Chromoblastomycosis ကြွက်နို့မှိုစွဲနာ
Chromoblastomycosis ဆိုတာက မှိုမည်း (Dematiaceous fungi) လို့ခေါ်တဲ့ အညိုရောင်၊ အမည်းရောင် မှိုမျိုးစိတ်ကြောင့်ဖြစ်တဲ့ နာတာရှည် ကူးစက်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ မှိုမည်းကြောင့် အရေပြားနှင့် အောက်ခံတစ်ရှူးတွေ ထိခိုက်ပြီး ကြွက်နို့ဆန်ဆန် အနာတွေ ဖြစ်ပေါ်လာစေတယ်။ ရောဂါရဲ့ အထူးခြားဆုံး အမှတ်အသားက အနာထဲမှာ အညိုရောင် သံချေးစေ့သဏ္ဌာန် ဆဲလ်များ (sclerotic bodies or copper pennies) တွေ့ရှိရခြင်း ပဲဖြစ်ပါတယ်။
အမည်းရောင်မှိုအုပ်စုဝင် Fonsecaea pedrosoi, Cladophialophora carrionii, Phialophora verrucosa မှိုမျိုးစိတ်ကြောင့် အဓိကဖြစ်တယ်။ အရေပြားကို ဆူးစူးခြင်း၊ သစ်သားချောင်းစူးခြင်း၊ ထိခိုက်ရှနာရခြင်း စတဲ့ ဒဏ်ရာကလေးတွေကနေတစ်ဆင့် မှိုဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပါတယ်။ လယ်သမား၊ ဥယျာဉ်မှူး၊ သစ်ထုတ်လုပ်ရေးလုပ်သားစတဲ့ ခြေထောက်ဗလာနဲ့ မြေကြီးကို ထိတွေ့ပြီး အလုပ်လုပ်ရသူတွေ မှာ အဖြစ်များပါတယ်။
လက္ခဏာရပ်များ
ရောဂါလက္ခဏာဟာ ခြေထောက်မှာ အဖြစ်အများဆုံးဖြစ်တယ်။ ဆူးစူးနိုင်တဲ့ လက်၊ ပခုံး၊ ကျောပြင်တွေမှာလည်း ဖြစ်တတ်ပါတယ်။ မှိုစဝင်တဲ့နေရာမှာ နာကျင်မှုမရှိသော အဖုသေးသေးလေး (papule) အဖြစ် စတင်ပေါ်ပေါက်လာပါတယ်။ ဒီအဖုဟာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာတဲ့အထိ မပြောင်းလဲဘဲ ရှိနေတတ်ပါတယ်။
ရောဂါကြီးထွားလာတဲ့အခါ အဖုဟာ ကြီးထွားပြန့်ကားလာပြီး အကွက်ငယ်ပုံစံ (plaque) ဖြစ်လာတတ်ပါတယ်။ အဖုရဲ့ မျက်နှာပြင်ဟာ အရေပြားမညီညာဘဲ ကြွက်နို့ဆန်ဆန် (verrucous) ပန်းဂေါ်ဖီအနာမျိုးဖြစ်လာတတ်ပါတယ်။ အနာမျက်နှာပြင်မှာ အနာဖေးတွေ တက်လာပါတယ်။
နောက်ဆုံးအဆင့်မှာ အနာဟာ ပိုမိုကြီးထွားပြန့်ကားလာပြီး ခြေထောက်/လက် ကြီးမားလာပြီး ဆင်ခြေထောက်(Elephantiasis) အဆင့်ထိ ရောက်လာတယ်။ အနာကြောင့် လမ်းလျှောက်ရခက်လာတယ်။ အနာမျက်နှာပြင်မှာ ဆဲလ်ပြောင်းလဲမှုကြောင့် အရေပြားကင်ဆာအကျိတ် (Squamous Cell Carcinoma) အထိ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်။
ရောဂါစစ်ဆေးခြင်း
ရောဂါရှာဖွေဖို့ အသားစယူပြီး Skin Biopsy နည်းနဲ့ စစ်ဆေးနိုင်တယ်။ အနာကို ခြစ်ပြီး မှန်ဘီလူးအောက်မှာ Microscopy နည်းနဲ့ စစ်ဆေးကြည့်နိုင်တယ်။ အညိုရောင် သံချေးစေ့ ဆဲလ်အပိုင်းအစတွေ (sclerotic bodies) တွေ့ရှိရင် Chromoblastomycosis လို့ အတည်ပြုနိုင်ပါတယ်။ မှိုအမျိုးအစား အတည်ပြုဖို့ Fungal culture နည်းနဲ့ ပိုးမွေးမြူစစ်ဆေးနိုင်ပါတယ်။
ကုသနည်း
Chromoblastomycosis ရောဂါဟာ ကုသမှုဟာ ခက်ခဲပြီး ကြာရှည်တတ်တယ်။ ကုသမှု နောက်ကျရင် ပျောက်ကင်းဖို့ မလွယ်ကူပါဘူး။ မှိုပိုးသတ်ဆေး Itraconazole နဲ့ Terbinafine တွေကို ၆ လမှ ၁၂ လ ထိ ကြာအောင် ဆက်တိုက်သောက်သုံးရတယ်။ Potassium Iodide သောက်ဆေးတွေလည်း အသုံးပြုနိုင်ပါတယ်။
ရောဂါကူးစက်နေတဲ့ တစ်ရှူးတွေ အားလုံးကို ခွဲစိတ်ပြီး (Surgical Excision) လုံးဝဖယ်ရှားပစ်နိုင်ရင် ပျောက်ကင်းနိုင်ခြေ အများဆုံးဖြစ်ပါတယ်။ မှိုစွဲနေတဲ့ တစ်ရှူးတွေကို ဖျက်ဆီးတဲ့အခါ အေးခဲနည်း (Cryotherapy) သို့မဟုတ် အပူပေးနည်း (Thermotherapy)တခုခုကို အသုံးပြုပြီး ကုသနိုင်တယ်။ အကောင်းဆုံးကုသမှုနည်းလမ်းက ဆေးဝါးကုသမှုနဲ့ ခွဲစိတ်မှုကို တွဲဖက်အသုံးပြုခြင်း ဖြစ်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews