Angular cheilitis နှုတ်ခမ်းထောင့် ကွဲအက်ခြင်း
Angular Cheilitis (ကျီးကန်ပါးစပ်နာ)ဆိုတာ နှုတ်ခမ်းထောင့်စွန်းတွေမှာ ခြောက်သွေ့အက်ကွဲတဲ့ အနာတွေ ဖြစ်ပါတယ်။ နှုတ်ခမ်းထောင့်မှာ တံတွေးစိုစွတ်မှုကြောင့် ခြောက်သွေ့ကွဲအက်ခြင်းကို ဖြစ်ပေါ်စေတယ်။ အက်ကွဲတဲ့ အရေပြားဟာ ပုံမှန်ထက်ပိုးဝင်လွယ်တယ်။ အထူးသဖြင့် Candida albicans မှိုပိုးနဲ့ Staphylococcus aureus ဘက်တီးရီးယားပိုးတွေဝင်ရောက်လာနိုင်တယ်။ ပိုးဝင်ရောက်လာတဲ့အခါ နှုတ်ခမ်းအနာတွေဖြစ်လာတတ်တယ်။နှုတ်ခမ်းကွဲအက်မှုဟာ နှုတ်ခမ်း တစ်ဖက်တည်း (သို့) နှစ်ဖက်လုံးမှာ ဖြစ်နိုင်တယ်။ မကြာခဏလည်း ပြန်ဖြစ်တတ်ပါတယ်။
အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အာဟာရဓာတ်ချို့တဲ့ခြင်းလည်းပါဝင်တယ်။ သံဓာတ်၊ ဗီတာမင် ဘီတွဲ၊ ဖောလစ်အက်စစ် နဲ့ ဇင့်(သွပ်)ဓာတ် ချို့တဲ့ခြင်းတွေ ဖြစ်နိုင်တယ်။ဆီးချိုရောဂါရှိသူမှယ သွေးတွင်းသကြားဓာတ်များခြင်းက မှိုပိုးတွေ ပွားများစေပါတယ်။ကိုယ်ခံအားကျဆင်းခြင်းနဲ့ သွေးအားနည်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။
တခါတရံ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်တယ်။ နှုတ်ခမ်းမကြာခဏ လျက်ခြင်းနဲ့ သွားရည်ကျခြင်းတို့ကြောင့်လည်း ဖြစ်တတ်တယ်။ သွားမညီညာခြင်း၊ သွားတုတပ်ခြင်း၊ မေးရိုးပုံစံ မူမမှန်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်တယ်။ပဋိဇီဝဆေး၊ စတီးရွိုက်ဆေး၊ ကင်ဆာဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်တယ်။
လက္ခဏာရပ်များ
နှုတ်ခမ်းထောင့်နှစ်ဖက်မှာ ခြောက်သွေ့ခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အရေပြား ကွဲအက်ခြင်း၊ သွေးထွက်ခြင်း၊ အဖတ်လန်ခြင်း၊ အနာစိုဖြစ်ခြင်း၊ အရည်ထွက်ခြင်းတွေ ဖြစ်တတ်တယ်။
ကုသနည်း
နှုတ်ခမ်းစွန်းကွဲအက်တဲ့အခါ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကုသရပါတယ်။ မှိုကြောင့်ဖြစ်ရင် Clotrimazole၊ Miconazole၊ Nystatin စတဲ့ မှိုသတ်လိမ်းဆေးတွေပေးရတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ရင် Mupirocin၊ Fusidic acid စတဲ့လိမ်းဆေးတွေ ပေးရတယ်။ နှုတ်ခမ်းရောင်ရမ်းမှုအတွက် စတီးရွိုက်ပါတဲ့ Hydrocortisone လိမ်းဆေးတွေ ပေးနိုင်တယ်။ဗီတာမင် B၊ သံဓာတ်၊ ဇင့်ဓာတ်ပါတဲ့ အားဆေးတွေ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။ သွားနှင့်ခံတွင်းပြဿနာကြောင့်ဖြစ်ရင် သွားဆရာဝန်နဲ့ ပြသပါ။
နှုတ်ခမ်းခြောက်သွေ့တဲ့အခါ နှုတ်ခမ်းဆီ (Lip Balm) တမျိုးမျိုး သုတ်လိမ်းပါ။ အစိုဓာတ်ပါတဲ့ ပျားဖယောင်း၊ vaseline၊ အုန်းဆီ လိမ်းပြီး နှုတ်ခမ်းထောင့်ကို စိုစွတ်နေအောင် ထားပါ။ ဇင့်အောက်ဆိုဒ် လိမ်းဆေးတွေကို နှုတ်ခမ်းစွန်းအနာပေါ် လိမ်းပေးနိုင်တယ်။
ကာကွယ်နည်း
နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ မလျက်ပါနဲ့။ နှုတ်ခမ်းဆီ (Lip Balm) ကို မကြာခဏ လိမ်းပေးပါ။ ရေများများသောက်ပါ။ အာဟာရပြည့်ဝစွာ စားသုံးပါ။ အရည်ရွမ်းတဲ့အသီး၊ အသီးအရွက်၊ အဆီမပါသော ပရိုတင်းဓာတ်များများ စားပေးပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews