25 Aug, 2024 | No Comments
Monkeypox
မျောက်ကျောက်ရောဂါ(Mpox) ဟာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး (monkeypox virus)ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ မျောက်ကျောက်ပိုးဟာ double-stranded DNA virus အမျိုးအစား ဗိုင်းရပ်စ်ပိုးဖြစ်လို့ RNA ဗိုင်းရပ်စ်တွေလောက် ကူးစက်မြန်တာနဲ့ မျိုးဗီဇပြောင်းလဲလွယ်တာမျိုး မရှိပါဘူး။ ရောဂါလက္ခဏာတွေဟာ ကျောက်ကြီးဗိုင်းရပ်စ်နဲ့ ဆင်တူနေတာ တွေ့ရပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ အမျာဆုံးကူးစက်တာ တွေ့ရတယ်။
Mpox (မျောက်ကျောက်ရောဂါ)ဟာ လူနဲ့ နို့တိုက်သတ္တဝါအချင်းချင်း ကူးစက်တတ်တယ်။ လူအချင်းချင်း နမ်းတာ၊ထိတွေ့တာ၊ ကိုင်တွယ်တာကနေ ကူးစက်တတ်တယ်။ လိင်ဆက်ဆံရာကလည်း ကူးစက်နိုင်ပါတယ်။ရောဂါရှိတဲ့တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်နိုင်တယ်။ လက်ရှိနောက်ဆုံး Clade1b မျိုးကွဲဗိုင်းရပ်စ်ဟာ ကွန်ဂိုနိုင်ငံက စတင်ပြန့်ပွားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပျံ့ပွားနိုင်လို့ သတိထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။
မျောက်ကျောက်လက္ခဏာရပ်များ
လက္ခဏာရပ်တွေက ကျောက်ကြီးရောဂါနဲ့ ဆင်တူပေမယ့် သိပ်မဆိုးလှပါဘူး။ ဖျားတာ၊ ကိုက်ခဲ၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ အနီစက်ထွက်တာနဲ့ ပြန်ရည်ကြောကျိတ်ရောင်ရမ်းတာတွေ ဖြစ်တတ်တယ်။ အနီစက်တွေဟာ ၂-၄ပတ်အထိ ကြာနိုင်တယ်။ အနီကွက်ကနေ အရည်ကြည်ဖုတွေအဖြစ် ပြောင်းလဲလာတယ်။ ကြာလာတဲ့အခါ အရည်အိတ်၊ ပြည်တည်နာကျိတ်တွေ အဖြစ် အမျိုးမျိုးပြောင်းလဲနိုင်တယ်။ အနာကထွက်တဲ့ အရည်ကြည်တွေက ကူးစက်လွယ်ပါတယ်။ မကြာခင် အနာခြောက်ပြီး ပျောက်ကင်းသွားပါတယ်။ ပုံမှန်အားဖြင့် အနာဖြစ်ရင် စိုးရိမ်ဖို့ မလိုအပ်ဘဲ ဖြစ်ပြီး ၂ပတ်အတွင်း သက်သာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ရောဂါလက္ခဏာတွေ စတင်ပြသချိန်က ရောဂါပျောက်ကင်းချိန်အထိ သူတပါးကို ရောဂါကူးစက်နိုင်ပါတယ်။ ကူးစက်ခံရသူအများစုဟာ သူ့ဘာသာသက်သာသွားနိုင်ပါတယ်။သေနှုန်းက ပျမ်းမျှ ၅% အောက်မှာသာရှိပါတယ်။မျောက်ကျောက်ရောဂါ စစ်ဆေးဖို့ အနာကထွက်တဲ့ အရည်ကြည်ကိုယူပြီး စမ်းသပ်စစ်ဆေးကြည့်နိုင်တယ်။
ကုသနည်း
ရေများများသောက်ပါ။ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပါ။ အနာကို နေ့စဉ် ရေအေးဝတ်ကပ်ပြီး သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ဖျားတာ၊ကိုက်ခဲနာကျင်တာရှိရင် အဖျားကျဆေး၊ အကိုက်ခဲပျောက်ဆေး (acetaminophen, ibuprofen, naproxen) တမျိုးမျိုးသောက်ပါ။ အယားသက်သာအောင် calamine (သို့) Vaseline လိမ်းဆေးတွေ သုံးနိုင်တယ်။ လိုအပ်ရင် lidocaine နဲ့ hydrocortisone လိမ်းဆေးတွေ လိမ်းနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ကိုဗစ်ရောဂါလောက် ကူးစက်နှုန်း မမြန်ပါဘူး။ ကံကောင်းတာက မျောက်ကျောက်ရောဂါ လက္ခဏာတွေပေါ်ပေါက်မှ သူတပါးကို ရောဂါဖြန့်ဝေနိုင်လို့ မကူးစက်အောင် သတိထားသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews