Leishmaniasis အသားစား သဲယင်ကောင်အနာ
Leishmaniasis (သဲယင်ကောင်ရောဂါ)ဆိုတာက Leishmania ခေါ်တဲ့ ကပ်ပါးပိုးမွှားတစ်မျိုး ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ဒီကပ်ပါးပိုးဟာ သဲယင်ကောင် (Sand fly) ကိုက်ခြင်းကနေတစ်ဆင့် ကူးစက်ပါတယ်။ ဒါ့ကြောင့် သဲယင်ကောင်အနာလို့ ခေါ်ပါတယ်။ ဒီကူးစက်ရောဂါဟာ အရေပြား (skin)၊ ကိုယ်ခန္ဓာအမြှေးပါး (Mucous Membranes) နဲ့ ကိုယ်တွင်းအင်္ဂါ (Visceral Organs)တွေကို ထိခိုက်စေနိုင်တယ်။
ဒီရောဂါဟာ သဲယင်ကောင် (Sand fly) ကိုက်ခံရခြင်းကနေ တစ်ဆင့် ကူးစက်ပါတယ်။
ရောဂါပိုးရှိသူ (သို့) ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကို သဲယင်ကောင်က ကိုက်လိုက်တဲ့အခါ ကပ်ပါးပိုးဟာ သံယင်ကောင်ထဲ ရောက်သွားတယ်။ အဆိုပါ သဲယင်ကောင်က လူတစ်ယောက်ကို ထပ်မံကိုက်လိုက်တဲ့အခါ ကပ်ပါးပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါတယ်။ ဒီရောဂါဟာအပူချိန်မြင့်တဲ့ ဒေသတွေမှာ အတွေ့များပြီး ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသမှာ အဖြစ်များတယ်။
သဲယင်ကောင်ရောဂါ အမျိုးအစားများ
၁။ Cutaneous Leishmaniasis (CL)
အရေပြားသဲယင်ကောင်ရောဂါဟာ အဖြစ်အများဆုံး ရောဂါအမျိုးအစားဖြစ်ပါတယ်။ သဲယင်ကောင်ကိုက်တဲ့နေရာမှာ အနီစက် ပေါ်လာပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ အနီစက်ဟာ အနာ အဖြစ် ပြောင်းလဲသွားပါတယ်။ အနာဟာ ခြောက်သွေ့ပြီး အဖတ်လန်းနေတတ်သလို၊ စိုစွတ်ပြီး ပြည်တည်နာ လည်းဖြစ်နိုင်ပါတယ်။ အနာက နာကျင်မှုမရှိတတ်ပပေမယ့် အနာကျက်သွားတဲ့အခါ အမာရွတ်ကြီး ကျန်ရစ်နိုင်ပါတယ်။
၂။ Mucocutaneous Leishmaniasis (MCL)
အမြှေးပါးသဲယင်ကောင်ရောဂါမှာ ရောဂါပိုးဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း စတဲ့ အစိုဓာတ်ရှိသော အမြှေးပါးတွေဆီ ပြန့်သွားတာဖြစ်ပါတယ်။ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းဖြစ်တတ်ပြီး ရောဂါပြင်းထန်ရင် အနာက အသားကို စားသွားတာကြောင့် နှာခေါင်း၊မျက်နှာပုံသဏ္ဌာန်တွေ ပျက်စီးသွားနိုင်ပါတယ်။
၃။ Visceral Leishmaniasis (VL)
ကိုယ်တွင်းအင်္ဂါသဲယင်ကောင်ရောဂါဟာ အပြင်းထန်ဆုံး အမျိုးအစားဖြစ်ပြီး အသက်အန္တရာယ်ရှိပါတယ်။ လက္ခဏာတွေက ဖျားနာခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အသည်း နဲ့ သရက်ရွက် ကြီးမားလာခြင်း၊ သွေးအားနည်းခြင်းဖြစ်တတ်တယ်။ နာတာရှည်ဖြစ်လို့ အရေပြားက အမည်းရောင်ပြောင်းသွားတတ်တယ်။ Kala-azar လည်း ခေါ်တယ်။ Kala-azarဆိုတာ ဟိန္ဒူစကားလုံးဖြစ်ပြီး “အမည်းရောင် အဖျားရောဂါ” လို့ အဓိပ္ပာယ်ရပါတယ်)
ကုသနည်း
Leishmaniasis ကုသမှုဟာ ရောဂါအမျိုးအစား၊ ဖြစ်ပွားရာဒေသနဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပါတယ်။ အရင်ခေတ်က ဆေးကုသတဲ့အခါ Sodium stibogluconate နှင့် Meglumine antimoniate ထိုးဆေးတွေကို အသုံးပြုကြတယ်။ ဒါမှမဟုတ် Miltefosine 50mg သောက်ဆေးအသစ်ကို တစ်ရက် သုံးကြိမ်ပေးပြီး ကုလို့ရတယ်။ ပြင်းထန်တဲ့ ရောဂါအတွက် Amphotericin B ကို အသုံးပြုနိုင်ပါတယ်။ အနာအတွက် Paromomycin 15% လိမ်းဆေးကို အသုံးပြုနိုင်တယ်။ အနာကို အပူပေးကုသနည်း(Thermotherapy)နဲ့ ကုသနိုင်သလို အေးခဲနည်း (Cryotherapy)နဲ့ ကုသလို့လည်းရပါတယ်။
ကာကွယ်နည်း
သဲယင်ကောင် အကိုက်မခံရအောင် ကာကွယ်ပါ။ DEET ပါဝင်တဲ့ ခြင်ဆေးလိမ်းပါ။ ညအိပ်တဲ့အခါ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ပါ။ခြင်ထောင် ထောင်အိပ်ပါ။ သဲယင်ကောင် မခိုအောင်းနိုင်အောင် အိမ်နှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews