Open 9:00-12:00 AM
+95 92051590

Lymphatic Filariasis

4 Nov, 2021 | No Comments

Lymphatic Filariasis

Lymphatic filariasis ဆင်ခြေထောက်ရောဂါ

Lymphatic Filariasis (ဆင်ခြေထောက်ရောဂါ) ဆိုတာက ကပ်ပါးမျိုးနွယ်ဝင် သန်ကောင်(parasitic worm) ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်တယ်။ ဒီသန်ကောင်တွေဟာ လူ့ပြန်ရည်ကြောစနစ် (Lymphatic System)ထဲ ရှင်သန်နေထိုင်ပြီး ပြန်ရည်ကြောစနစ်တွေကို ပျက်စီးစေကာ ခြေလက်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေမှာ ရောင်ရမ်းခြင်း (lymphedema)ကို ဖြစ်စေတယ်။ ရောဂါဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဆင်ခြေထောက်လို ကြီးမားကျယ်ပြန့်လာတာကြောင့် “ဆင်ခြေထောက်ရောဂါ” လို့ လူသိများတယ်။

ဆင်ခြေထောက်ရောဂါဟာ Wuchereria bancrofti, Brugia malayi နဲ့ Brugia timori သန်ကောင်တို့ကြောင့် အဓိကဖြစ်ပေါ်လာတယ်။ ခြင်ကိုက်ခံရခြင်းက ကူးစက်တယ်။ ရောဂါရှိသူကို ခြင်ကိုက်လိုက်တဲ့အခါ သွေးထဲမှာရှိတဲ့ မိုက်ခရိုဖီလေးရီးယား (microfilariae) လို့ခေါ်တဲ့ သန္ဓေသားလေးတွေကို ခြင်က စုပ်ယူလိုက်ပါတယ်။ ခြင်ရဲ့ခန္ဓာကိုယ်ထဲမှာ ဒီသန္ဓေသားလေးတွေ ကြီးထွားလာပြီး ကူးစက်နိုင်တဲ့အဆင့်ရှိတဲ့ သားလောင်း  (larvae) လေးတွေ ဖြစ်လာပါတယ်။ နောက်ထပ်လူတစ်ယောက်ကို ဒီခြင်က ကိုက်လိုက်တဲ့အခါ သားလောင်း (larvae)ဟာ လူ့ခန္ဓာကိုယ်ထဲ စတင်ဝင်ရောက်သွားပါတယ်။ လူ့ခန္ဓာကိုယ်ထဲရောက်ရှိလာတဲ့ သားလောင်းတွေဟာ အရွယ်ရောက် သန်ကောင် (adult worms) အဖြစ် ကြီးထွားလာပြီး ပြန်ရည်ကြော(lymph)ထဲမှာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်တယ်။

ရောဂါလက္ခဏာ အဆင့်ဆင့်

၁။ ရောဂါမြုံနေတဲ့အဆင့် (Asymptomatic Stage)

ရောဂါဖြစ်စ လူနာဟာ လက္ခဏာ မပြတတ်ပါ။ အကယ်၍ သွေးစစ်ကြည့်ရင်တော့ သန္ဓေသားလေးတွေ (microfilariae) ကို ညဘက်ပိုင်းမှာ တွေ့ရှိနိုင်ပါတယ်။ ဒီအဆင့်မှာတည်းက ရောဂါဟာ ပြန်ရည်ကြောစနစ် နဲ့ ကျောက်ကပ်ကို စတက်ထိခိုက်စေတယ်။ 

၂။ ရောဂါထလာတဲ့အဆင့် (acute attack)

ရောဂါကူးစက်ခံရပြီး အချိန်ကြာလာတဲ့အခါ ရောင်ရမ်းမှုကို စတင်ခံစားရတယ်။ ကနဦး ပြန်ရည်ကြောစနစ် ရောင်ရမ်းမှု (Lymphangitis) ကြောင့် ခြေလက်တွေဟာ ရောင်ရမ်းပြီး  နာကျင်ကိုက်ခဲတတ်တယ်။ အရေပြားဟာ သိသိသာသာနီရဲနေပြီး စမ်းကြည့်ရင် ပူနွေးတာမျိုး ခံစားရတယ်။ ပေါင်ခြံ၊ ချိုင်း စတဲ့နေရာတွေမှာ ပြန်ရည်ကျိတ် (Lymphadenitis) တွေ ပေါ်ပေါက်လာတယ်။ ဖျားနာတာ၊ ချမ်းတုန်တာမျိုး ရှိတတ်တယ်။

၃။ နာတာရှည်ရောဂါသည်အဆင့် (Chronic Stage)

နှစ်ပေါင်းများစွာ ရောင်ရမ်းမှုကြောင့် ပြန်ရည်ကြောစနစ် ပျက်စီးသွားတဲ့အခါ ဆင်ခြေထောက်ရောဂါ (Lymphedema)ကို ဖြစ်ပေါ်လာတယ်။ ခြေထောက်၊ လက်မောင်း၊ ရင်သားနဲ့ လိင်အင်္ဂါ စတာတွေမှာ အရည်အောင်းပြီး တဖြည်းဖြည်း ရောင်ရမ်းကြီးမားလာတယ်။ အရေပြားက ထူထဲပြီး မာကျောလာပါတယ်။ အမျိုးသား ကပ္ပါယ်အိတ်ထဲမှာ အရည်တွေ စုအောင်းပြီး ကြီးမားလာတဲ့အခါမုတ်ရောဂါ (Hydrocele)ကို ဖြစ်ပေါ်စေတယ်။ ဒါဟာ Lymphatic Filariasis ရဲ့ အဖြစ်အများဆုံး လက္ခဏာတစ်ခုဖြစ်တယ်။ ပြန်ရည်ကြောစနစ် ပျက်စီးတဲ့အခါ အူသိမ်ကထွက်လာတဲ့ အဆီရည်(chyle)ဟာ ဆီးလမ်းကြောင်းထဲ ယိုစိမ့်ပြီး နို့နှစ်ရောင်ဆီးသွားခြင်း (Chyluria) ကို ဖြစ်စေပါတယ်။

ကုသနည်း

ဆင်ခြေထောက်ကုသတဲ့အခါ Diethylcarbamazine (DEC)၊ Ivermectin၊ နှင့် Albendazole စတဲ့ဆေးတွေက အသုံးများတယ်။ ရောဂါကူးစက်ပျံ့ပွားလွယ်တဲ့ ဒေသတွေမှာ ၃လတစ်ကြိမ် (သို့) ၁နှစ် တစ်ကြိမ်ပေးလေ့ရှိတယ်။ တခါတရံ ဆေးသောက်ရက်သတ္တပတ်အဖြစ် လူထုမှာအစုလိုက် ပေးတာလည်းရှိပါတယ်။ ရည်ရွယ်ချက်က သွေးတွင်း သားလောင်းနဲ့ သန်ကောင်အဆင့်မှာ သတ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ Hydrocele (မုတ်ရောဂါ)ဖြစ်တဲ့အခါ ခွဲစိတ်ကုသရပါတယ်။

ကာကွယ်နည်း

ခြင်ဆေး၊ခြင်ထောင် နေ့စဉ်သုံးပါ။ ခြင်ခိုအောင်းနိုင်တဲ့ အိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ဆင်ခြေထောက်ရောဂါ ကာကွယ်ဖို့ ခြင်ကိုက်မခံရအောင် အလေးထားဂရုစိုက်သင့်တယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews