Open 9:00-12:00 AM
+95 92051590

Molluscum contagiosum

29 Oct, 2021 | No Comments

Molluscum contagiosum

Molluscum contagiosum ငါးမျက်စိရောဂါ

Molluscum Contagiosum ကို မြန်မာလို ငါးမျက်စိခေါ်ပါတယ်။ Molluscum contagiosum virus (MCV) ငါးမျက်စိဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါဖြစ်ပါတယ်။ Poxvirus မျိုးနွယ်ဝင် ဗိုင်းရပ်စ်ဖြစ်လို့ ဒီရောဂါဟာ ကူးစက်မြန်တယ်။ အရေပြားချင်း တိုက်ရိုက်ထိတွေ့ရာက ကူးစက်တယ်။ ရောဂါရှိသူသုံးစွဲထားတဲ့ အဝတ်အစား၊ လက်ကိုင်ပုဝါ စတာတွေကနေ ကူးစက်နိုင်တယ်။ ငါးမျက်စိအနာကို မကြာခဏကိုင်တွယ်ကုတ်ခြစ်မိရာက ခန္ဓာကိုယ်တခြားနေရာကို ပြန့်သွားတတ်ပါတယ်။

လက္ခဏာများ

ငါးမျက်စိရဲ့ အရည်ကြည်ဖုဟာ သိသာတယ်။ အရေပြားအလယ်ဗဟိုမှာ ချိုင့် (Umbilicated) နေတတ်တယ်။ အရွယ်အစားက ပဲစေ့အရွယ်ပဲ ရှိတယ်။ ၂-၅ မီလီမီတာထိ ရှိနိုင်ပါတယ်။

အရောင်က အသားရောင်၊ ပန်းရောင် သို့မဟုတ် အနီရောင် ရှိတတ်တယ်။ အဖုရဲ့ အတွင်းသားကို ညှစ်လိုက်ရင် ဒိန်ချဉ်လို အနှစ်အဖတ်တွေ ထွက်လာတတ်ပါတယ်။ ဒီအနှစ်အဖတ်ထဲမှာ ဗိုင်းရပ်စ်ပိုးတွေ ပါဝင်နေပါတယ်။

ငါးမျက်စိဟာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေမှာ အဓိကတွေ့ရတတ်တယ်။ ကိုယ်ခံအားကျဆင်းနေသူ (HIV/AIDS, ကင်ဆာ)နဲ့ နှင်းခူနာရောဂါအခံရှိသူတွေမှာ ပိုဖြစ်နိုင်တယ်။မျက်နှာ၊ လည်ပင်း၊ ခန္ဓာကိုယ်တွေမှာ အဓိကတွေ့ရတယ်။ချိုင်း၊ ပေါင်ခြံ၊ လက်မောင်းအတွင်းသားမှာလည်း ဖြစ်နိုင်တယ်။ လိင်ဆက်ဆံရာမှ ကူးစက်ရင် ဆီးခုံနဲ့ လိင်အင်္ဂါ အနီးအနားမှာ တွေ့ရတယ်။ အရည်ဖုလေးတွေ ယားယံတတ်ပါတယ်။ မကြာခဏ ကုတ်ခြစ်မိရင် ဘက်တီးရီးယားပိုး ထပ်မံဝင်ရောက်ပြီး ရောင်ရမ်းနီရဲနေနိုင်ပါတယ်။

ရောဂါစစ်ဆေးခြင်း

အရည်ကြည်ဖုကိုကြည့်ရုံနဲ့ သိရှိနိုင်တယ်။ အဖုရဲ့ အတွင်းသားကို ခြစ်ယူ(skin scraping)ပြီး မှန်ဘီလူးအောက်မှာ ကြည့်ရှုကာ ဗိုင်းရပ်စ်ပိုးရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် အသားစယူစစ်ဆေးလို့ ရတယ်။

ကုသခြင်း

ငါးမျက်စိဖြစ်ရင် အဖုကို ခြစ်ထုတ် (Curettage) ပစ်လိုက်လို့ ရတယ်။ ဆရာဝန်က သေးငယ်တဲ့ ခြစ်ထုတ်ကိရိယာ (curette) နဲ့ ခြစ်ထုတ်ပစ်ပါတယ်။ အရည်နိုက်ထရိုဂျင် သုံးပြီး Cryotherapy အေးခဲနည်းနဲ့ ကုသနိုင်တယ်။ Laser Therapy လေဆာနဲ့ဖယ်ရှားလို့လည်း ရတယ်။ လိမ်းဆေးတွေထဲမှာ Cantharidin ဆေးရည်တို့ပြီး အရည်ကြည်ပေါက်အောင် လုပ်လို့ရတယ်။ လိုအပ်ရင်

Imiquimod cream ခုခံအားစနစ်လှုံ့ဆော်ပေးတဲ့လိမ်းဆေးတွေလည်း အသုံးဝင်တယ်။Tretinoin cream (သို့မဟုတ်) Potassium hydroxide (KOH) solution လိမ်းဆေးရည်တွေလည်းသုံးလို့ရပါတယ်။

Molluscum Contagiosum ဟာ သူ့အလိုလို ပျောက်ကင်းတတ်တဲ့ ရောဂါဖြစ်တယ်။ တချို့လူနာတွေမှာ ၆ လမှ ၁၈ လထိ ပျောက်ကင်းသက်သာဖို့ ကြာနိုင်တယ်။ မသက်သာရင် ဆရာဝန်နဲ့ သေချာပြပြီး လိုအပ်တဲ့ကုသမှုမျိုး ပြုလုပ်သင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews