Open 9:00-12:00 AM
+95 92051590

Majocchi granuloma

2 Nov, 2021 | No Comments

Majocchi granuloma

Majocchi granuloma မှိုပိုးအကျိတ်

Majocchi’s Granuloma ဆိုတာက မှိုပိုးကြောင့်ဖြစ်တဲ့ အနာကျိတ်တစ်မျိုး ဖြစ်ပါတယ်။ဒီရောဂါဟာ Trichophyton rubrum အပါအဝင် အခြားသော Trichophyton မျိုးစိတ်တွေကြောင့် ဖြစ်တယ်။ မှိုပိုးတွေဟာ ပုံမှန်အားဖြင့် အရေပြားမျက်နှာပြင်မှာသာ ကူးစက်ပျံ့ပွားလေ့ရှိပါတယ်။ အရေပြားကုတ်ခြစ်ခြင်း၊ အမွေးရိတ်ခြင်း စတာတွေကြောင့် ဒဏ်ရာရတဲ့အခါ မွေးညှင်းပေါက်ကတဆင့် အရေပြားအောက်ခြေထိ ဝင်ရောက်သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဒီမှိုပိုးတွေကို တိုက်ထုတ်တဲ့အခါ ရောင်ရမ်းမှု နဲ့ အဖုအကျိတ်လေး (granuloma)တွေကို ဖြစ်ပေါ်လာစေပါတယ်။

လက္ခဏာများ

မှိုပိုးဝင်တဲ့အခါ အနီရောင်အကွက် (Plaques)တွေ စဖြစ်လာတယ်။ အနီကွက်မျက်နှာပြင်မှာ မွေးညင်းပေါက်အနာဆန်ဆန်  ပြည်တည်နာလေးတွေ (pustules) ပေါ်တတ်ပါတယ်။ ရဲနေတဲ့ အရေပြားမှာ မညီညာတဲ့ အဖုတွေ အပြင်လိုက်ထွက်နေတတ်တယ်။ စစ်ဆေးကြည့်ရင် အဖုတွေဟာ အနည်းငယ် မာပြီး ခဲနေတတ်ပါတယ်။ အရေပြားဟာ ရောင်ရမ်းပြီး ယားယံနေတတ်တယ်။ ခြေထောက်၊ ဆီးခုံ၊ လက်၊ မျက်နှာစတဲ့နေရာတွေမှာ ဖြစ်နိုင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အမွှေးရှိတဲ့နေရာတွေမှာ အစုလိုက်တွေ့ရတတ်တယ်။ ချွေးထွက်များတဲ့ နေရာတွေအဓိကဖြစ်တာတွေ့ရတယ်။ ကိုယ်ခံအားကျဆင်းနေသူများ (ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူ၊ HIV/AIDS၊ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးသူ)တွေမှာ ပိုတွေ့ရတယ်။

ရောဂါစစ်ဆေးခြင်း

အရေပြားနမူနာကို အသားစယူပြီး မှန်ဘီလူးအောက်မှာ ကြည့်ရင် fungal hyphae တွေ တွေ့မြင်ရတယ်။ မှိုပိုးမွေးမြူခြင်း (Fungal Culture) လုပ်လို့ရတယ်။ပုံမှန် အရေပြားခြစ်ပြီး စစ်ဆေးတဲ့ KOH Test က  Majocchi’s Granuloma အတွက် မထိရောက်တတ်ပါဘူး။ မှိုက အရေပြားအောက်လွှာမှာ ရှိနေလို့ဖြစ်ပါတယ်။

ကုသနည်း

Majocchi’s Granuloma ဟာ သာမန်မှိုရောဂါထက် ကုရပိုခက်ခဲပြီး ကြာရှည်တတ်ပါတယ်။

အဓိကအားဖြင့် လိမ်းဆေးထက် Antifungal သောက်ဆေးတွေပေးရတယ်။ Terbinafine, Itraconazole, Fluconazole စတဲ့ဆေးတွေကို အနည်းဆုံး ၄ ပတ်မှ ၈ ပတ်အထိ ပေးရတယ်။တခါတရံ အာနိသင်ပိုကောင်းဖို့ လိမ်းဆေးနဲ့ သောက်ဆေး တွဲဖက်ပေးရတယ်။Majocchi’s Granuloma ဟာ သာမန် ခြေချောင်းယားယံမှိုစွဲရောဂါ (athlete’s foot) နဲ့ မတူဘဲအောက်လွှာထိ မှိုပိုးဝင်ရောက်တာကြောင့် သင့်တော်တဲ့ဆေးဝါးတွေနဲ့ စနစ်တကျကုသမှု ခံယူဖို့ လိုပါတယ်။

ကာကွယ်နည်းများ

မှိုပိုးကြောင့် ခြေချောင်းကြားယားယံခြင်း (Athlete’s foot) ရှိရင် စောစောဆေးကုသမှုခံယူပါ။ အရေပြားကို တတ်နိုင်သမျှ မကုတ်ခြစ်ပါနဲ့ ။ ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ။ အမွှေးရိတ်တဲ့အခါ သန့်ရှင်းသော ကိရိယာများကိုသာ အသုံးပြုပါ။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews