Open 9:00-12:00 AM
+95 92051590

Swimmer’s itch

25 Nov, 2021 | No Comments

Swimmer’s itch

Swimmer’s itch ဆိုတာ ရေချိုးပြီး (သို့) ရေကစားပြီး ဖြစ်လာတဲ့ အနီစက်လေးတွေကို ခေါ်ပါတယ်။ ရေကန်၊ မြစ်၊ချောင်းစတဲ့ရေနဲ့ ထိတွေ့သူတွေမှာ အဖြစ်များတယ်။ ရေထဲမှာရှိတဲ့ သေးငယ်တဲ့ ပါရာဆိုက်ကပ်ပါးကောင်လေး(cercaria)လေးတွေ အရေပြားထဲဖောက်ပြီး ဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ အနီစက်တွေ ဖြစ်လာပါတယ်။ တကယ်တော့ ဒီကပ်ပါးကောင်လေးတွေဟာ လူ့ခန္ဓာကိုယ်မှာ မရှင်သန်နိုင်လို့ ဝင်ပြီး မကြာခင်သေဆုံးသွားပါတယ်။ အဆိုပါကပ်ပါးပိုးကို ခုခံအားစနစ်က တုံ့ပြန်တဲ့အခါ အလွန်ယားယံတဲ့ အနီစက်ယားနာလေးတွေ ဖြစ်ပေါ်လာပါတယ်။

ပါရာဆိုက်ကပ်ပါးကောင် ဥလေးတွေကို ဘဲ၊ငန်းအစရှိတဲ့ သတ္တဝါတွေရဲ့ မစင်အညစ်အကြေးမှာ တွေ့ရတယ်။ ဒါ့ကြောင့် duck itch လည်း ခေါ်ပါတယ်။ ရေတိမ်မှာနေတဲ့ ခရုတွေထဲ ဝင်ရောက်ပြီး ပွားများလာပါတယ်။ ခရုတွေကတဆင့် ရောဂါပိုးက ရေထဲကိုပြန့်ပွားစေတယ်။ အဆိုပါကပ်ပါးပိုး(cercaria)ဟာ လူ့အရေပြားနဲ့ ထိတွေ့တဲ့အခါ swimmer’s itch ခေါ်တဲ့ ယားနာအနီစက်တွေ တစ်ကိုယ်လုံးပွားများလာပါတယ်။ ဒီပိုးဟာ လူတစ်ယောက်ကနေတစ်ယောက် မကူးစက်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲရောက်တာနဲ့ သေဆုံးသွားလို့ဖြစ်ပါတယ်။ သို့သော် ရောဂါပိုးရှိတဲ့ရေနဲ့ ထိတွေ့တဲ့နေရာတွေမှာတော့ ယားနာဖုတွေ ပေါ်ပေါက်လာပါတယ်။

ရေချိုကန်ယားနာ (Swimmer’s itch)ဟာ ဖြစ်ပြီး ရက်ပိုင်းအတွင်းပြန်ပျောက်သွားပါတယ်။ယားနာဖုလေးတွေ၊ အရည်ကြည်ဖုလေးတွေကို အနီစက်အဖြစ်မြင်တွေ့ရတယ်။ အနီစက်တွေဟာ ခြေ၊လက်၊လည်ပင်းစတဲ့ အဝတ်မရှိတဲ့နေရာတွေမှာ အဓိကဖြစ်ကြတယ်။ အဝတ်နဲ့ ဖုံးမထားတဲ့နေရာတွေ(ခြေ၊လက်)မှာ အဓိကဖြစ်တယ်။ သန့်ရှင်းတဲ့ ရေကူးကန်တွေထက် မြစ်၊ချောင်းစတဲ့ရေချိုမှာ ရေချိုးသူတွေ ပိုဖြစ်ကြတယ်။ ဒီအနီစက်ဟာ ရောဂါပိုးရှိတဲ့ရေနဲ့ထိတွေ့ပြီး မိနစ်ပိုင်းအတွင်းဖြစ်တတ်သလို ၂ရက်အတွင်း ဖြစ်နိုင်တယ်။

Seabather’s eruption ဆိုတာလည်းရှိပါတယ်။ ပင်လယ်ရေနဲ့ ထိစပ်သူတွေ အဖြစ်များတယ်။  snorkeling ပင်လယ်အောက် ရေကူးသမားတွေမှာ ဖြစ်လေ့ရှိတယ်။ ရေကူးဝတ်စုံဝတ်တဲ့နေရာတွေမှာ ယားယံအနီစက်တွေ ပေါ်လာတာဖြစ်ပါတယ်။ ပင်လယ်သန်းတွေ ကိုက်လို့ဖြစ်တယ်။ ဒီအချက်က swimmer’s itch နဲ့ ကွာခြားပါတယ်။

ကုသနည်း

အယားသက်သာအောင် ရေအေးဝတ်ကပ်နိုင်တယ်။ အယားပျောက်စေတဲ့ antihistamine လိမ်းဆေးတစ်မျိုးမျိုးလိမ်းပါ။ စတီးရွိုက်လိမ်းဆေးလိမ်းလို့ ရပါတယ်။Epsom salts (သို့) baking soda တမျိုးမျိုးထည့်ပြီး ရေချိုးပါ။colloidal oatmeal baths ရေစိမ်တာလည်း ကောင်းပါတယ်။ 

colloidal oatmeal baths ပြုလုပ်နည်း

oatmeal တစ်ခွက်ကို အမှုန့်ဖြစ်အောင်ကြိတ်ချေပြီး ရေမှာပျော်ဝင်အောင်လုပ်ပါ။ ရေဇလုံ (သို့) ရေချိုးကန်ထဲထဲ့ပြီး ခန္ဓာကိုယ်ကို ၁၅မိနစ်ကြာအောင် စိမ်ပြီး ယားတဲ့နေရာ ပွတ်တိုက်ပေးပါ။ ပြီးရင် ရိုးရိုးရေနဲ့ သန့်စင်ပြီး အဝတ်ခြောက်နဲ့ သုတ်ပစ်ပါ။ အဆိုပါနည်းက ယားယံတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews