Open 9:00-12:00 AM
+95 92051590

Lipoma

29 Oct, 2021 | No Comments

Lipoma

Lipoma အဆီကျိတ်

Lipoma ဆိုတာ အရေပြားအောက်မှာတွေ့ရတဲ့ အဆီကျိတ်ကို ခေါ်ပါတယ်။ ဒီအကျိတ်တွေဟာ ကင်ဆာကျိတ်မဟုတ်ဘဲ ရိုးရိုးသာမန်အကျိတ်တွေသာဖြစ်ပါတယ်။ အဆီကျိတ်အများစုဟာ အဆီလွှာထဲမှာ ဖြစ်ပေါ်လေ့ရှိပြီး လက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာသာ အတွေ့ရများတယ်။lipoma အဆီကျိတ်တွေဟာ အဆီရှိတဲ့ ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၄၀-၆၀အတွင်း လူကြီးတွေမှာ အဖြစ်များတယ်။ ကမ္ဘာ့လူဦးရေရဲ့ (၁)ရာခိုင်နှုန်းမှာ အဆီကျိတ်ရှိတာ တွေ့ရတယ်။

ဘာ့ကြောင့် အဆီကျိတ်ဖြစ်လဲ

ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရသေးပါဘူး။ သီအိုရီတစ်ခုက အဆီလွှာမှာ ဒဏ်ဖြစ်ပြီး  cytokines ရောင်ရမ်းဓာတ်စုပုံရာကတဆင့် အဆီလွှာမှာ ဆဲလ်တွေကွဲပွားမှုကြောင့် အဆီကျိတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဟော်မုန်းနဲ့လည်း သက်ဆိုင်တတ်ပါတယ်။ ဒါ့ပြင် မျိုးဗီဇရှိတာ၊ လှုပ်ရှားမှုနည်းတာ၊ နောက်ခံရောဂါတစ်မျိုးမျိုးရှိတာ (ဥပမာ Gardner syndrome, adiposis dolorosa, familial multiple lipomatosis, Madelung disease)စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ သွေးတွင်းအဆီဓာတ်များတာ၊ အဝလွန်တာ၊ အမျိုးအစား(၂)ဆီးချိုရောဂါသည်တွေမှာ ပိုအဖြစ်များတာ တွေ့ရတယ်။

အဆီကျိတ်တွေဟာ သိသာပါတယ်။ စမ်းသပ်ကြည့်ရင် ခပ်ပျော့ပျော့ အဆီကျိတ်အဖြစ် မြင်တွေ့ရတယ်။ လက်နဲ့ ဖိကြည့်ရင် ရွေ့လာတယ်။ အရွယ်အစားအားဖြင့် ၂လက်မအတွင်းမှာသာ ရှိတယ်။ အဆီကျိတ်အများစုဟာ နာကျင်ကိုက်ခဲလေ့မရှိပါဘူး။ တခါတရံ အဆီကျိတ်ကကြီးထွားပြီး သွေးကြောနံရံတွေ၊ သွေးကြောမျှင်တွေနဲ့ အာရုံခံနာ့ဖ်ကြောတွေကို သွားထောက်မိတဲ့အခါ နာကျင်ကိုက်ခဲလာတတ်ပါတယ်။ အဆိုပါအခြေနေမျိုးမှာ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။

ယေဘုယျအားဖြင့် အဆီကျိတ်တွေဟာ ကြည့်ရဆိုးတာကလွဲရင် လူကို ဒုက္ခမပေးပါဘူး။ ဒါ့ကြောင့် များသောအားဖြင့် ကုသဖို့ မလိုအပ်ပါဘူး။ သို့သော် အဆီကျိတ်တွေ ရုတ်တရက်ကြီးထွားလာတဲ့အခါ၊ နာကျင်ကိုက်ခဲလာတဲ့အခါမျိုးမှာ ဖယ်ထုတ်ဖို့ လိုအပ်ပါတယ်။ အဆီကျိတ်ဖယ်ရှားတဲ့အခါ ခွဲစိတ်နည်းနဲ့ အဆီစုပ်တဲ့နည်း(liposuction)ဆိုပြီး (၂)မျိုး ရှိပါတယ်။ ဖြစ်တဲ့နေရာ၊ အကျိတ်အနေအထားပေါ်မူတည်ပြီး ဆုံးဖြတ်ရတယ်။ laser lipolysis နည်းလည်းရှိပါတယ်။ ခွဲစိတ်ကုသတဲ့အခါ အမာရွတ်ကျန်တာ၊ သွေးခြေဥတာမျိုး ဖြစ်နိုင်ပါတယ်။ ခွဲတဲ့နေရာမှာ နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ပေမယ့် ဒီလိုပြန်ဖြစ်တာမျိုးက အလွန်ရှားပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews