Open 9:00-12:00 AM
+95 92051590

Flea bites

29 Oct, 2021 | No Comments

Flea bites

Flea bite ခွေးသန်းကိုက်ခြင်း

Flea(ခွေးသန်း) ဆိုတာ ခုန်ပျံကျော်လွှားပြီး သွေးစုပ်တတ်တဲ့ အင်းဆက်ပိုးကောင်တစ်မျိုးဖြစ်ပါတယ်။ တချို့က “လှေး”လို့ ဘာသာပြန်တယ်။ လူတွေရဲ့ ဆံပင်မှာ လှုပ်ရှားသွားလာတတ်တဲ့ ခပ်ညိုညို သွေးစုပ်ကောင်လေးတွေကို Lice (သန်း) ခေါ်ပြီး တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်အမွှေးအမျှင်မှာနေထိုင်ရှင်သန်တဲ့ သွေးစုပ်ပိုးမွှားတွေကို Flea (လှေး) ခေါ်ပါတယ်။လှေးတွေဟာ အိမ်မွေးတိရစ္ဆာန်တွေ (ခွေး၊ ကြောင်) မှာ အဓိကနေထိုင်ကျက်စားပြီး လူကိုပါ ကိုက်လေ့ရှိပါတယ်။

ခွေးသန်း (Flea) ကိုက်ခံရတဲ့အခါ နီရဲသော အဖုသေးသေးလေးတွေ စတင်ဖြစ်ပေါ်လာတယ်။ အဖုအလယ်ဗဟိုမှာ သွေးခြည်ဥဆန်ဆန် အနီစက်ငယ်တွေ ပါရှိတတ်တယ်။ လှေးကိုက်တဲ့အနာတွေဟာ တစ်နေရာတည်းမှာ ၃-၄ ခု တန်းစီပြီး ပေါ်ပေါက်နေတတ်ပါတယ်။ ဒါကို “breakfast, lunch, and dinner” ပုံစံလို့ ခေါ်ကြပါတယ်။ အကိုက်ခံရတဲ့ နေရာဟာ အလွန် ယားယံနေတတ်မယ်။ အရေပြားရောင်တာ၊ ကိုက်ခဲတာ၊စပ်ဖျဉ်းဖျဉ်းဖြစ်နေတာမျိုး ခံစားရတယ်။အင်ပြင်ထတာ၊ အသက်ရှုမဝတာမျိုး ဖြစ်နိုင်တယ်။ ခွေးသန်းဒဏ်ရာတွေဟာ များသောအားဖြင့် ခြေသလုံးအောက်ပိုင်း ခြေကျင်းဝတ်နေရာတွေမှာ အဓိကတွေ့ရတယ်။ချိုင်း၊ ပေါင်ခြံ၊ တံတောင်ဆစ်၊ ဒူး စတဲ့နေရာတွေမှာလည်း တွေ့နိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

– အရေပြားပိုးဝင်ခြင်း 

– ကပ်ပါးပိုးကူးစက်ခြင်း 

– အရေပြားဓာတ်မတည့်ခြင်း

ကုသနည်း

ခွေးသန်းကိုက်ခံရတဲ့အခါ အယားပျောက်အောင် အရင်လုပ်ရတယ်။ ယားယံတဲ့နေရာကို ရေခဲအိတ်ကပ်ပေးပါ။ ဆပ်ပြာတိုက်ပြီး ရေနဲ့ သေချာ ဆေးကြောပါ။ ရောင်ရမ်းမှုနဲ့ ယားယံမှု သက်သာဖို့ Calamine Lotion သို့မဟုတ် Hydrocortisone Cream လိမ်းပေးပါ။

ယားယံမှုပြင်းထန်ရင်  Antihistamine အယားပျောက်ဆေးတွေ သောက်သုံးပါ။ 

အိမ်သုံးနည်းတွေထဲမှာ ရှာစောင်းလက်ပပ်ဂျယ် (Aloe Vera Gel) ကပ်လို့ ရတယ်။ လက်ဖက်ခြောက်အိတ် (damp tea bag)ကို ရေအေးစိမ်ပြီး အနာပေါ် ကပ်ပေးပါ။ အာလူးပါးပါးလှီးပြီး ကပ်ပေးနိုင်တယ်။ ရွှေဖရုံသီးစေ့ဆီ လိမ်းပေးနိုင်တယ်။

ကာကွယ်နည်းများ

· အိမ်မွေးတိရစ္ဆာန်တွေ မွေးတဲ့အခါ ပုံမှန် လှေးသတ်ဆေး ခတ်ပေးပါ။

· လှေးရှိနိုင်တဲ့နေရာတွေကို ရှောင်ရှားပါ။

· ခြေအိတ်ရှည်ဘောင်းဘီ ဝတ်ဆင်ပါ။ ခြေအိတ်စီးပါ။

· DEET ပါဝင်တဲ့ဆေးလိမ်းခြင်းဖြင့် ကာကွယ်နိုင်တယ်။

အကြံပြုချက်

အိမ်မွေးတိရစ္ဆာန်တွေကို သန့်ရှင်းပါ။ ခွေး/ကြောင်ကို ပိုးသတ်ရှန်ပူ (Flea Shampoo)နဲ့ ရေချိုးပေးပါ။ လှေးခြစ်ဘီး (Flea Comb)နဲ့ ဖြီးပေးပါ။ လှေးပျောက်ဆေး (Spot-on Treatment) ခတ်ပေးပါ။ အိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းပါ။ ကော်ဇော၊ အိပ်ရာခင်း၊ ခေါင်းအုံး စတာတွေကို ရေပူပူနဲ့ စနစ်တကျ ဆေးကြောပါ။ ကြမ်းပြင်ကို ဖုန်စုပ်စက်နဲ့ သန့်ရှင်းပါ။ လှေးဖျန်းဆေး (Flea Spray) ဖျန်းပြီး ကာကွယ်ပါ။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews