Open 9:00-12:00 AM
+95 92051590

Foundation Vs BB cream

19 Nov, 2021 | No Comments

Foundation Vs BB cream

Foundation နဲ့ BB cream ဘာကွာခြားလဲ

Foundation ဆိုတာ မိတ်ကပ်ရည်တမျိုးဖြစ်ပြီး BB cream ကတော့ မိတ်ကပ်သားပါတဲ့ လိမ်းဆေးခရင်မ်  တမျိုး ဖြစ်ပါတယ်။ ဒါဆို ဒီနှစ်မျိုးဘာကွာခြားသလဲ။ အလွယ်ဆုံးနားလည်လွယ်အောင် ပြောရရင် ပါဝင်ပစ္စည်း၊ ဖော်မြူလာနဲ့ဖုံးကွယ်နိုင်စွမ်းတွေ ကွာခြားသွားတယ်လို့ပြောရမယ်။ BB cream ကို “Blemish Balm” သို့မဟုတ် “Beauty Balm” ခေါ်တယ်။ အမဲစက်တွေကို ဖုံးကွယ်နိုင်စွမ်း အးကောင်းတယ်။ tinted moisturizer ထက် အမဲစက်ဖုံးကွယ်မှု ပိုကောင်းနေမယ်။ အရောင်ပါအစိုဓာတ်ထိန်းပစ္စည်း (tinted moisturizer) ထက်ပိုပျစ်ပါတယ်။ သို့သော် မိတ်ကပ်ရည် (foundation) လောက် မထူပါ။ မိတ်ကပ်သား မပါဝင်ပါ။  အားသာချက်က နေလောင်ကာနိုင်မှု ပိုကောင်းတာနဲ့ အသားအရေ ပြုပြင်နိုင်တဲ့ ပစ္စည်းပိုပါတာဖြစ်တယ်။

ပုံမှန်အားဖြင့် BB သုံးရင် မိတ်ကပ်လိမ်းထားမှန်း သိပ်မသိသာဘူး။ အောက်ခံအရောင်က ခပ်ပြေပြေ ခပ်ဖျော့ဖျော့သာ ဖြစ်နေမယ်။ အာနိသင်တွေက စုံပါတယ်။ အစိုဓာတ်ထိန်းတယ်။ နေလောင်ကာတယ်။ အရေပြား အိုမင်းရင့်ရော်မှုကို  ကာကွယ်ပေးတယ်။ serum, moisturiser, primer, foundation နဲ့ sunblock စတဲ့အာနိသင်တွေ  တစုတည်း ပေါင်းထားတဲ့ သဘောဖြစ်လို့အချိန်ကုန်သက်သာတယ်။ အမဲစက်၊ အမာရွတ်ကွက်တွေ ခပ်ပါးပါးဖုံးနိုင်တယ်။ တချို့ BB ေတွက primer ပါပြီးသားမို့ တဆင့်တည်းလိမ်းရုံနဲ့ ပြီးတယ်။ bb လိမ်းတဲ့အခါ လက်ချောင်း၊မိတ်ကပ်ဖော့၊ စုတ်တံ မိမိနှစ်သက်ရာနဲ့လိမ်းပေးနိုင်တယ်။ ယေဘုယျအားဖြင့် BB cream တမျိုးဟာ ကာလာ ၂-၄ ရောင်လောက်သာ လာလေ့ရှိတယ်။ မိတ်ကပ်ရည် (foundation)တွေကတော့  မျက်နှာအမဲစက်၊ အပြစ်အနာအဆာ ဖုံးကွယ်နိုင်စွမ်းမှာ ပိုကောင်းတယ်။ မိတ်ကပ်သား ပိုများသလို ပိုပျစ်တယ်။ အရောင်ထူတယ်။ လိမ်းထားရင် အသားဖြူတယ်။ အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်စွမ်း ပိုအားကောင်းတယ်။ အရည်အပျစ်အကျဲပေါ်မူတည်ပြီး foundation အမျိုးအစား လေးမျိုးရှိတယ်။ 

(၁) sheer cover makeup

(၂) light cover makeup

(၃) medium cover makeup

(၄) full cover makeup


(၁) sheer cover foundation 

ဒီမိတ်ကပ်က အရည်ခပ်ကျဲကျဲမိတ်ကပ်တွေကို ခေါ်တာပါ။ မိတ်ကပ်ရောင် ပါးလွန်းလို့  “sheer cover”လို့ ခေါ်တယ်။ တချို့က “sheer makeup”လို့လည်း သုံးတယ်။ sheer ဖြစ်လို့ မိတ်ကပ်သားနည်းတယ်။ မိတ်ကပ်သား၈-၁၃ % ပဲ ပါဝင်လို့ foundation လေးမျိုးထဲမှာ အရောင်ပါဝင်မှုအနည်းဆုံးဖြစ်တယ်။ အရည်ကျဲလို့ မိတ်ကပ် လိမ်းထားမှန်း မသိသာဘူး။ မကောင်းတာက အမဲစက်၊အမာရွတ် အပြစ်အဆာ ဖုံးကွယ်နိုင်စွမ်းလည်း မကောင်းဘူး။ 


(၂) Light Cover foundation

ဒီမိတ်ကပ်ရည် အမျိုးအစားက သိပ်အကျဲကြီးလည်း မဟုတ်ဘူး။ light cover မှာ မိတ်ကပ်သား ၁၃-၁၈% ထိပါဝင်ပါတယ်။  ဒီမိတ်ကပ်မျိုးက ဝက်ခြံအမဲစက်လေးတွေကို မသိသာအောင် ဖုံးဖိပေးနိုင်တယ်။ သို့သော် တင်းတိပ်၊မှဲ့ခြောက်၊အမာရွတ်တွေကိုတော့ ကောင်းကောင်း ဖုံးကွယ်နိုင်စွမ်းမရှိဘူး။ ယေဘုယျအားဖြင့်  အမည်းစက်၊အမည်းပျောက် 1-2 mm ထိရှိတဲ့ မျက်နှာအပြစ်အနာအဆာလောက်ကိုတော့ ဖုံးဖိပေးနိုင်တယ်။


(၃) Medium Cover foundation

ဒီမိတ်ကပ်မှာ ပိုပျစ်လာတယ်။ မိတ်ကပ်သားပါဝင်မှုကလည်း ၁၈-၂၃ % ထိပါဝင်လို့ ဝက်ခြံအမာရွတ်သာမက တင်းတိပ်၊မှဲ့ခြောက်တွေကိုပါ ဖုံးကွယ်နိုင်တယ်။ အသားအရောင်မညီတာ၊ အမဲစက်၊ အမာရွတ်တချို့မှာ အသုံးပြုနိုင်ပါတယ်။  သို့သော် မွေးရာပါ အမည်းကွက်၊အမာရွတ်ကြီးကြီးမားမားတွေကိုတော့ ဖုံးကွယ်နိုင်စွမ်းမရှိဘူး။ 


(၄) Full Cover foundation မိတ်ကပ်လေးမျိုးထဲမှာ အရည်အပျစ်ဆုံးဖြစ်ပြီး မိတိကပ်သားအများဆုံးလည်းဖြစ်ပါတယ်။ မိတ်ကပ်သား ၃၅-၅၀ % ထိ ပါလို့ ခရုသင်းအပါအဝင် မွေးရာပါ အမဲစက်၊ အမာရွတ်၊ အမဲကွက်တွေကိုပါ ဖုံးကွယ်နိုင်စွမ်းရှိတယ်။ full cover ဖြစ်တဲ့ မိတ်ကပ်တွေကို “corrective makeup” , “camouflage makeup” လို့ သုံးတယ်။ “paramedical makeup” ဆိုတာလည်း အတူတူပါပဲ။ မျက်နှာအဖုအပိန့်၊ဝက်ခြံတပြင်လုံးရှိသူတွေအနေနဲ့ full cover foundationကိုသာ သုံးသင့်တယ်။ သို့သော် ဒီလိုမိတ်ကပ်မျိုးကို နေ့စဉ်မသုံးသင့်ဘဲ မင်္ဂလာဆောင်၊ အလှူ၊ ပွဲလန်းသဘင်စတဲ့ အချိန်အခါမျိုးမှာသာ သုံးသင့်ပါတယ်။

အဓိကကွာခြားချက်များ


မိတ်ကပ်ရည်(foundation) အများစုမှာ နေလောင်ကာ SPF ပါဝင်မှု နည်းလေ့ရှိတယ်။ အရေပြား ပြုပြင်ပေးနိုင်တဲ့ ပစ္စည်းမျိုးထည့်သွင်းလေ့မရှိဘူး။ ဒါက BB cream တွေနဲ့ အဓိက ကွဲပြားချက် တစ်ခုဖြစ်တယ်။ မိတ်ကပ်ရည် (foundation) မလိမ်းခင် နေလောင်ကာတမျိုးမျိုး အရင်လိမ်းဖို့လိုတယ်။ makeup မလိမ်းခင် အောက်ခံ primer တမျိုး လိမ်းဖို့လိုတယ်။ BB cream ထက် ပိုကောင်းတာက မိမိအသားအရည်နဲ့ လိုက်ဖက်တဲ့ အရောင်တွေကို စိတ်ကြိုက်အမျိုးမျိုး ရွေးချယ်နိုင်တာဖြစ်တယ်။ 
ဒါ့ကြောင့် ဝက်ခြံ၊အမာရွတ်၊အမဲစက် သိပ်မများရင် BB cream မျိုး သုံးနိုင်ပြီး အပြစ်အနာအဆာ ဖုံးကွယ်ဖို့လိုတဲ့ အသားအရည်မှာ foundation ရည် ရွေးချယ်သင့်တယ်။ ပြင်ပ နေရောင်ထဲ လှုပ်ရှားသွားလာတဲ့အခါ BB cream ေတွက ပိုမိုအသုံးဝင်ပြီး ပွဲလမ်းသဘင်၊ အလှုမင်္ဂလာဆောင်တွေမှာ foundation ကို ပိုမိုကောင်းမွန်တယ်။ ဘယ်လို BB မျိုးသုံးစွဲသင့်လဲ၊ ဘယ်လို foundation မျိုး ရွေးချယ်သုံးစွဲမလဲ ဆိုတာကတော့ မိမိအသားအရည်ပေါ်သာ မူတည်တယ်။ ဝက်ခြံအတွက် BB cream, CC cream သုံးရမယ် ဆိုတာလည်း လုံးဝမမှန်ဘဲ ပါဝင်ပစ္စည်းပေါ် အခြေခံရွေးချယ်ရတာမျိုးသာ ဖြစ်တယ်။

ဒေါက်တာ အေးမင်းထူး

(အရေပြားနှင့် အလှအပရေးရာ အထူးကုဆရာဝန်)

Note: If you have problems with skin and cosmetic related problems, you can contact with the cosmetic professionals or by calling 092051590 for further advanced advice.

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews