Open 9:00-12:00 AM
+95 92051590

Onychocryptosis

23 Nov, 2021 | No Comments

Onychocryptosis

Onychocryptosis ခြေစွယ်ငုပ်ခြင်း

Onychocryptosis ဆိုတာ ခြေစွယ်ငုပ်ခြင်းကို ဆေးပညာလိုခေါ်တဲ့ အသုံးအနှုံးဖြစ်ပါတယ်။ Ingrown toenail (သို့) unguius incarnatus လည်းခေါ်တယ်။ လက်သည်း (သို့မဟုတ်) ခြေသည်းဟာ သူ့ဘေးဘက် အရေပြားထဲကို စူးဝင်တဲ့အခါ ခြေချောင်း၊လက်ချောင်းနာကျင်ရောင်ရမ်းတာ၊ ပြည်တည်နာတွေဖြစ်ပေါ်လာစေတယ်။

ခြေစွယ်ငုပ်ရတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ ခြေသည်းညှပ်နည်း မှားယွင်းရာက အဖြစ်များတယ်။ ခြေသည်းကို အလွန်တိုအောင် ညှပ်လိုက်မိတာ (သို့) ဘေးသွားကို ချိုးညှပ်မိလိုက်တာတွေကြောင့် ဖြစ်စေတယ်။ တခါတရံ ကိုယ်နဲ့မတော်တဲ့ဖိနပ်စီးတဲ့အခါ ခြေသည်းတွေပေါ် ဖိအားသက်ရောက်မှုများပြီး ခြေသည်းကွေးရာက (Curved Nails) ခြေစွယ်ငုပ်တတ်တယ်။ ဘောလုံးကန်ရင်း ထိမိရာကနေလည်း ဖြစ်နိုင်တယ်။ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ ခြေချောင်းရောင်ရမ်းရောဂါ (Rheumatoid Arthritis)တွေကနေလည်း ခြေစွယ်ငုပ်တတ်ပြန်တယ်။

ခြေစွယ်ငုပ်တဲ့အခါ ခြေချောင်းဘေးသားကို ထိလိုက်တိုင်း၊ ဖိလိုက်တိုင်း စူးရှပြီး နာကျင်လာတယ်။ ခြေသည်းဘေးအရေပြားက နီရဲပြီး ရောင်ရမ်းနေမယ်။ ခြေသည်းထိုးမိလို့ အရေပြားစုတ်ပြဲတဲ့အခါ သွေးထွက်တတ်တယ်။ ပြည်ဝင်တတ်တယ်။ အဝါရောင် (သို့) အဖြူရောင် ပြည်ရည်၊ မန်းရေတွေ ထွက်လာတတ်တယ်။ ခြေစွယ်ငုပ်တာကြာရင် ခြေသည်းဘေးမှာ အသားပို(Granulation Tissue) ထွက်လာတတ်တယ်။

ခြေစွယ်ငုပ်တဲ့အခါ အဆင့်အမျိုးမျိုးရှိတယ်။ အစပိုင်းမှာ နည်းနည်းနာတယ်။ ရောင်တယ်။ ကြာတာနဲ့အမျှ ခြေသည်းက ပိုနာလာတယ်၊ ရောင်ရမ်းမှုကြီးထွားလာတယ်။ ဒီအဆင့်မှာပြည်တည်နိုင်တယ်။ ပြည်ပုပ်တွေ ထွက်လာမယ်။ မကုဘဲထားရင် နာတာရှည်ဖြစ်ပြီး ခြေသည်းဘေးမှာ အသားပိုတွေ ထွက်လာတတ်တယ်။

ကုသနည်း

ခြေစွယ်ငုပ်တဲ့အခါ ရေနွေးစိမ် (Warm Water Soak)ပေးတာကောင်းတယ်။ ရေနွေးထဲ ဆားအနည်းငယ်ထည့်ပြီး ၁၅-၂၀ မိနစ်ခန့်ကြာအောင် ခြေထည့်စိမ်ပါ။ တစ်နေ့ ၃-၄ ကြိမ် ရေနွေးစိမ်ပေးပါ။ ရေနွေးစိမ်ပြီးတိုင်း ခြေသည်းနှင့် အရေပြားကြားထဲကို ဂွမ်းသန့်သန့် (သို့) ပလာစတာကြိုးသေးသေး ထည့်ပေးပါ။ နာကျင်မှုသက်သာအောင် အိုင်ဗျူပရိုဖန် (Ibuprofen) သို့မဟုတ် ပါရာစီတမော (Paracetamol) သောက်နိုင်တယ်။ ဖိနပ်စီးတဲ့အခါ သက်တောင့်သက်သာရှိတဲ့ ဖိနပ်ကိုရွေးစီးပါ။

ဒီနည်းတွေနဲ့  လုပ်ပြီး ၂-၃ ရက်ထိမသက်သာရင် ဒါမှမဟုတ် ပြည်တည်နာ၊ ပိုးဝင်လက္ခဏာဖြစ်ရင် ဆရာဝန်နဲ့ ပြပြီး ခွဲထုတ်ရတယ်။  ခြေသည်းခွဲစိတ် (Minor Surgery)တဲ့အခါ ဆရာဝန်က ခြေသည်ရဲ့ နစ်ဝင်နေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်ပစ်ရတယ်။ တခါတရံ ခြေစွယ်ထပ်မငုပ်အောင် ဓာတုဆေး၊ လေဆာ စတဲနည်းတွေသုံးပြီးခြေသည်းအရင်း (Nail Matrix) ကို ဖျက်ဆီးပစ်ရတယ်။ ခြေသည်းအရင်း ဖယ်ရှားတဲ့နည်းကို Matrixectomy ခေါ်ပါတယ်။ လိုအပ်ရင် ပိုးသတ်ဆေးတွေ ဆက်သောက်ဖို့လိုပါတယ်။

ကာကွယ်ခြင်း

ခြေသည်းကို သေချာ ညှပ်ပါ။ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ဘေးသွားတွေ တိုအောင် ချိုးညှပ်တာမျိုး မလုပ်ပါနဲ့။သက်တောင့်သက်သာရှိတဲ့ ဖိနပ်စီးပါ။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews