Open 9:00-12:00 AM
+95 92051590

Erysipelas

29 Oct, 2021 | No Comments

Erysipelas

Erysipelas အရေပြားအလယ်လွှာရောင်ရမ်းခြင်း

Erysipelas ဆိုတာ ဘက်တီးရီးယားပိုး ဝင်ရောက်မှုကြောင့် အရေပြားအလယ်လွှာ (Upper Dermis) နဲ့ အရေပြားရှိ ပြန်ရည်ကြော (Superficial Lymphatics) တွေ ရောင်ရမ်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Cellulitis (အရေပြားတစ်ရှူးရောင်ရမ်းခြင်း) နဲ့ ဆင်တူပေမယ့် Erysipelas ဟာ အပေါ်ဖက်အရေပြားရောင်ရမ်းတာကြောင့် နီရဲတဲ့အပိုင်းက ပိုပြီးထင်ရှားတယ်။ အထူးသဖြင့် မျက်နှာ (နှာခေါင်းနှင့် ပါးပြင်တဝိုက်)၊ ခြေထောက်၊ လက်မှာ အဖြစ်များတယ်။

Erysipelas အဓိကဖြစ်စေတဲ့ ဘက်တီးရီးယားဟာ Group A Beta-Hemolytic Streptococcus (Streptococcus pyogenes) ဖြစ်ပါတယ်။ တခါတရံ Staphylococcus aureus ကြောင့်လည်း ဖြစ်တတ်တယ်။ ဒီဘက်တီးရီးယားပိုးတွေဟာ အရေပြား အနာ (သို့) ဒဏ်ရာတွေကတဆင့် ဝင်ရောက်ကြပါတယ်။ အသေးစားဒဏ်ရာ (ခြစ်ရှဒဏ်ရာ၊ ခွဲစိတ်မှုဒဏ်ရာ၊ အင်းဆက်ကိုက်တာ)တွေက ရောဂါပိုးဝင်ရောက်ဖို့ လွယ်ကူပါတယ်။ ခြေထောက် အက်ကွဲတာ၊ခြေချောင်းကြား မှိုစွဲတာတွေကနေလည်း ဖြစ်နိုင်တယ်။ အသက်အရွယ်ကြီးရင့်သူ၊ ဆီးချိုရောဂါ၊ အဝလွန်သူ၊ ခုခံအားကျဆင်းသူ (HIV/AIDS, ကင်ဆာ)၊ သွေးပြန်ကြော မကောင်းသူတွေဟာ ရောဂါဖြစ်နိုင်ချေများတယ်။

ရောဂါလက္ခဏာရပ်များ

Erysipelas ၏ လက္ခဏာတွေဟာ နာရီပိုင်းအတွင်း အလျင်အမြန် ဆိုးရွားလာတတ်ပါတယ်။ကူးစက်ခံရသည့် အရေပြားသည် သိသိသာသာနီရဲနေတတ်တယ်။ ပူနွေးနေတတ်တယ်။ အရေပြားက ရောင်ရမ်းနေမယ်။ ထိရုံမျှနဲ့ နာကျင်တတ်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးမှာ အရည်ကြည်ဖုများ (Blisters) ပေါ်လာတယ်။ Erysipelas မှာ အခြားလက္ခဏာတွေလည်း အတူရှိတတ်ပါတယ်။ ရုတ်တရက် အဖျားကြီးတာ (38.5°C – 40°C)၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ အော့အန်တာ၊ အဆစ်အမြစ်များ ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာမျိုးဖြစ်တတ်တယ်။

နောက်ဆက်တွဲ ဆိုးကျိုးများ

· ပြည်တည်နာ (Abscess) 

· သွေးဆိပ်သင့်ခြင်း (Sepsis) 

· ခြေထောက်လက် ဖောရောင်ခြင်း (Lymphoedema) 

·  သွေးပြန်ကြော ရောင်ရမ်းခြင်း (Thrombophlebitis)

·  ကျောက်ကပ်ရောင်ရမ်းခြင်း (Glomerulonephritis)

ကုသနည်း

Erysipelas အရေပြားမှာ Penicillin V, Amoxicillin, Cephalexin, Clindamycin စတဲ့ ပဋိဇီဝဆေးသောက်ဆေးတွေက အသုံးများတယ်။ ၁၀-၁၄ ရက် အထိ သောက်ဖို့လိုတယ်။

ရောဂါပြင်းထန်သူတွေဟာ ပဋိဇီဝထိုးဆေးတွေ ပေးဖို့ လိုပါတယ်။ Penicillin G, Ceftriaxone, Clindamycinစတဲ့ထိုးဆေးတွေ ပေးရတယ်။ ဒီရောဂါဟာ ပဋိဇီဝဆေးများနဲ့ ကုသရင် ကောင်းစွာ ပျောက်ကင်းနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။

အကြံပြုချက်

ရေများများသောက်ပါ။ ရောင်တဲ့နေရာကို ရေခဲကပ်ပါ။ နာကျင်မှုသက်သာအောင် Paracetamol (သို့) Ibuprofen ဆေး သောက်သုံးနိုင်ပါတယ်။ခြေထောက်မှာဖြစ်ရင် အနားယူပါ။ ခြေထောက်/လက်ကို အရောင်ကျအောင် မြှောက်ထားပါ။ 

ကာကွယ်ခြင်း

၁.  ခြေထောက်သန့်ရှင်းရေး: ခြေထောက်ကို နေ့စဉ်ဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။

၂.  ခြေချောင်းကြား မှိုစွဲခြင်းကို ကုသပါ။

၃.  အရေပြားကွဲအက်ခြင်းကို ကာကွယ်ပါ: အရေပြားကို ရေဓာတ်ဖြည့်လိမ်းဆေး (Moisturizer) များနှင့် ပုံမှန်လိမ်းကျံပေးပါ။

၄.  ထိခိုက်ဒဏ်ရာများကို သေချာဂရုစိုက်ပါ: ဆပ်ပြာနှင့်ရေဆေး၍ ဘက်တီးရီးယားသတ်လိမ်းဆေး (Antibiotic Ointment) လိမ်းကာ သန့်ရှင်းသော ပလာစတာဖြင့် အုပ်ထားပါ။

၅.  ခြေထောက်ဖောရောင်ခြင်းကို ကုသပါ: ဖောရောင်နေသော ခြေထောက်သည် Erysipelas ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။

Erysipelas ဟာ စောစီးစွာ ကုသပါက ပျောက်ကင်းနိုင်ပေမယ့် ပေါ့ဆ၍မရတဲ့ ရောဂါဖြစ်တယ်။ အထက်ပါလက္ခဏာများ ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပြီး ကုသမှုခံယူသင့်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

———

Erysipelas is a superficial form of cellulitis, usually caused by group A Streptococcus (Strep. pyogenes) with a characteristic feature of raised, indurated and well-demercated inflammation of upper skin (papillary dermis).

Causes

  • minor scratch
  • insect bite

Signs and Symptoms

  • High Fever, chills and rigor within 2 days
  • Skin redness and tenderness with scaling
  • Dermal oedema and swelling with distinct margin
  • well-defined, red, raised and inflamed area 
  • Peau d’orange sign
  • Common in upper body and head

Treatment

  • Oral or IV pencillin or erythromycin or clindamycin (for 10-14 days)
  • Vancomycin (for facial by MRSA)
  • Pen V or erythromycin can be used in chronic recurrent case (up to 2 years)

Dr. Aye Min Htoo

Dermatologist

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။

Write Reviews

Leave a Comment

No Comments & Reviews