Phaeohyphomycosis မှိုမည်းကြောင့်ဖြစ်တဲ့ အနာ
Phaeohyphomycosis ဆိုတာ အမည်းရောင် မှိုမျိုးစိတ်(Dematiaceous fungi)ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီမှိုရဲ့ လက်တံ အခက်အလက်(hyphae) တွေဟာ အညိုရောင် သို့မဟုတ် အမည်းရောင် ရှိလို့ မှိုမည်းလို့ ခေါ်ပါတယ်။ ရောဂါဟာ အရေပြားနဲ့ အောက်ခံတစ်ရှူးတွေမှာ အဖြစ်များတယ်။ တစ်ခါတစ်ရံ ဦးနှောက် အပါအဝင် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေထိ ပြန့်နှံ့သွားနိုင်တယ်။
ရောဂါဖြစ်ပွားပုံ
အရေပြားမှာ ဆူးစူးခြင်း၊ ထိခိုက်ရှနာခြင်းစတဲ့ အသေးစားဒဏ်ရာကလေးတွေကတဆင့် မှိုပိုးဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတယ်။ တခါတရံ မှိုပိုးပါဝင်တဲ့ ဖုန်မှုန့်တွေ ရှုရှိုက်မိရာက အဆုတ်ထဲ ဝင်ရောက်လာနိုင်တယ်။
Phaeohyphomycosis
၁။ အရေပြားနှင့် အောက်လွှာ ပိုးဝင်ခြင်း (Superficial and Cutaneous)
အရေပြားပေါ်ရှိ နာကျင်မှုမရှိသော အသားရောင် (သို့) အမည်းရောင် အကွက်များ ပေါ်လာတယ်။
၂။ အောက်ခံတစ်ရှူးရောဂါ (Subcutaneous)
အရေပြားအောက်ခံတစ်ရှူးတွေထိ ပိုးဝင်ရောက်လာတယ်။ မှိုဝင်တဲ့နေရာမှာ အရည်အိတ် (cyst) သို့မဟုတ် အကျိတ် (nodule) တစ်ခု ဖြစ်ပေါ်လာတယ်။ ဒီအကျိတ်ဟာ နာကျင်မှုမရှိဘဲ၊ တဖြည်းဖြည်း ကြီးထွားလာတတ်ပြီး ပြည်တည်နာ ဖြစ်တတ်တယ်။ဒီအမျိုးအစားဟာ အဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။
၃။ ပြန့်ပွားသော ရောဂါ (Disseminated)
ရောဂါပိုးဟာ သွေးကြောကတဆင့် ဦးနှောက်၊ အဆုတ်၊ အသည်း၊ အရိုး စတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီ ပြန့်နှံ့သွားတတ်တယ်။ ကိုယ်ခံအားကျဆင်းနေသူ (ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူ၊ ကင်ဆာရောဂါ၊ HIV/AIDS) မှာ အဖြစ်များပါတယ်။ဒီအဆင့်ဟာ အပြင်းထန်ဆုံးအဆင့်ဖြစ်ပါတယ်။
၄။ ဦးနှောက်အနာ (Cerebral Phaeohyphomycosis)
မှိုပိုးကြောင့် ဦးနှောက်မှာ ပြည်တည်နာ (abscess)တွေကို ဖြစ်ပေါ်စေနိုင်တယ်။ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ အာရုံကြောချို့ယွင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
လက္ခဏာတွေဟာ အမျိုးအစားလိုက်ကွာခြားနိုင်တယ်။ အသားရောင်/အမည်းရောင် အကွက်တွေအပြင် အရည်အိတ်၊ အကျိတ်၊ အနာစတာတွေ ဖြစ်နိုင်တယ်။ ရောဂါပြန့်ပွားတဲ့အခါ ဖျားနာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ချမ်းတုန်ခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ဖြစ်နိုင်တယ်။ ဦးနှောက်ပိုးဝင်ရင် ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ တက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ အဆုတ်ပိုးဝင်တဲ့အခါ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်တယ်။
ဘယ်သူတွေမှာ ပိုဖြစ်နိုင်ခြေများလဲ။ ကိုယ်ခံအားကျဆင်းနေသူများ (ဥပမာ- HIV/AIDS၊ ကင်ဆာ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူ)၊ အရေပြားကို ထိခိုက်ဒဏ်ရာရသူ၊ စတီးရွိုက်ဆေး (Corticosteroids) သို့မဟုတ် ဓာတုကုထုံး (Chemotherapy) ခံယူနေရသူတွေမှာ ပိုအဖြစ်များတယ်။
ဘယ်လိုကုသမလဲ
အကောင်းဆုံးနည်းလမ်းကတော့ ခွဲစိတ်ဖယ်ရှားခြင်းနှင့် ဆေးဝါးကုသခြင်းကို တွဲဖက်အသုံးပြုခြင်း ပဲဖြစ်ပါတယ်။ အကျိတ် (သို့) အရည်အိတ်ကို Surgery နည်းနဲ့ လုံးဝဖယ်ရှားသင့်တယ်။ဆေးပေးတဲ့အခါ Itraconazole၊ Voriconazole၊ Posaconazole စတဲ့ဆေးတွေကို လနဲ့ချီပြီး ကြာရှည်သောက်သုံးရတယ်။ ပြင်းထန်သော ရောဂါတွေမှာ Amphotericin B ထိုးဆေးကို သွေးကြောကတဆင့် ပေးရတယ်။
ကာကွယ်နည်း
ဆူးစူးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းမရှိအောင် ဖိနပ်စီးပြီးမှ သွားလာသင့်တယ်။ ခြေထောက်ဒဏ်ရာရှိရင် ဆပ်ပြာနှင့်ရေသန့်သန့် သုံးပြီး သေချာဆေးကြောပါ။ ပိုးသတ်ထားတဲ့ ပလာစတာ ကပ်ထားပါ။ မြေကြီး၊ ဖုန်မှုန့်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိအောင် နေထိုင်ပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews