Open 9:00-12:00 AM
+95 92051590

Melasma treatment

17 Nov, 2021 | No Comments

Melasma treatment

တင်းတိပ်ကုသခြင်း

တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားကလာတယ်။ အမဲရောင်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့တောင် တင်စားခေါ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်နိုင်တယ်။

ဆေးပညာမှာ ပုံမှန်ထက် အရောင်ရင့်တဲ့အကွက်တွေကို hyperpigmentation လို့ သုံးပါတယ်။ တင်းတိပ်အကြောင်းမပြောခင် တင်းတိပ်အမဲကွက်ဖြစ်စေတဲ့ melanin အကြောင်းအရင် ရှင်းရပါမယ်။melaninဆိုတာ ရောင်ခြယ်ပစ္စည်းတမျိုးပဲ။ melanin (အမဲရောင်ခြယ်) ထုတ်တဲ့ဆဲလ်ကို melanocyte လို့ ခေါ်ပါတယ်။ melanocyte ဆိုတာ အရေပြားအပေါ်လွှာ(epidermis)မှာ ရှိတဲ့ဆဲလ်တွေဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေက မယ်လနင်ပုံမှန်ထက် ပိုထုတ်တဲ့အခါ တင်းတိပ်ဆိုတာ ဖြစ်လာတယ်။

ဘာ့ကြောင့် တင်းတိပ်ထွက်လဲ

တင်းတိပ်အများစုက ဘာ့ကြောင့်ဖြစ်မှန်းမသိပါ။ နေရောင်ထိတွေ့မှုများလို့ ဖြစ်တာလို့တော့ သိထားတယ်။ အပူပိုင်းဒေသ အသားလတ်သူ၊ ညိုသူ နေရောင်နဲ့ပိုထိတွေ့ရသူတွေမှာ တင်းတိပ်ပိုဖြစ်တယ်။ အထူးသဖြင့် နွေရာသီလိုကာလတွေမှာ တင်းတိပ်က ပိုသိသာလေ့ရှိတယ်။ တခါ oestrogen , progesterone စတဲ့ဟော်မုန်းတွေက ဒီဆဲလ်တွေအပေါ် အကျိုးသက်ရောက်စေတယ်လို့ သိထားတယ်။ အဆိုပါဟော်မုန်းတွေက နေရောင်နဲ့ထိတွေ့တဲ့အခါ မယ်လနင်ကို ပုံမှန်ထက်ပိုထွက်အောင် လှုံ့ဆော်ပေးတယ်။

မျိုးရိုးနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် မိသားစုဝင်ထဲမှာ ဖြစ်ရင်တခြားတယောက်မှာလည်း ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အချိုးချကြည့်ရင် အမျိုးသမီး ၉ယောက်ဖြစ်တိုင်း အမျိုးသားက တယောက်သာ တွေ့မယ်။ သိုင်းရွိုက်ရောဂါအခံရှိသူတွေမှာလည်းဒါမျိုးဖြစ်တာ တွေ့ရတယ်။ အလှအပပစ္စည်း၊ဆေးဝါး ဓာတုပစ္စည်း စတာတွေ ဓာတ်မတဲ့လို့လည်း ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုက MSH ဟော်မုန်းကို ထွက်စေတာကြောင့် ပိုဖြစ်စေတယ်။

တင်းတိပ်အများစုက မျက်နှာမှာ အညိုကွက်တွေ အကွက်လိုက် ပေါက်တာဖြစ်တယ်။ မျက်နှာတင်မက နေရောင်အထိများတဲ့ လည်ပင်း၊လက် စတဲ့နေရာတွေမှာလည်း ဖြစ်နိုင်တယ်။ အညိုကွက်ရဲ့ ဘေးသားနှုတ်ခမ်းတွေက မညီညာဘူး။ ဘယ်၊ညာနှစ်ဖက်လုံးဖြစ်ကြတယ်။ အကွက်တွေက နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ဘဲ ဖြည်းဖြည်းချင်းသိသာလာတာဖြစ်တယ်။ တချို့တဖြည်းဖြည်း ပိုများလာတယ်။ အကြည့်ရဆိုးလာတယ်။

တင်းတိပ်သုံးမျိုး

တင်းတိပ်ကို ယေဘုယျသုံးမျိုးခွဲလိုက်တယ်။
၁။ Epidermal melasma ဆိုတာ အရေပြားအပေါ်ဆုံးလွှာမှာ ဖြစ်တယ်။ အရောင်ပိုရင့်ပြီး သိသာလွန်းတယ်။ အကွက်ရဲ့အနားသတ်တွေက ညီညာတယ်။ တကယ်တော့ ဒီအမျိုးအစားက  ဆေးတွေကို တုံ့ပြန်မှုအားကောင်းလို့ ကုဖို့ ပိုလွယ်တယ်။
၂။ Dermal melasma ဆိုတာ အရေပြားရဲ့အောက်လွှာမှာဖြစ်တာ။ အနားသတ်တွေက မညီမညာဖြစ်နေတတ်တယ်။ မီးခိုးရောင် နည်းနည်းဖျော့မယ်။ အရေပြားအောက်မို့ ပျောက်ကင်းသက်သာဖို့ ခက်ခဲတယ်။
၃။ Mixed melasma ဆိုတာ အပေါ်ကအမျိုးအစားနှစ်ခုလုံး တွဲဖြစ်တာမျိုးပါ။ မြန်မာလူမျိုးတွေမှာ ဒီအမျိုးအစား အတွေ့များတယ်။

တင်းတိပ်ဟုတ်မဟုတ် မြင်ရုံနဲ့ သိနိုင်ပါတယ်။ အရေပြားဆရာဝန်တွေသုံးတဲ့ dermatoscope နဲ့ စမ်းလို့ရတယ်။ ဘယ်အလွှာရောက်လဲသိချင်ရင် 340 – 400 nm လှိုင်းအလျားရှိတဲ့ Wood’s lamp နဲ့ စမ်းသပ်လို့ရပါတယ်။  သေချာချင်ရင် biopsy အသားစကို ယူပြီး စစ်လို့ရတယ်။

ကုသနည်းများ


တင်းတိပ်မှာ hydroquinone(HQ)ပါတဲ့ လိမ်းဆေးတွေကအသုံးများဆုံးပဲ။ တကယ်ကအရောင်ချွတ်ဆေးပါ။ဆေးက  မယ်လနင်ထွက်စေတဲ့ tyrosinase ဆိုတဲ့ဓာတ်တမျိုးကို တားဆီးလိုက်တာဖြစ်တယ်။ ပြင်းအားနည်းတာက ဆရာဝန်လက်မှတ်မလိုပါ။ cream, lotion, gel, or liquid  ပြင်းအား 2%, 4%စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့လာတယ်။ ရေရှည်သုံးရင် ဘေးထွက်ဆိုးကျိုးပိုများတယ်။ သတိပြုရမှာက လိမ်းဆေးသုံးပြီးတဲ့အခါ နေရောင်နဲ့ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်သင့်တယ်။ HQ ပါတဲ့လိုင်းဆေးတွေ ကြားဖူးနားဝ လုံးဝမသုံးပါနဲ့။ ရေရှည်သုံးရင် Ochronosis ခေါ်တဲ့ ကုရခက်တဲ့ အရေပြားအညိုရောင် ပြောင်းသွားတာမျိုး လူနာတွေထဲ မကြာခဏတွေ့ဖူးတယ်။ ဒါ့ကြောင့် ဆရာဝန်မသိဘဲ လုံးဝ(လုံးဝ) မသုံးနဲ့။

ဝက်ခြံမှာ သုံးတဲ့ tretinoin, azelaic acidစတဲ့ ဆေးတွေလည်း သုံးလို့ရတယ်။ tretinoin 0.05% ဆိုတာ  ဗီတာမင်အေ ပါတဲ့လိမ်းဆေးဖြစ်ပါတယ်။ တုံ့ပြန်မှုနှေးတယ်။ ခြောက်လလောက်ကြာမှ နည်းနည်းသိသာလာတာမျိုးလည်းရှိတယ်။ အရေပြားခြောက်သွေ့စေပြီး အခန့်မသင့်ရင် အရေပြားရောင်တာထိ ဖြစ်နိုင်လို့ စတီးရွိုက်ဆေးတွေနဲ့ ရောသုံးသင့်တယ်။ azelaic acid 20%ဆိုတာ ရောင်ခြယ်ထုတ်တဲ့ melanocytesကို အဓိကထားတိုက်ခိုကိတာကြောင့် ဘေးထွက်ပိုနည်းတယ်။

တင်းတိပ်ပျောက်ဆေးတွေထဲမှာ triple cream ခေါ်တဲ့ hydroquinone , tretinoin နဲ့ corticosteroid သုံးမျိုးပေါင်းထားတဲ့ လိမ်းဆေးတွေကကောင်းတယ်။ US FDAက အသိမှတိပြုထားတာက Tri-Lumaဆိုတဲ့ လိမ်းဆေး။ hydroquinone 4%, tretinoin 0.05%, နဲ့ fluocinolone acetonide 0.01% ဆိုတဲ့ဆေးသုံးမျိုးပေါင်းထားတယ်။ ၆၀ ရာခိုင်နှုန်းလောက် ထိရောက်ကောင်းမွန်စေတယ်။ တင်းတိပ်မှာ ဆေးပေးတဲ့အခါ ပေါင်းစပ်ထားတဲ့လိမ်းဆေးတွေက ပိုအာနိသင်ရှိတာ တွေ့ရတယ်။ ပုံမှန်အားဖြင့် ၂လ လောက်သုံးရင်သိသာပြီ။ ၂၀၁၀ကလေ့လာမှုတွေအရ ဒီဆေးကို ၆လထိ စိတ်ချလက်ချသုံးစွဲနိုင်သတဲ့။

တခြားနည်းတွေလဲ အများကြီးပဲ။  သိပ်မဆိုးရင် Microdermabrasion ၊အရေပြားလွှာအောက် နည်းနည်းရောက်ရင် dermabrasion ဆိုတဲ့နည်းတွေလည်း သုံးပါတယ်။cosmatic camouflage ဆိုတာမျက်မနှာအမဲစက်တွေကို မသိသာအောင် ဖုံးပေးတဲ့လိမ်းဆေးဖြစ်တယ်။ ခရုသင်းမှာလည်း သုံးသေးတယ်။ တကယ်က အသားအရောင်ညီညာအောင် ဆေးဆိုးတာပဲ။

chemical peel ဆိုတာလည်း အပေါ်ယံအရေပြားကိုကွာစေတဲ့နည်းဖြစ်ပါတယ်။ 30%-70% glycolic acid ပါတာတွေ သုံးတယ်။ kojic acid ပါတာတွေက အညိုကွက်အရောင်က ဖျော့သွားစေတယ်။ အလွန်အကျွံသုံးတာက အရေပြားကို ပိုမိုရောင်ရမ်းစေတယ်။ ကျွမ်းကျင်မှုမရှိဘဲသုံးရင် ပိုဆိုးလာနိုင်တာ သတိပြုပါ။

 လေဆာနည်းတွေကလည်း သုံးကြတာပဲ။ တချို့က မယ်လနင်ထွက်တဲ့ဆဲလ်ကို ဖျက်ဆီးတာဖြစ်ပြီး တချို့က အပေါ်ယံအရေပြားကို ဖယ်ရှားပစ်တယ်။chemical peel ပဲဖြစ်ဖြစ်၊ laser treatment လေဆာနည်းပဲဖြစ်ဖြစ် သေချာပေါက်ပျောက်မယ်လို့ အာမမခံနိုင်ပါ။ လေ့လာကြည့်တော့ လူနာတွေရဲ့ သုံးပုံတပုံမှာ အကျိုးရှိတယ်။ နောက်သုံးပုံတပုံမှာ ထူးခြားမှုမရှိ။ ကျန်တဲ့ သုံးပုံတပုံကတော့ ပိုဆိုးလာနိုင်ပါသတဲ့။

တင်းတိပ်ဖြစ်ရင် ဒါတွေသိထားပါ


တင်းတိပ်သဘောက ပျောက်ခဲတယ်။ မှန်းဆရခက်တယ်။ တိုးတက်မှုရှိဖို့ လအနည်းငယ်စောင့်ရတတ်တယ်။ နေရောင်ထိပါများရင် ပြန်ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တင်းတိပ်ထွက်ရင် ကုဖို့မလိုပါ။ ကလေးမွေးပြီးတာနဲ့ တဖြည်းဖြည်း အလိုလိုပြန်ပျောက်သွားတယ်။ ဟော်မုန်းပါတဲ့တားဆေးတွေကြောင့်ဖြစ်ရင် ဆေးဖြတ်ပြီးတဲ့အခါ ပျောက်သွားတယ်။အီစတိုဂျင်ပါတဲ့ဆေးတွေသုံးနေရင် ဖြတ်ပစ်ပါ။

အထူးဂရုစိုက်ရမှာက နေရောင်နဲ့တိုက်ရိုက်မထိတွေ့အောင် ဖြစ်တယ်။ အပြင်သွားရင်SPF 30-50 ပါတဲ့ နေလောင်ကာလိမ်းဆေး အမြဲလိမ်းဖို့ လိုပါတယ်။ အပြင်မထွက်ခင် ၁၅မိနစ် ကြိုလိမ်းပါ။ လိုအပ်ရင် နှစ်နာရီတခါလိမ်းပါ။ ပြီးရင် အဆောင်းအကာတခုခု သုံးပါ။တင်းတိပ်တွေက ကူးစက်ရောဂါမဟုတ်သလို ကင်ဆာကိုလည်း မဖြစ်စေပါ။ မကုဘဲထားရင်တော့ ပိုဆိုးလာနိုင်တယ်။ တင်းတိပ်အမျိုးအစားပေါ်မူတည်ပြီး နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသသင့်တယ်။

တင်းတိပ်နဲ့ မတည့်သော အစားအစာများ

အီစတိုဂျင်များတဲ့ အစားအသောက်တွေဟာ တင်းတိပ်သမားနဲ့ မတည့်ပါဘူး။ ရှောင်ရမယ့် အစားအသောက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။
(၁) ပေါင်မုန့်

(၂) ဂျုံ

(၃) ပဲနို့

(၄) တို့ဖူး

(၅) စပျစ်သီးခြောက်

(၆) စားတော်ပဲ

(၇) နှမ်းစေ့

(၈) နှမ်းကြတ်စေ့

(၉) ပဲစိမ်း

(၁၀) ပဲသီး၊ ပဲတောင့်ရှည်

(၁၁) ပြောင်း၊ အစေ့အဆန်

(၁၂) အုတ်ဂျုံ

(၁၃) လူဆန်ပဲပင်(alfalfa)

(၁၄) အရက်၊ ဝိုင်

(၁၅) ဂျင်ဆင်းအားဆေး

ဒေါက်တာ အေးမင်းထူး

(အရေပြားအထူးကု ဆရာဝန်)

Note: If you have suffering from some of above symptoms, you should contact local dermatologists or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews