Henoch-Schönlein Purpura (HSP) ခုခံအား သွေးခြေဥရောဂါ
Henoch-Schönlein Purpura (HSP) ဆိုတာ သွေးကြောငယ်လေးတွေ ရောင်ရမ်းတဲ့ ရောဂါ (Vasculitis) တစ်မျိုးဖြစ်ပါတယ်။ ဒီရောင်ရမ်းမှုကြောင့် သွေးကြောငယ်လေးတွေ ပျက်စီးသွားတဲ့အခါ အရေပြားအောက်သွေးယိုစိမ့်မှုဖြစ်ပြီး အနီစက်တွေ စတင်ဖြစ်ပေါ်လာပါတယ်။အထူးသဖြင့် Purpura လို့ခေါ်တဲ့ အနီရောင်၊ခရမ်းရောင် အကွက်တွေ အရေပြားမှာ ရုတ်တရက် ထွက်လာပါတယ်။ ဒီအကွက်တွေကို ဖိနှိပ်လိုက်ရင် မပျောက်ဘဲ ကျန်နေတတ်ပါတယ်။
HSP ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရပေမယ့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မိမိကိုယ်ကိုယ် ပြန်တိုက်ခိုက်တဲ့ရောဂါ (Autoimmune reaction) အဖြစ် လက်ခံယူဆကြတယ်။ ကူးစက်ရောဂါ (အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများ၊ Strep throat လို လည်ချောင်းနာဘက်တီးရီးယားပိုး)တွေနဲ့ ဆက်စပ်နိုင်တယ်။ ဆေးဝါးတွေနဲ့လည်း သက်ဆိုင်တယ်လို့ ခန့်မှန်းကြတယ်။ HSP ဟာ အသက် ၂ နှစ်ကနေ ၆ နှစ်အတွင်း ကလေးတွေမှာ အဖြစ်များတယ်။ ယောင်္ကျားလေးတွေမှာ ပိုတွေ့ရတယ်။ လူကြီးတွေမှာလည်း ဖြစ်နိုင်ပေမယ့် ရှားပါတယ်။
HSP ရဲ့ ရောဂါလက္ခဏာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ကွဲပြားနိုင်ပါတယ်။ အဓိက လက္ခဏာ (၄) မျိုး ရှိပါတယ်။
၁။ သွေးခြည်ဥ အကွက်များ (Purpura)
ခြေထောက်၊ တံတောင်ဆစ်၊ ပေါင်နှင့် တင်ပါးတို့မှာ အဓိကပေါ်တတ်တယ်။ အနီရောင် သို့မဟုတ် ခရမ်းရောင် အဖုတွေ (သို့) အကွက်တွေ အဖြစ် မြင်ရတယ်။ ဖိနှိပ်ကြည့်လိုက်ရင် အရောင်ပျောက်မသွားတဲ့ (Non-blanching) လက္ခဏာဟာ သွေးယိုစိမ့်မှုရဲ့ လက္ခဏာဖြစ်တယ်။ ရောင်ရမ်းမှုနဲ့ အတူ နာကျင်မှုလည်း ရှိတတ်တယ်။
၂။ အဆစ်နာကျင်ကိုက်ခဲခြင်း (Arthralgia/Arthritis)
ဒူးနဲ့ ခြေကျင်းဝတ်အဆစ်တွေမှာ အဖြစ်များတယ်။ အဆစ်တွေ ရောင်ရမ်းပြီး နာကျင်ကိုက်ခဲမှုကြောင့် လမ်းလျှောက်ရခက်ခဲနိုင်တယ်။
၃။ Abdominal Pain (ဗိုက်အောင့်ခြင်း)
အူလမ်းကြောင်း သွေးကြောငယ်လေးတွေ ရောင်ရမ်းတဲ့အခါ ဗိုက်အောင့်တာအပြင် အန်တာ၊ ဝမ်းထဲသွေးပါတာ (ဝမ်းမည်းသွားခြင်း) တွေ ဖြစ်နိုင်တယ်။ ရောဂါအလွန်ပြင်းထန်ရင် အူထပ်ခြင်း (Intussusception)လို ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာမျိုး ဖြစ်နိုင်ပါတယ်။
၄။ ကျောက်ကပ်ထိခိုက်ခြင်း (Renal Involvement)
HSP ရဲ့ အရေးအကြီးဆုံး နောက်ဆက်တွဲ ပြဿနာ ဖြစ်တယ်။ ဆီးထဲမှာ ပရိုတင်းနဲ့ သွေးစ ပါလာတတ်ပါတယ်။ မျက်စိနဲ့ မမြင်ရပေမယ့် စစ်ဆေးကြည့်ရင် တွေ့ရှိနိုင်တယ်။ ဆီးထဲသွေးပါပြီး ဆီးအရောင် ရင့်တာ၊ အနီရောင်သန်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ HSP Nephritis ခေါ်တဲ့ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေနိုင်တဲ့အတွက် ဂရုတစိုက် စောင့်ကြည့်ကုသရပါတယ်။
HSP ကို ဘယ်လိုရှာဖွေမလဲ
သွေးစစ်တဲ့အခါ ကိုယ်ခံအားစနစ် (IgA) တွေ မြင့်တက်နေတယ်။ သွေးဖြူဥဆဲလ်တွေ များနေနိုင်တယ်။ ကျောက်ကပ်ထိခိုက်မှုရှိမရှိ ဆီးစစ်သင့်တယ်။ ဆီးထဲ ပရိုတင်း ပါဝင်မှု သို့မဟုတ် သွေးပါဝင်မှု ရှိမရှိ စစ်ဆေးရမယ်။ လိုအပ်ရင် အရေပြား (သို့) ကျောက်ကပ်က အသားစ နမူနာယူပြီး ခွဲခြမ်းစစ်ဆေးရတတ်ပါတယ်။
ကုသနည်း
HSP အတွက် ကုသနည်း တိတိကျကျ မရှိပါ။ ဒီရောဂါဟာ သူ့ဘာသာ ပျောက်ကင်းသွားတတ်တယ်။ ရောဂါကုသမှုဟာ လက္ခဏာကို သက်သာစေဖို့နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့ အတွက်သာ ဖြစ်တယ်။ ဒါ့ကြောင့် အဆစ်ရောင်ရမ်းချိန်မှာ အနားယူပါ။ Ibuprofen လို ဆေးဝါးတွေက အဆစ်နာကျင်မှုကို သက်သာစေတယ်။ ဒါပေမယ့် ကျောက်ကပ်မကောင်းသူတွေမှာလည်း သတိထားသုံးစွဲသင့်တယ်။လိုအပ်ရင် Prednisolone စတီးရွိုက်ဆေးတွေ ပေးနိုင်တယ်။ ဗိုက်အောင့်ခြင်း၊ အဆစ်နာခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်ရင် ကျောက်ကပ်အထူးကုဆရာဝန်နှင့် ပြသပြီး ကိုယ်ခံအားစနစ်ကို ထိန်းချုပ်သော ဆေးဝါး(Immunosuppressants) တွေသုံးပြီး ကုသမှုခံယူသင့်တယ်။
ကလေးအများစုမှာ HSP လက္ခဏာတွေဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့ဘာသာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကလေး ၃ ယောက်မှာ တစ်ယောက်ခန့်ဟာ ရောဂါလက္ခဏာ ပြန်ပေါ်တတ်ပါတယ်။ ကလေးတွေမှာ ရေရှည် ကျောက်ကပ်ပျက်စီးမှု (Chronic Kidney Disease) ဖြစ်နိုင်တဲ့အတွက် HSP ဖြစ်ပြီးနောက် အနည်းဆုံး ၆ လမှ ၁၂ လအထိ ဆီးကို ပုံမှန်စစ်ဆေးနေဖို့ အရေးကြီးပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews