CO2 laser ခွဲစိတ်လေဆာ
CO2 Laser (ကာဗွန်ဒိုင်အောက်ဆိုက်လေဆာ)ဟာ အလှအပဆိုင်ရာ ဆေးပညာမှာ အသုံးများဆုံးလေဆာတစ်မျိုး ဖြစ်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အခြေခံထားလို့ CO2 Laser လို့ခေါ်တယ်။ ဒီလေဆာဟာ မှဲ့၊ မှဲ့ခြောက်၊ ကြွက်နို့နဲ့ အသားပိုတွေ ဖြတ်တောက်ရာမှာ အလွန်အသုံးဝင်တယ်။ ဝက်ခြံအမာရွတ်နဲ့ အရေးအကြောင်းတွေ ကုသရာမှာ အသုံးဝင်တယ်။ မျက်နှာပြင် အရေပြား ပြန်လည်ညီညာစေဖို့ အသုံးပြုနိုင်တယ်။
CO2 Laser ဟာ 10600 nm လှိုင်းအလျားရှိ လေဆာလှိုင်းတွေ ထုတ်လွှတ်နိုင်လို့ ရေမှာပျော်ဝင်နိုင်တဲ့ တစ်ရှူးမှန်သမျှကိုဖျက်ဆီးပစ်နိုင်ပါတယ်။ CO2 Laser မှာ အားသာချက်များစွာရှိတယ်။ သွေးထွက်နည်းတာ၊ နာကျင်မှုနည်းတာ၊အမာရွတ်ဖြစ်နိုင်ချေနည်းတာစတဲ့ အချက်တွေကြောင့်ခွဲစိတ်ကုသတဲ့နေရာမှာ အစားထိုးအသုံးပြုနိုင်တယ်။
ကြွက်နို့၊ အသားပိုနဲ့ လူကြီးမှဲ့ခြောက် ဖယ်ရှားတဲ့အခါ အသုံးဝင်တယ်။ ချွေးဖု (syringoma)၊ မျက်ခမ်းအဆီဖု (milia)၊ အဆီအိတ် (sebaceous hypertrophy) တွေ ကုသရာမှာ အသုံးဝင်တယ်။ မျက်နှာပြင် အသားညှိခြင်း (Skin Resurfacing) ပြုလုပ်တဲ့အခါ ဒီလေဆာကို အသုံးများတယ်။ အမာရွတ်နဲ့ မျက်နှာ အရေးအကြောင်းကုသရာမှာ အသုံးဝင်တယ်။ မျက်စိ ခွဲစိတ်မှုနဲ့ ကင်ဆာအလုံးအကျိတ်တွေ ဖယ်ရှားတဲ့အခါ အသုံးပြုနိုင်တယ်။ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းပြဿနာနဲ့ မိန်းမကိုယ်ကျဉ်းအောင် ပြုလုပ်ရာမှာလည်း အသုံးဝင်တယ်။
CO2 Laser မှာ Continuous, Pulsed နဲ့ Fractional ဆိုပြီး (၃)မျိုး ရွေးနိုင်တယ်။ Continuous Wave CO2 Laser ဟာ စဉ်ဆက်မပြတ် လှိုင်းထုတ်လွှတ်နိုင်ပြီး ခွဲစိတ်ကုသရာမှာ အသုံးဝင်တယ်။ ဒီလေဆာကို ဓားနေရာမှာ အစားထိုးအသုံးပြုနိုင်တယ်။ လေဆာအပူကြောင့် သွေးထွက်နည်းပြီး တိကျတဲ့ဖြတ်တောက်မှုမျိုး ပြုလုပ်နိုင်တယ်။
Pulsed CO2 Laser ဆိုတာ လှိုင်းတိုတွေ မကြာခဏထုတ်လွှတ်ပြီး အရေပြားကိုဖျက်ဆီးရာမှာ အသုံးဝင်တယ်။ လေဆာက အပူထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်ပြီး စက္ကန့်ပိုင်းအတွင်း ဆက်တိုက်ထွက်လာတဲ့ စွမ်းအင်မြင့် လေဆာလှိုင်းတွေကြောင့် အရေပြားအောက်လွှာထိ ထိုးဖောက်ဖြတ်တောက်နိုင်တယ်။ ဘေးသားကို အပူမထိတာကြောင့် တိကျတဲ့ ကုသမှုမျိုးပေးနိုင်တယ်။ အလှအပဆိုင်ရာ ကုသမှုတွေမှာ အဓိကအသုံးပြုကြတယ်။
Fractional CO2 Laser ဟာ အလွန်သေးငယ်တဲ့ ဇကာကွက်ပုံစံ လေဆာတန်းတွေ ထွက်ပေါ်လာလို့ အရေပြား အသားညှိ(laser resurfacing)တဲ့အခါ အသုံးဝင်တယ်။ အရေပြားရဲ့ ၂၀% ကိုသာ ထိခိုက်စေလို့ အနာကျက်မြန်တယ်။ အလွန်ကြီးမားတဲ့အမာရွတ်ချိုင့်ခွက်တွေ ကုသရာမှာ အသုံးဝင်တယ်။ အသားအရေ ညီညာလာစေတယ်။
ဒီလေဆာနဲ့ ကုသမှုမခံယူခင် အသားအရေနဲ့ တည့်မတည့်၊ အနာဖြစ်နိုင်ခြေ ရှိမရှိ စတာတွေကို ဆရာဝန်က သုံးသပ်ပေးဖို့ လိုပါတယ်။ လေဆာမပစ်ခင် သွေကျဲစေတဲ့ Aspirin, Ibuprofen, Vitamin E, fish oil ဆေးဝါးတွေကို (၁)ပတ်ခန့် ကြိုရပ်နားထားပါ။ အရေပြားပါးစေတဲ့ Retinol, Adapalene, Tretinoin, AHA, BHA လိမ်းဆေးတွေ အနည်းဆုံး ၅ ရက်ခန့် ကြိုရပ်ထားသင့်တယ်။ အရက်နဲ့ ဆေးလိပ်သောက်ခြင်းကို အနည်းဆုံး (၃)ရက်ဖြတ်ထားပါ။ CO2 laser မလုပ်မှီ ၃ ရက်အတွင်း waxing, bleaching, dermabrasion, scrubing, peeling, exfoliation ချေးချွတ်တာမျိုးတွေ ရှောင်ကြဉ်ပါ။ ဒီလေဆာက herpes simplex ရေယုန်ဖုလေးတွေ ထနိုင်လို့ လိုအပ်ရင် Antiviral ဗိုင်းရပ်စ်ဆေးကို ၂ရက်ခန့်ကြိုပေးထားသင့်တယ်။
ကုသပုံ အဆင့်ဆင့်
—————–
ဒီလေဆာပစ်တဲ့အခါ ကုသမယ့် နေရာကို အရင် သန့်ရှင်းရေးဝင်ပြီး ထုံဆေးလိမ်းပေးရတယ်။ ထုံဆေး အာနိသင်ရအောင် ၃၀မိနစ်-၄၅ မိနစ် စောင့်ရတယ်။ လိုအပ်ရင် ထုံဆေး ထိုးပေးရတယ်။ တခါတရံ စိတ်ငြိမ်ဆေး တိုက်ရတာမျိုးရှိနိုင်တယ်။ လူနာနဲ့ ဆရာဝန် နှစ်ဖက်လုံး မျက်လုံးအကာအကွယ်တပ်ရတယ်။
CO2 လေဆာနဲ့ ကုတဲ့အခါ အနီရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီး အရေပြားလွှာတွေ၊ တစ်ရှူးတွေကို ဖြတ်တောက်ဖျက်ဆီးပစ်နိုင်တယ်။ အထူးသဖြင့် ရေဓာတ်ရှိတဲ့ ခန္ဓာကိုယ်ဆဲလ်မှန်သမျှ ဒီလေဆာက ဖျက်ဆီးနိုင်ပါတယ်။ ဒါ့ကြောင့် အလှအပဆိုင်ရာ လေဆာတွေထဲမှာ အသုံးများဆုံးလေဆာဖြစ်လာတယ်။
ဒီလေဆာကြောင့် အနည်းငယ်နာကျင်နိုင်တယ်။ ခပ်ပူပူ စပ်ဖျဉ်းဖျဉ်း ခံစားချက်မျိုး ရှိတတ်တယ်။ လေဆာအပူဓာတ်ကြောင့် လေဆာပစ်နေစဉ် ရေအေးကပ်တာ၊ အအေးဓာတ်ပေးတာမျိုး ဘေးကအမြဲပြုလုပ်နေသင့်တယ်။ အအေးပန်ကာ ပေးပါ။ လေဆာပစ်ချိန်ဟာ နာရီဝက်-တစ်နာရီလောက် ကြာမြင့်တတ်တယ်။လေဆာပစ်ပြီးတဲ့အခါ အရေပြား အေးမြအောင် ဆက်လက်ပြုလုပ်ပေးသင့်တယ်။ အအေးဝတ်ကပ်တာ၊ အစိုဓာတ်ထိန်းဆေးလိမ်းတာ၊ အေးမြတဲ့ mask ကပ်တာမျိုး လုပ်သင့်တယ်။
Post-laser Care
—————-
လေဆာပစ်ပြီး ပထမ ၂၄ နာရီ-၄၈နာရီအတွင်း အထူးဂရုစိုက်သင့်တယ်။ လေဆာပစ်တဲ့နေရာကို ဆပ်ပြာမသုံးဘဲ ရေအေးနဲ့သာ ခပ်ဖွဖွ သန့်စင်ပါ။ ဆရာဝန်ညွှန်ထားတဲ့ အနာလိမ်းဆေးနှင့် moisturizer သုံးပါ။ သောက်ဆေးတွေ နေ့စဉ်ပုံမှန်သောက်ပါ။ ပထမ ၅ရက်အတွင်း အနာကို ထိတွေ့ကိုင်တွယ်တာ၊ ကုတ်တာ လုံးဝမလုပ်သင့်ဘူး။ အနာဖေး၊ အမာဖတ်ဖြစ်ရင် ခွာဖို့ မကြိုးစားပါနဲ့။ လေဆာ ပထမပတ်အတွင်း နေရောင်တိုက်ရိုက်ထိတွေ့တာမျိုး ရှောင်ကြဉ်ပါ။ နေရောင်ကာကွယ်ဖို့ SPF 30 sunscreen အသုံးပြုပါ။ အပူနဲ့ ချွေးထွက်များတဲ့ လှုပ်ရှားမှုမျိုး ရှောင်ကြဉ်ပါ။
လေဆာပစ်တဲ့အခါ အရေပြားနီမြန်းခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အသားအရောင်ပြောင်းခြင်းတွေ ယာယီဖြစ်နိုင်ပါတယ်။ တခါတရံ အနာဖတ်တက်လာတယ်။ ဒီလက္ခဏာတွေဟာ ၂ရက်-၂ပတ်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။
အားသာချက်
————
ဒီလေဆာရဲ့ အဓိကအားသာချက်က တစ်ကြိမ်တည်းနှင့် ရလဒ်ကောင်းရနိုင်တာ ဖြစ်ပါတယ်။ ပုံမှန်ခွဲစိတ်မှုထက် ပိုမိုတိကျတယ်။ အနာသက်သာတာ မြန်တယ်။ ဘေးထွက်ဆိုးကျိုးနည်းတယ်။ အသားပို၊ ကြွက်နို့နဲ့ အဆီဖုတွေမှာ ၇၀-၉၀% သက်သာနိုင်တယ်။ အမာရွတ်ကုတဲ့အခါ ဒီလေဆာက ၄၀-၇၀% ထိသက်သာပျောက်ကင်းနိုင်တယ်။ မှဲ့ခြောက်၊ မှဲ့စိုနဲ့ နာတာရှည်အဖုတွေကို ၆၀-၈၀% သက်သာစေတယ်။အရေးအကြောင်းတွေကို ၅၀-၈၀% ထိသက်သာစေတယ်။
အားနည်းချက်
————-
အားနည်းချက်က စရိတ်စခ ကြီးမြင့်နိုင်တာဖြစ်တယ်။ မျက်နှာတပြင်လုံးပစ်တဲ့ resurfacing laser မှာ အရေပြားရဲတာ၊ ပြည်တည်တာမျိုးဖြစ်နိုင်တယ်။ အနာဖတ်၊အနာဖေးတွေ ၁-၂ပတ်လောက် ဖြစ်တတ်တယ်။ ကုန်ကျစရိတ်ဟာ တစ်ကြိမ်ကို ၃၀၀,၀၀၀ ကျပ်မှ ၁,၅၀၀,၀၀၀ ကျပ်အထိ ရှိနိုင်တယ်။ ကုသမှုနဲ့ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအလိုက် ဈေးတွေ ကွဲပြားသွားနိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews