Open 9:00-12:00 AM
+95 92051590

Albinism

29 Oct, 2021 | No Comments

Albinism

Albinism တကိုယ်လုံး အဖြူစွဲရောဂါ

Albinism (တကိုယ်လုံး အဖြူစွဲရောဂါ)ဆိုတာ မွေးရာပါ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် လူ့ခန္ဓာကိုယ်မှာ မယ်လနင် အမဲရောင်ဓာတ်ပစ္စည်း (melanin) ထုတ်လုပ်မှု မရှိခြင်း (သို့) အလွန်နည်းပါးခြင်း ကို ခေါ်ပါတယ်။ ဒီရောဂါမှာ အရေပြားသာမက ဆံပင်၊မျက်လုံး စတဲ့ အစိတ်အပိုင်းတွေမှာပါ အမည်းရောင်ခြယ်ဓာတ် ချို့တဲ့နေပါတယ်။ 

Albinism ဟာ အာဖရိကနိုင်ငံတွေမှာ အဖြစ်များပြီး လူ ၁၇,၀၀၀ ယောက်မှာ ၁ ယောက် နှုန်းဖြစ်ပွားတတ်ပါတယ်။ မိဘနှစ်ပါးစလုံး မျိုးဗီဇချို့ယွင်းမှုရှိမှသာကလေးမှာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ပေမယ့် မွေးရာပါရောဂါ ဖြစ်တာကြောင့်တစ်သက်လုံး ရှိနေတတ်ပါတယ်။ 

တကိုယ်လုံးအဖြူစွဲခြင်းရဲ့ အဓိကအကြောင်းရင်းတွေက TYR, OCA2, TYRP1 အစရှိတဲ့ မျိုးဗီဇချို့ယွင်းခြင်းကြောင့် ဖြစ်စေတယ်။ မျိုးဗီဇချို့တဲ့မှုကြောင့် အမည်းရောင်ခြယ် (melanin)ထုတ်လုပ်ဖို့ လိုအပ်တဲ့ အင်ဇိုင်းဓာတ်မထုတ်နိုင်ဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုဟာ အဖြူစွဲသွားတယ်။ 

Albinism ဖြစ်တဲ့အခါ မျက်လုံးနဲ့ အရေပြား အဖြူစွဲရောဂါ (Oculocutaneous Albinism) နဲ့ မျက်လုံး အဖြူစွဲရောဂါ(Ocular Albinism)ဆိုပြီး ရှိပါတယ်။ အရေပြားလက္ခဏာတွေထဲမှာ အသားအရည် အလွန်ဖြူနေပြီး နေလောင်လွယ်တယ်။ ဒီအမျိုးအစားဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေမြင့်မားတယ်။ တခါတရံ အမွှေးအမျှင်ဖြူတာလည်းဖြစ်နိုင်တယ်။ ဆံပင်သာမက မျက်ခုံး၊မျက်တောင်မွှေးဖြူတတ်တယ် ဆံပင်ဝါတာမျိုးလည်းဖြစ်နိုင်တယ်။ မျက်လုံးမှာဖြစ်ရင် အမြင်အာရုံ မကြည်လင်တာနဲ့ အလင်းရောင်ဒဏ် မခံနိုင်တာ (Photophobia)တွေဖြစ်နိုင်တယ်။ မျက်လုံးမကြာခဏ လှုပ်ရှားနေခြင်း (Nystagmus) နဲ့ မျက်စိစွေစောင်းတာ (Strabismus) ရှိနိုင်တယ်။

Albinism ရှိသူဟာ အရေပြားကင်ဆာ (Melanoma)ဖြစ်နိုင်ချေများတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု)များပြီး လူမှုရေး အခက်အခဲများ (ခွဲခြားဆက်ဆံခံရခြင်း)တွေဖြစ်ပေါ်နိုင်တယ်။

ကုသနည်း

Albinism ကို လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းမရှိသေးတာကြောင့် ရောဂါလက္ခဏာတွေကို သက်သာစေအောင် ပြုလုပ်ရတယ်။ အမြင်အာရုံကို ပိုကောင်းအောင် ကူညီပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်မဖြစ်အောင် ကာကွယ်ရတယ်။ 

ကာကွယ်ခြင်း

နေရောင်ခြည်ဒဏ်မှ ကာကွယ်ဖို့ နေလောင်ကာခရင်မ် (SPF 50+) လိမ်းပေးပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။ မျက်လုံးကာကွယ်တဲ့အခါ ခရမ်းလွန်ရောင်ခြည် (UV ray)ကာကွယ်နိုင်တဲ့ မျက်မှန် တပ်ဆင်ပါ။ ဦးထုပ်အကာအကွယ်ဆောင်းပါ။

အရေပြားနဲ့ မျက်စိကို ပုံမှန်စစ်ဆေးသင့်တယ်။

လက်ရှိအချိန်ထိ မျိုးဗီဇချို့တဲ့မှုကြောင့် ဖြစ်လာတဲ့ အဖြူစွဲရောဂါတွေအတွက် ကုသနည်းမရှိသေးပေမယ့် အနာဂတ်မှာတော့ ကုသနည်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Nitisinone ဆေးက အလားအလာအကောင်းဆုံးဖြစ်နေပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Related Tags

Write Reviews

Leave a Comment

No Comments & Reviews