မွှေးညင်းအိတ်ရောင်ခြင်း (Folliculitis)ဟာ မွှေးညင်းအိတ်ရောင်ရမ်းတဲ့ အနာတစ်မျိုး ဖြစ်တယ်။ မွှေးကျွတ်နာဆိုတာ bacteria folliculitis ကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအနာတွေဟာ မွှေးညင်းပေါက် ပိတ်ဆို့ရာက စတင်ဖြစ်ပေါ်လာပါတယ်။ ပိတ်ဆို့တဲ့နေရာက ရောင်ရမ်းပြီး နောက်ဆုံးပိုးဝင်လာပါတယ်။ ချွေးအောင်းတာ၊ အရေပြားပွတ်တိုက်မိရာက မွှေးညင်းအိတ်အတွင်းပိုင်း ထိခိုက်ပြီး မွှေးညင်းအိတ်ရောင်ရမ်းစေနိုင်တယ်။ အရေပြားဆေးပညာအရ folliculitis ဆိုတာ မွှေးညင်းအိတ်ရောင်တဲ့ အဆင့်ကို ပြောတာပါ။ မွှေးညင်းအိတ်ရောင်ရမ်းတာ၊ အပေါ်ယံ မွှေးညင်းအိတ်ပိုးဝင်တာတွေက မွှေးကျွတ်နာကို ဖြစ်စေတယ်။
မွှေးကျွတ်နာတွေက ရောင်ရမ်းဝက်ခြံနဲ့ ဆင်တူတယ်။ မတူတဲ့အချက်က ယားယံတတ်တယ်။ မျက်နှာ၊ လက်မောင်း၊ ကျော၊ ရင်ဘတ်၊ လည်ပင်း၊ တင်ပါးအစရှိတဲ့နေရာမှာ ဖြစ်နိုင်တယ်။မွှေးကျွတ်နာရဲ့ ကနဦးအဆင့်မှာ မွှေးညင်းအိတ်က ရဲပြီး ဖောင်းတက်လာတယ်။ ခပ်ရဲရဲအနီဖုလေး ဖောင်းထွက်တာ မြင်လာရတယ်။ နှစ်ရက်အတွင်း ပိုးဝင်ပြီး ပြည်တည်လာမယ်။ မွှေးညင်းနုထွက်တဲ့ အိတ်တွေဟာ အလုံပိတ်အခန်းဖြစ်လို့ ပိုးဝင်လွယ်ပါတယ်။ မွှေးညှင်းအိတ်ပိုးဝင်ရာက အောက်ခြေထိ လှိုက်စားသွားတဲ့အခါ အနာစိမ်း(boils)တွေ ဖြစ်ပေါ်လာတယ်။
မွှေးညင်းအိတ်ရောင်ရမ်းခြင်း (folliculitis)ဟာ ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ယေဘုယျ အမျိုးအစား (၆)မျိုး ခွဲထားတယ်။
(၁) Superficial bacterial folliculitis

မွှေးညင်းအိတ်ရောင်ရမ်းခြင်းဟာ အပေါ်ယံဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် အဓိကဖြစ်တယ်။ မွှေးကျွတ်နာလို့ ခေါ်ပါတယ်။ Staphylococcus aureus ဗက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေတယ်။ မြန်မာလူမျိုးတွေသိတဲ့ မွှေးကျွတ်နာဆိုတာ bacteria folliculitis ကို ပြောတာ ဖြစ်ပါတယ်။
(၂) Gram-negative bacterial folliculitis

ဗက်တီးရီးယား အနှုတ်ပိုးမွှားဖြစ်တဲ့ pseudomonas aeruginosa ကြောင့် ဖြစ်တယ်။ ရေပူကန် မွှေးကျွတ်နာ (hot tub folliculitis)လည်း ခေါ်တယ်။ ရေကူးကန်၊ ရေပူကန်တွေမှာ ရောဂါပိုးရှိတဲ့ ရေနဲ့ ထိတွေ့မိရာက ဖြစ်လာတယ်။ Klebsiella နဲ့ Enterobacter ပိုးမွှားတွေကြောင့်လည်းဖြစ်နိုင်တယ်။ ပဋိဇီဝဆေး ကြာရှည်သောက်သူတွေမှာ ဒီလိုပုံစံမွှေးကျွတ်နာမျိုး တွေ့ရတတ်တယ်။
(၃) Pityrosporum Folliculitis

Malassezia furfur မှိုပိုးကြောင့်ဖြစ်တဲ့ မွှေးကျွတ်နာတစ်မျိုး ဖြစ်တယ်။ အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ အဆီဂလင်းလုပ်ဆောင်မှုကြောင့် မှိုပိုးဝင်ပြီး မွှေးကျွတ်နာတွေ ဖြစ်ပေါ်လာတယ်။ ပခုံး၊ နောက်ကျောနှင့် လည်ပင်းစတဲ့ နေရာတွေမှာ အဖြစ်များတယ်။ ဒီအမျိုးအစားမွှေးကျွတ်နာက ဝက်ခြံနဲ့ ဆင်တူတယ်။
(၄) Viral folliculitis

ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း မွှေးကျွတ်နာဖြစ်နိုင်တယ်။ ရေယုန်ဗိုင်းရပ်စ်(herpes virus)တွေကြောင့် အများဆုံးဖြစ်တယ်။ ငါးမျက်စိဗိုင်းရပ်စ် (Molluscum contagiosum)တွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့မွှေးကျွတ်နာတွေက ပြည်ဖုမဟုတ်ဘဲ အရည်ကြည်ဖုသေးသေးလေးတွေ ထတတ်တယ်။ အစုလိုက် ပြုံနေတတ်တယ်။
(၅) Demodex folliculitis

အင်းစက်ပိုးမွှား Demodex folliculorum ကြောင့် ဖြစ်တဲ့ မွှေးကျွတ်နာဖြစ်တယ်။ Demodex မွှားတွေက ပုံမှန်အားဖြင့် အရေပြားအဆီအိတ်မှာ ခိုအောင်းနေတတ်တယ်။ အရေပြားမျှခြေ ပျက်ဆီးတဲ့အခါ ဒီပုံစံမွှေးညင်းအိတ်ရောင်တာမျိုး ဖြစ်နိုင်တယ်။
(၆) Eosinophilic folliculitis

Eosinophilic folliculitis ဟာ ခုခံအားကျဆင်းသူတွေမှာ အဓိကတွေ့ရတယ်။ HIV ရောဂါပိုးရှိသူတွေမှာ ခုခံအားစနစ်ကျဆင်းရာက ဖြစ်လာတယ်။ ကင်ဆာရောဂါ ဓာတ်ကင်သူတွေမှာလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ တွေ့ရပါတယ်။ ဦးရေပြား၊ မျက်နှာ၊ လည်ပင်း၊ ကျောပြင် စတဲ့နေရာတွေမှာ အလွန်ယားယံတဲ့ အရဲဖုလေးတွေအဖြစ် မြင်တွေ့ရလေ့ရှိတယ်။
ကုသနည်း
မွေးကျွတ်နာအများစုဟာ ကုသဖို့မလိုပဲ သူ့အလိုအလျှောက် ပျောက်ကင်းနိုင်ပါတယ်။ အထူးသဖြင့် ဗက်တီးရီးယားမွှေးကျွတ်နာတွေ ဖြစ်ပါတယ်။ သို့သော်အဖျားတက်တာ၊ နုံးချိတာ၊ နာကျင်ကိုက်ခဲတာ၊ အနာပိုကြီးလာတာ စတဲ့လက္ခဏာတွေရှိရင် ကုသမှုခံယူသင့်တယ်။ ဖြစ်တဲ့ရောဂါပိုးမွှားပေါ်မူတည်ပြီး ပဋိဇီဝဆေး၊ မှိုပိုးသတ်ဆေးတွေ ပေးနိုင်တယ်။ superficial follicullitis အပေါ်ယံပိုးဝင်ရင် လိမ်းဆေးတွေနဲ့ သက်သာနိုင်တယ်။ deep folliculitis အောက်ခြေပိုးဝင်ရင် သောက်ဆေးတွေ အဓိကပေးရတယ်။
အကြုံပြုချက်
မွှေးကျွတ်နာဖြစ်ရင် ဆားရေနွေးဝတ် ကပ်သင့်တယ်။ ဖြစ်တဲ့နေရာကို သန့်စင်အောင် ထားသင့်တယ်။ ထိတာ၊ ကိုင်တွယ်တာ၊ ဖောက်ထုတ်တာမျိုး မလိုအပ်ဘဲ မလုပ်သင့်ပါဘူး။ အများစုဟာ ကုသမှု မလိုဘဲ (၂)ပတ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

Write Reviews
Leave a Comment
No Comments & Reviews