Open 9:00-12:00 AM
+95 92051590

Dyshidrotic eczema

27 Oct, 2021 | No Comments

Dyshidrotic eczema

လက်နှင်းခူအရည်ကြည်ဖု

လက်နှင်းခူဆိုတာ (Pompholyx)ဆိုတာ လက်အဖဝါးမှာ အရည်ကြည်ဖုသေးသေးလေးတွေ အစုလိုက်ဖြစ်တာကို ခေါ်ပါတယ်။  နာတာရှည်အရေပြားရောဂါအဖြစ် သတ်မှတ်ထားပါတယ်။အလားတူ ပြန်ပေါ်လာတတ်လို့ နှင်းခူအမျိုးအစား အရေပြားရောဂါထဲမှာ ထည့်သွင်းထားပါတယ်။ dyshidrotic eczema(သို့) vesicular eczemaလို့လည်း ခေါ်ပါတယ်။ dyshidrotic dermatitis, pompholyx eczema, hand eczema, hand dermatitis, dyshidrosisစသည်ဖြင့် အမျိုးမျိုး ခေါ်ကြတယ်။ dyshidrotic ဆိုတာ”bad sweat” ချွေးပုပ်တွေ ထွက်လာလို့ဖြစ်ရတယ်။ လက်(သို့)ခြေထောက် နေရာတွေမှာ အဖြစ်များတယ်။ လက်မှာဖြစ်ရင် cheiropompholyxလို့ ခေါ်ပါတယ်။ ခြေထောက်မှာတွေ့ရင် pedopompholyxလို့ခေါ်တယ်။ တွေ့ရှိချက်တွေအရ လူ၂၀မှာ တယောက်ဟာ ဒီလိုအရေပြားရောဂါမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ ပိုဖြစ်တာ တွေ့ရတယ်။ အသက်လေးဆယ်ကျော်ရင် ဖြစ်နိုင်ဖို့ အလားအလာ လျှော့နည်းသွားတာ တွေ့ရတယ်။ 

ဘာကြောင့်ဖြစ်လဲ

တယောက်နဲ့တယောက် ဖြစ်တဲ့အကြောင်းရင်းခံတွေ မတူကြဘူး။ ယေဘုယျအားဖြင့် ဓာတ်မတဲ့မှုကို တုံ့ပြန်ရာက ဖြစ်ရတယ်။ ချွေးထွက်များတဲ့နေရာမျိုး(ဥပမာ ခြေဆီလက်ဆီထွက်တဲ့နေရာ)မျိုးတွေမှာ ပိုဖြစ်တယ်။ ရေကိုင်များတာကြောင့်လည်း ဖြစ်နိုင်တယ်။ တခါတရံ လေဝင်လေထွက်မရှိပဲ အစိုဓာတ်များလာတဲ့အခါ တွေ့ရတယ်။ အများစုဟာအပူချိန်ပြောင်းလဲမှုနဲ့ သက်ဆိုင်တတ်တယ်။ အပူများပြီး ချွေးထွက််လွန်တဲ့နေရာဒေသမျိုးမှာ တွေ့ရတယ်။ အာရှနဲ့ အာဖရိကဒေသတွေမှာ အဖြစ်များတယ်။ ဆောင်းကုန် နွေအကူး ပူပြင်းစ ကာလတွေမှာ ပိုလို့တွေ့ရတယ်။တချို့လူတွေဟာစိတ်ဖိစီးမှုနဲ့ သက်ဆိုင်နိုင်တယ်။ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်တယ်။ ဓာတုပစ္စည်းဓာတ်မတဲ့တာမျိုး (ဥပမာ ရေမွေး၊ဆပ်ပြာ၊ဆိုးဆေး)ကြောင့်လည်း အဖြစ်များတယ်။ အစားအသောက်ထဲမှာ ပါဝင်တဲ့ နီကယ်ဓာတ် (သံဗူးငါး၊ ဆီသွတ်ဗူး၊ပင်လယ်ငါး)အပြင် နီကယ်ပါဝင်တဲ့ အသုံးအဆောင်တွေကြောင့်လည်း ဖြစ်နိုင်တယ်။ ထပ်တွေ့တာက neomycin powder ပိုးသတ်ဆေးမှုန့်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ 

လက္ခဏာတွေကို လေ့လာကြည့်ရင် အရင်ဆုံး လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်း၊ ခြေချောင်းစတဲ့နေရာတွေမှာ ခပ်သေးသေးအရည်ကြည်ဖုတွေ အစုလိုက်အပြုံလိုက် ပေါက်လာတယ်။ ဖြစ်တဲ့နေရာက မနေနိုင်အောင် အရမ်းယားလာတယ်။အလယ်ကို ဖိကြည့်ရင် စပ်ဖျဉ်းဖျဉ်းထုံကျဉ်နိုင်တယ်။ အရည်ကြည်ဖုတွေက တဖြည်းဖြည်းကြီးလာရင် ပေါက်ထွက်သွားပြီး အလုပ်မလုပ်နိုင်လောက်အောင် နာလာမယ်။ နောက်ဆုံးမှာ အရေပြား ပြန်လည်ခြောက်သွေ့သွားတဲ့အခါသက်သာသွားမယ်။ လက္ခဏာတွေဟာ ၂-၃ပတ်ထိ ကြာနိုင်တယ်။ အများစုဟာ သူ့ဘာသာသက်သာသွားမယ်။ ဒါပေမယ့် နောက်ပိုင်းမှာလည်း ပြန်ဖြစ်တတ်တယ်။ တခါပြန်ဖြစ်တိုင်း ပိုဆိုးလာနိုင်တယ်။  

ပြန်ဖြစ်သူ အများစုဟာ စိတ်ဖိစီးမှု၊ ဓာတ်မတဲ့မှုတခုခုကို တုန့်ပြန်ရာကနေ ဖြစ်တတ်တယ်။ အရင်နေရာဟောင်းက အရည်ကြည်ဖုပြန်ထွက်လာတာ တွေ့ရတယ်။ အရေပြားကွဲအက်ခြောက်သွေ့ကွဲအက်လာတယ်။ မကုသမိရင် နောက်ဆက်တွဲဗက်တီးရီးယားပိုးဝင်လာတယ်။ အများစုဟာ staphylococcusပိုးကြောင့် ပြည်တည်နာဖြစ်ပြီး လက်တဝိုက်မှာ ရောင်ရမ်းနေမယ်။ တခါတရံ  ပတ်ဝန်းကျင် အရေပြား အရောင်လိုက်ပြောင်းပြီး၊ ကွဲအက်နာ ဆက် ဖြစ်လာနိုင်တယ်။ လက်သည်းအခြေမှာဖြစ်ရင် ပေါက်လာမယ့် လက်သည်းပုံပန်းကိုပါ ပြောင်းလဲစေမယ်။ မှိုပိုးဝင်သလို တွန့်ခြောက်ပြီး လက်သည်းပုံစံပြောင်းတာမျိုး ဖြစ်လာတယ်။ ဖြစ်တဲ့အရေပြားပုံစံကို ကြည့်လိုက်ရုံနဲ့ Pompholyxမှန်း သိရှိနိုင်ပါတယ်။ 

ကုသနည်းများ

• စတီးရွိုက်ဆေး(steroid)

အသုံးများဆုံးက စတီးရွိုက်လိမ်းဆေးတွေ ဖြစ်ပါတယ်။ အယားပျောက်ဖို့ စတီးရွိုက်လိမ်းဆေး ပေးရတယ်။ high strength,short course စတီးရွိုက်ဆေး အားပြင်းပြင်းကို ယာယီပေးရတယ်။ ပိုယားလေ ပိုပြင်းလေဆိုတဲ့ ဆေးမျိုးအသုံးပြုရတယ်။ ယားယံတာကို သိသိသာသာသက်သာစေတယ်။ ဆေးလိမ်းတဲ့အခါ ညတိုင်းလိမ်းပေးရတယ်။ အရည်ကြည်ဖုဖြစ်တဲ့အခါ၊ပေါက်ပြဲတဲ့အခါ ခရင်မ်ကိုသာ သုံးစွဲသင့်တယ်။ ခြောက်သွေ့ပြီး အရေခွံလန်တာမျိုးရှိရင်ointmentကိုသာ အဓိကသုံးစွဲသင့်တယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားပါးလွယ်၊ပေါက်ပြဲလွယ်တယ်။ ဒါ့ကြောင့်နှစ်ပတ်ထက် ပိုမသုံးသင့်ဘူး။ 

အကယ်၍ သိပ်ဆိုး/သိပ်ယားတဲ့ အရေပြားရောဂါတွေမှာ စတီးရွိုက် သောက်ဆေး၊ထိုးဆေး (Systemic steroid)အလျဉ်းသင့်သလို အသုံးပြုကြပါတယ်။ခန္ဓာကိုယ်တကိုယ်လုံးပေါ် အာနိသင်သက်ရောက်တာဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း ပိုများနိုင်တယ်။ ရောဂါလက္ခဏာကို သက်သာစေမှာဖြစ်ပြီး ဆေးဖြတ်တဲ့အခါ ပြန်ဖြစ်နိုင်တယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်လိုပြီး ရေရှည်သုံးစွဲဖို့လည်း မသင့်လျှော်နိုင်ဘူး။ 

• အစိုဓာတ်ထိန်းလိမ်းဆေး(Emollients)

ခြောက်သွေ့တဲ့အရေပြားမှသာ အသုံးဝင်တယ်။ ထူနေတဲ့အရေပြားကို ပျော့ပျောင်းစေမယ်။ အစိုဓာတ်ပေးဖို့ dimeticone barrier cream လို အစိုဓာတ်ထိန်းခရင်မ်သုံးပေးနိုင်တယ်။

• ပိုးသတ်ဆေး(antibiotic)

အရေပြားပေါက်ပြဲနေရင် ပဋိဇီဝပိုးသတ်ဆေးကို အသုံးပြုနိုင်ပါတယ်။ တခါတရံထပ်ဆင့်ပိုးမဝင်နိုင်အောင်လည်းအသုံးပြုသေးတယ်။အများအားဖြင့် flucloxacillinလို staphylococcus နိုင်တဲ့ဆေးမျိုး လိုလာနိုင်တယ်။ ရောဂါကိုတိုက်ရိုက် သက်သာစေတာ မဟုတ်ပဲ အရေပြားပြည်တည်နာလို နောက်ဆက်တွဲတွေကို သက်သာစေတာပါ။ မှိုပိုုးကြောင့်ဖြစ်တဲ့အခါမျိုးမှာ clotrimazole (သို့) terbinafine မှိုပိုးနိုင်တဲ့ဆေးမျိုးအသုံးပြုသင့်တယ်။

• နေရောင်ပြကုသခြင်း(psoralen+UVA therapy)

တခြားဆေးနဲ့မသက်သာတဲ့ အရေပြားရောဂါတွေမှာအသုံးပြုရတယ်။ နေရောင်ပြတာမျိုး ပြုလုပ်ပေးရတယ်။  နေရောင်မပြခင် psoralenလိုဆေးကို အရင်သုံးရတယ်။ ပြီးရင် UV-A(ခရမ်းလွန်ရောင်ခြည်)ကို သုံးပြီး နေရောင်ပြရတာဖြစ်ပါတယ်။ ဆေးသုံးပြီး သိပ်မကြာခင် အရေပြားလွှာပေါက်ပြီး ပျောက်သွားလိမ့်မယ်။ ဆေးကို လနဲ့ချီပြီး စွဲသောက်ရတယ်။အလားတူ ဘေးထွက်ဆိုးကျိုးများတယ်။ အရေပြားအရောင်ပြောင်းနိုင်တယ်။ဆရာဝန်ရဲ့ အနီးကပ်လမ်းညွှန်ချက် လိုအပ်ပါတယ်။

• အယားပျောက်ဆေး(anti-histamine)

သောက်ဆေး၊ထိုးဆေး လိုအပ်နိုင်တယ်။ Atarax or Benadrylအလျဉ်းသင့်သလို သုံးပေးနိုင်တယ်။ ပိုကောင်းတာကfexofenadine 60-120mg တနေ့၂ကြိမ် သုံးပေးနိုင်တယ်။

• ပိုးသတ်ဆေးဆပ်ပြာ(antiseptic)

အရေပြားရောဂါတွေမှာ ပိုးသတ်ဆေးဆပ်ပြာသုံးနိုင်ရင် ပိုအကျိုးထူးတာ တွေ့ရပါတယ်။ dettolလို ပိုးသတ်ဆေးဆပ်ပြာရည် သုံးပါ။ သုံးပြီးခြောက်သွေ့အောင် ထားပါ။ မတည့်တဲ့ ဆပ်ပြာ၊အသုံးအဆောင်ပစ္စည်းမျိုး ရှောင်ကြဉ်ပါ။

တခြား အသုံးပြုနိုင်သောဆေးများ

-methotrexate

-dapsone

-azathioprine

-tacrolimus 

-pimecrolimus

-botulinum toxin (to prevent sweating)

အိမ်သုံးနည်း 

အလွယ်ဆုံးဖြစ်တဲ့အိမ်သုံးနည်း (ဆေးရည်စိမ်ခြင်း)ကို ဆက်လက် ဖော်ပြပေးပါမယ်။

• အရည်ကြည်ဖုတိုင်းအတွက် အလွယ်ဆုံးနည်းက ဗနီဂါ(vinegar)ကို ရေနဲ့ဆတူရောပြီး ဖြစ်တဲ့လက်ကို ၁၅မိနစ် စိမ်ပေးထားခြင်းပါ။ ဆေးစိမ်အဝတ်လည်း ကပ်ပေးနိုင်တယ်။ တခါကပ်ရင် ၁၅မိနစ်၊ တနေ့ ၄ကြိမ်ကပ်ပါ။

• ချွေးထွက်လွန်လို့ဖြစ်ရင် Aluminium chloride 20% (Drysol)ကို သုံးပါမယ်။ 

• နောက်တနည်းကBurow’s solution သုံးပြီး ဆေးကြောပါ။ Burow’s solutionဆိုတာ aluminium acetateအမှုန့်ကို ရေနဲ့ရေဖျော်ထားတာပါ။ ပြင်းအား 1:40 solution ဖြစ်အောင် ဖျော်ပေးရပါတယ်။ခြောက်သွေ့စေတဲ့အစွမ်းရှိလို့ အရည်တွေစိမ့်ယိုနေတဲ့အနာမျိုးအတွကိ သင့်တော်တယ်။ တခါလုပ် ၁၅မိနစ်၊တနေ့၄ကြိမ် ပြုလုပ်ပေးသင့်တယ်။ 

• တခါတရံ Condy’s solution( Potassium permanganate) ကိုသုံးတယ်။ အခဲ၊ ဆေးပြား၊ အရည် ပုံစံမျိုးစုံနဲ့လာပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူဝယ်နိုင်တယ်။ 0.01%ဆေးရည်ဖြစ်အောင် potassium permanganateကို ရေနဲ့ရောစပ်ပေးရမယ်။ မကောင်းတဲ့အချက်က ဆေးရည်ကြောင့် အရေပြား၊အဝတ်အစားတွေမှာ အစွန်းအထင်းပေကျံနိုင်တယ်။ 

ဒေါက်တာ အေးမင်းထူး

အရေပြားအထူးကုဆရာဝန်

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Related Tags

Write Reviews

Leave a Comment

No Comments & Reviews