြစ်တတ်တဲ့ရောဂါတွေကို Typhus ခေါ်ကြတယ်။
(ခ) Anthrax
ဒေါင့်သန်းရောဂါဟာ Bacillus anthracis တုတ်ချောင်းပုံ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ကူးစက်ရောဂါဖြစ်ပါတယ်။ ရောဂါရှိတဲ့ တိရိစ္ဆာန်တွေက ကူးစက်နိုင်တယ်။ ဒီရောဂါကြောင့် အနက်ရောင်အနာဖတ်တွေ ဖြစ်ပေါ်တတ်တယ်။
(ဂ) Rickettsialpox
ရောဂါရှိတဲ့ ကြွက်တွေကတဆင့် ကူးစက်ပြီး Rickettsia akari ဘက်တီးရီးယားပိုးကြောင့်ဖြစ်စေတယ်။
(ဃ) Plague
ပလိပ်ရောဂါဟာ Yersinia pestis ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ကြွက်၊ ပူး၊ ရှဉ့်စတဲ့အကောင်တွေက ကူးစက်နိုင်တယ်။
၂။ ထိခိုက်ဒဏ်ရာများ (Physical Injuries)
(က) အပူလောင်ခြင်း (Burns)
တတိယအဆင့် (third-degree) မီးလောင်ကျွမ်းမှုကြောင့် အရေပြားလွှာတခုလုံး ပျက်စီးသွားတဲ့အခါ eschar အနာဖတ်ဖြစ်လာတတ်တယ်။
(ခ) ဓာတ်ရောင်ခြည်ထိတွေ့မှု (Radiation Exposure)
ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသတဲ့အခါ အရေပြားပျက်စီးပြီး အနာဖတ်တွေဖြစ်ပေါ်တတ်တယ်။
(ဂ) ပြင်းထန်ထိခိုက်ဒဏ်ရာ (Severe injury)
ပြင်းထန်ထိခိုက်ဒဏ်ရာကြောင့် အရေပြားဆဲလ်တွေ သေဆုံးသွားတဲ့အခါ ဒီလိုအနာဖတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။
၃။ သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာများ (Vascular Problems)
ဆီးချိုရောဂါကြောင့် ဆံခြည်မျှင်သွေးကြောများပျက်စီးခြင်း၊ သွေးကြောပိတ်ဆို့ခြင်း (Ischemia) ဖြစ်တဲ့အခါ eschar အနာဖတ်တွေ အဖြစ်မြင်ရတတ်တယ်။
နောက်ဆက်တွဲဆိုးကျိုးများ
· အနာမှတစ်ဆင့် ပြင်းထန်သော ရောဂါပိုးဝင်ခြင်း (Sepsis)
· အနာကျန်ခြင်း၊ အမာရွတ်ကျန်ခြင်း (Scarring)
· သွေးဆိပ်တက်ခြင်း (Sepsis)
· ပြင်းထန်သော တစ်ရှူးပျက်စီးခြင်း (severe necrosis)
ကုသနည်း
Eschar ဖြစ်တဲ့အခအ နောက်ခံအကြောင်းရင်းကို ရှာဖွေပြီးကုသရတယ်။ ရောဂါပိုးကူးစက်မှုအတွက် ပဋိဇီဝပိုးသတ်ဆေး (Antibiotics)တွေ ပေးရတယ်။ Scrub Typhus နဲ့ Anthrax ရောဂါအတွက် Doxycycline ဆေးပေးရတယ်။
မီးလောင်ကျွမ်းမှုကြောင့် အရေပြားဆဲလ်ပျက်စီးတဲ့အခါ ပိုးသတ်ဆေးတွေ လိမ်းပေးသင့်တယ်။ သေဆုံးသွားတဲ့ တစ်ရှူးတွေကို ဖယ်ရှားရှင်းလင်း (Debridement)ဖို့လိုတယ်။ အရေပြားလွှာတစ်ခုလုံး ဆုံးရှုံးတဲ့အခါ အရေပြားဆဲလ်အစားထိုးကုသမှု (Skin grafting)ပြုလုပ်ရတယ်။
သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာရှိရင် သွေးကြောပြန်လည်ပွင့်အောင် ကုသနည်း (Revascularization) ကို အသုံးပြုရတယ်။ ဆီးချိုရောဂါရှိရင် ဆီးချိုမတက်အောင် အရင်ထိန်းချုပ်ရတယ်။ အက်စ်ခါအနာဖတ်ကို အိမ်မှာ မိမိဘာသာ ဖဲ့ချွတ်တာမျိုး မပြုလုပ်သင့်ဘူး။ ပြင်းထန်ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင််တယ်။
ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသင့်သလဲ?
· အကြောင်းရင်းမရှိဘဲ အနက်ရောင် (သို့) အညိုရောင် အနာပေါ်လာခြင်း
· အနာမှ ပြည်များ ထွက်လာခြင်း
· ချမ်းတုန်ဖျားခြင်း
· အလွန်အမင်း ခေါင်းကိုက်ခြင်း
· ကြွက်သားကိုက်ခဲခြင်း
အက်စ်ခါအနာဟာ သာမန်အနာမျိုးမဟုတ်ဘဲ ပြင်းထန်တဲ့ နောက်ခံရောဂါအခြေအနေကို ညွှန်ပြနေတဲ့ လက္ခဏာဖြစ်လို့ မပေါ့ဆဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
