Open 9:00-12:00 AM
+95 92051590

Grover disease

2 Nov, 2021 | No Comments

Grover disease

Grover disease ဆိုတာ အလွန်ယားယံတဲ့ အနီစက်၊ အရည်ကြည်ဖုတွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတာကို ခေါ်ပါတယ်။ အလွန်ယားယံပြီး အနီဖုလေးတွေက ရေတိုသာဖြစ်လို့ Transient acantholytic dermatosis လည်း ခေါ်ပါတယ်။ အသက်(၅၀)ကျော် နေလောင်တဲ့ အမျိုးသားတွေမှာ အဖြစ်များတယ်။ ခုခံအားစနစ် နည်းပါးမှုနဲ့ အများကြီးသက်ဆိုင်တယ်။ HIV ရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ အသည်းကျောက်ကပ် အစားထိုးတာ စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ချွေးထွက်များတာ၊ နေလောင်တာ၊ အိပ်ရာထဲကြာရှည်နေတာတွေနဲ့ သက်ဆိုင်တတ်တယ်။ 

ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရပေမယ့် ချွေးအောင်းတာ၊ ချွေးဂလင်းပျက်စီးရာက ဖြစ်လာတဲ့ အနီဖုတွေ၊ အရည်ကြည်ဖုတွေလို့ ကောက်ချက်ချနိုင်တယ်။ ကင်ဆာဆေး ခီမိုသွင်းတာ၊ BRAF-inhibitors ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ ဆေးဝါးတွေကို လူ့အရေပြားက စွန့်ထုတ်ရာကတဆင့် ချွေးဂလင်းတွေ ထိခိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ နွေရာသီမှာ ပိုတွေ့ရတယ်။ ကျောအလယ်၊ ရင်ညွှန့် စတဲ့နေရာတွေ အဖြစ်များတယ်။ ချွေးဂလင်းပိတ်ဆို့ရာက အရေပြားလောင်တဲ့အခါ အနီစက်တွေက ဖောင်းတက်နေပြီးအကြွေစေ့ပုံ မာမာခဲခဲအကွက်တွေဖြစ်လာတတ်တယ်။ ဒီအနီစက်တွေက မကူးစက်နိုင်ပါဘူး။ ဖြစ်စမှာ မိတ်ဖု အနီစက်တွေနဲ့ အလွန်တူတယ်။ 

ကုသနည်း

အနီဖုတွေက တစ်လအတွင်း ပျောက်ကင်းနိုင်ပါတယ်။ ခန္ဓာကိုယ် အေးမြအောင် ရေအေးဝတ်ကပ်ပါ။ အယားပျောက်ဖို့ ဦးစားပေးသင့်တယ်။ စတီးရွိုက်လိမ်းဆေး triamcinolone (သို့) clobetasol cream တွေ လိမ်းနိုင်ပါတယ်။ vitamin D analogue လိမ်းဆေးတွေလည်း သုံးနိုင်တယ်။ အယားပျောက်ဆေး diphenhydramine (သို့) hydroxyzine ဆေးတွေ ပေးရတယ်။ ကုရခက်တဲ့ရောဂါတွေအတွက် အလင်းကုထုံး (phototherapy), ရက်တီးနွိုက်သောက်ဆေး (acitretin) နဲ့ စတီးရွိုက်သောက်ဆေးတွေက ရောဂါသက်သာစေတယ်။ 

အကြံပြုချက်

အကောင်းဆုံးက နေရောင်နဲ့ တိုက်ရိုက်မထိတွေ့သင့်ဘူး။ သကြား၊ ဂလူတန်စတာတွေ ရှောင်ကြဉ်သင့်တယ်။ တစ်လအတွင်း ပျောက်ကင်းနိုင်ပေမယ့် နှစ်အနည်းငယ်အတွင်း ပြန်ဖြစ်နိုင်လို့ သတိပြုသင့်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews