ချွေးစားခြင်း
ချွေးစားခြင်း (Intertrigo) ဆိုတာ အရေပြားတွန့်ခေါက်လွှာ (intertriginous areas) အချင်းချင်း ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ inflammatory dermatitis အနီကွက်တွေ ဖြစ်ပါတယ်။ အရေပြားတွန့်ခေါက်နေရာ၊ ပွတ်တိုက်မှုများတဲ့ နေရာတွေမှာ အပေါ်ယံအရေပြားဆဲလ်တွေ ရောင်ရမ်းပျက်စီးတဲ့အခါ intertrigo ဖြစ်ပေါ်လာတယ်။ အရေပြားရောင်ရမ်းပျက်စီးမှုကြောင့် နောက်ဆက်တွဲ ဗက်တီးရီးယား၊မှိုပိုး၊ candida မှိုပိုးစတဲ့ ပိုးမွှားတွေ ဝင်ရောက်လာတယ်။ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား၊ ရင်သားအောက်၊ ဝမ်းဗိုက်အောက်အကွေး၊ ပေါင်ခြံ၊ တင်ပါးကြား အဖြစ်များတယ်။
ချွေးစားခြင်း ဟာအဝလွန်သူနဲ့ ဆီးချိုရောဂါသည်တွေ အဓိကတွေ့ရတယ်။ ခုခံအားကျဆင်းသူတွေ၊ လေဖြတ်သူနဲ့ ကလေးငယ်တွေမှာ တွေ့ရတတ်တယ်။ပူအိုက်တဲ့ရာသီမှာ အဖြစ်များတယ်။ ချွေးစားတဲ့နေရာမှာ အရေပြားနီရဲခြင်း၊ အနံ့ထွက်ခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းစတာတွေ ဖြစ်တတ်တယ်။ ဗက်တီးရီးယား ဝင်ရောက်လာရင် အနာဖြစ်ခြင်း၊ ပြည်ထွက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊မကောင်းတဲ့အနံ့အသက်ထွက်ခြင်းမျိုး ဖြစ်လာတတ်တယ်။အချိန်ကြာတာနဲ့အမျှ အနာဖေးကပ်ခြင်း၊ အက်ကွဲခြင်း၊ သွေးထွက်ခြင်း (ပွတ်တိုက်မှုများလျှင်)တို့ ဖြစ်တတ်တယ်။
Intertrigo ဟာ ချွေး၊ ပူအိုက်မှုနှင့် ပွတ်တိုက်မှု ဒီသုံးမျိုးပေါင်းစပ်ပြီး ဖြစ်ပေါ်လာတယ်။ ချွေးနဲ့ အရေပြားကထွက်တဲ့ အဆီတို့ဟာ အရေပြားခေါက်ထဲမှာ စုဝေးပြီး စိုထိုင်းမှုကိုဖြစ်ပေါ်စေတယ်။ ဒါဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ပေါက်ဖွားကြီးထွားဖို့ အကောင်းဆုံးပတ်ဝန်းကျင် ဖြစ်ပါတယ်။ စိုစွတ်တဲ့နေရာမှာ ပေါက်ဖွားလွယ်တဲ့ မှိုရောဂါအမျိုးမျိုးရှိတယ်။ အထူးသဖြင့် candida, Trichophyton, Epidermophyton နဲ့ Malassezia တဆေးမှိုတွေက အဖြစ်များတယ်။ချွေးစားတဲ့အခါ Corynebacterium နဲ့ Staphylococcus ဗက်တီးရီးယားပိုးတွေလည်း ဝင်ရောက်တတ်တာ သတိပြုရမယ်။
ဒီရောဂါက တခါတရံ Flexural psoriasis, Seborrheic dermatitis, Atopic dermatitis, Irritant contact dermatitis နဲ့ Hidradenitis suppurativa နဲ့ မှားယွင်းတတ်တယ်။ ရောဂါရှာဖွေတဲ့အခါ ဗက်တီးရီးယားအတွက် Skin Swabs ယူတာ၊ မှိုပိုးအတွက် Skin Scrapping လုပ်ရတာမျိုး ရှိတတ်ပါတယ်။ Skin scrapings လုပ်တဲ့အခါ 10% potassium hydroxide (KOH) နဲ့ methylene blue staining သုံးပြီး ရှာဖွေရတယ်။
ကုသခြင်း
Intertrigo ကို ကုသရာမှာ ဆေးတစ်မျိုးလိမ်းလိုက်ရုံနဲ့ မပြီးပါဘူး။ အရေးကြီးဆုံးက အရေပြားချင်းပွတ်တိုက်တဲ့နေရာကို ခြောက်သွေ့အောင်ထားဖို့လည်းလိုတယ်။ ဆေးပေးတဲ့အခါ ရောဂါအမျိုးစားပေါ်မူတည်ပေးရတယ်။ ရောင်ရမ်းမှုနဲ့ ယားယံမှုအတွက် အပျော့စား အရောင်ကျလိမ်းဆေးတွေ ပေးရတယ်။ မှိုပိုးကူးစက်ခံထားရရင် မှိုသတ်လိမ်းဆေး (Clotrimazole, Terbinafine, Ketoconazole, Miconazole cream)တွေ အသုံးပြုနိုင်တယ်။ Fluconazole, Griseofulvin, Nystatin သောက်ဆေးတွေ အသုံးပြုနိုင်တယ်။ ချွေးထွက်များသူအတွက် corn starch ပါတဲ့ baby powderတွေ၊ မှိုပိုးသတ်ဆေး ပေါင်ဒါမှုန့် (1% clotrimazole)တွေ အသုံးပြုနိုင်တယ်။ ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်နာဖြစ်တဲ့အခါ Clindamycin, Erythromycin, Flucloxacillin, Cephalexinလို ပဋိဇီဝပိုးသတ်ဆေးတွေ အသုံးပြုရတယ်။ fusidic acid နဲ့ mupirocin လိမ်းဆေးတွေလည်းသုံးဲတယ်။ ဆေးတွေဟာ ရောဂါအမျိုးအစားပေါ်မူတည်တာကြောင့် ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်းသောက်သုံးသင့်တယ်။ intertrigo ရောဂါအတွက် vitamin B6 သောက်ဆေးတွေ သောက်ကြတာရှိပါတယ်။
အကြံပြုချက်
ချွေးစားခြင်းဟာ ပြန်ဖြစ်တတ်တာကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်။ ချွေးစားတဲ့ နေရာကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။ ကိုယ်လက်လှုပ်ရှားမှုပြုပြီးတိုင်း ချွေးသုတ်ပါ။ လိုအပ်ရင် ချွေးစုပ်အားကောင်းတဲ့ ပေါင်ဒါကို ပုံမှန်သုံးပေးပါ။ ပူအိုက်တဲ့ရာသီမှာ ချောင်ချောင်ချိချိ အဝတ်အစားဝတ်ပါ။ကိုယ်အလေးချိန်ကို လျှော့ချပါ။ ချွေးစားတဲ့အခါ ဘာလိမ်းရမလဲဆိုတာထက် ဘာကြောင့် ဖြစ်လာတာလဲဆိုတာ အရင်ရှာဖွေခြင်းက မှန်ကန်တဲ့ကုသနည်း ဖြစ်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews