Open 9:00-12:00 AM
+95 92051590

Microneedling

14 Nov, 2021 | No Comments

Microneedling

Microneedling အရေပြားကို အပ်နဲ့ဆွခြင်း

Microneedling ဆိုတာ အရေပြားကို အပ်နဲ့နှိုးဆွပေးတဲ့ နည်းပညာတစ်မျိုးဖြစ်တယ်။ကော်လာဂျင်ထွက်ပေါ်အောင် လှုံ့ဆော်တဲ့ကုထုံးဖြစ်လို့ Collagen Induction Therapy လို့လည်း ခေါ်ပါတယ်။ အရေပြားကို ပြန်လည်နုပျိုစေတဲ့ ကုထုံးတစ်မျိုးဖြစ်တယ်။ ဒီကုထုံးမှာ အလွန်သေးငယ်ပါးလွှာတဲ့ အပ်ချောင်းမျှင်လေးတွေ ပါဝင်တဲ့ ကိရိယာကို အသုံးပြုရတယ်။ ဒီအပ်လေးတွေဟာ အရေပြားပေါ်မှာ အနာသေးသေးလေးတွေ ဖြစ်အောင် ထိုးဖောက်ပေးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ သဘာဝအနာကျက်မှုစနစ် ကို လှုံ့ဆော်ပေးပါတယ်။

Microneedling အလုပ်လုပ်ပုံ အဆင့်ဆင့်

————————————-

Microneedling (အပ်ဆွနည်း) နဲ့ အရေပြားကို နှိုးဆွတဲ့အခါ ခန္ဓာကိုယ်မှာ အဆင့်(၄)ဆင့် ပြောင်းလဲဖြစ်ပေါ်လာပါတယ်။ ဒီအဆင့်တွေက ကိုလာဂျင်နှိုးဆွတဲ့ကုထုံးဖြစ်ပြီး အသားအရေတင်းရင်းလာစေနိုင်ပါတယ်။

၁။ အလွန်သေးငယ်တဲ့ဒဏ်ရာများ ပြုလုပ်ခြင်း

အပ်မျှင်လေးတွေကြောင့် အရေပြားမျက်နှာပြင်မှာ မျက်စိနဲ့မြင်ရခက်တဲ့ ဒဏ်ရာသေးသေးလေးတွေ ဖြစ်ပေါ်စေပါတယ်။

၂။ သဘာဝအနာကျက်မှု စတင်ခြင်း

ခန္ဓာကိုယ်က ဒီဒဏ်ရာလေးတွေကို ပြန်လည်ကုသဖို့ ကြီးထွားမှုဟော်မုန်းတွေ (Growth Factors) နဲ့ သွေးဥမွှားတွေ (Platelets) ကို ထုတ်လွှတ်လိုက်ပါတယ်။

၃။ ကော်လာဂျင်နှင့် အီလက်စတင် ထုတ်လုပ်ခြင်း

ဖိုက်ဘရိုဘလတ်စ် (Fibroblasts) အမျှင်ဆဲလ်တွေက ကော်လာဂျင် (Collagen) နဲ့ အီလက်စတင် (Elastin) ဓာတ်တွေကို ထုတ်လုပ်ပေးတယ်။ ဒီဓာတ်နှစ်မျိုးဟာ အရေပြားကို တင်းရင်းချောမွေ့စေတဲ့ အဓိကဓာတ်တွေဖြစ်ကြတယ်။

၄။ အရေပြားအသစ် ဖြစ်ပေါ်လာခြင်း

ဒဏ်ရာကျက်သွားတဲ့အခါ ပိုမိုကျန်းမာပြီး နုပျိုတဲ့ အရေပြားအသစ်တွေ ဖြစ်ပေါ်လာပါတယ်။

Microneedling (အရေပြားနှိုးဆွနည်း)ကို အရေပြားပြဿနာအမျိုးမျိုးမှာ သုံးစွဲနိုင်ပါတယ်။

· ဝက်ခြံ၊ ကျောက်ပေါက်ခွက် အမာရွတ်များ

· ကိုယ်ဝန်ဆောင် ဗိုက်ကြောပြတ်အမာရွတ်များ

· မျက်နှာအရေးအကြောင်းပေါ်ခြင်း 

· အသားအရောင် မညီညာခြင်း 

· အရေပြားအဖြူကွက်ထခြင်း

· ချွေးပေါက်ကျယ်ခြင်း

· ဆံပင်ပါးခြင်း

ကုသမှုခံယူခြင်း

—————

ကုသမှုမလုပ်ခင် အရင်ဆုံး အရေပြားဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးရပါတယ်။ ဆရာဝန်က အရေပြားအခြေအနေကို သေချာကြည့်ရှုစစ်ဆေးပြီး Microneedling ကုထုံးနဲ့ သင့်တော်မှုရှိမရှိ အကဲဖြတ်ပါတယ်။

ကုသမှုခံယူတဲ့အခါ အရင်ဆုံး ကုသမယ့်နေရာကို သန့်စင်ပေးရတယ်။ နာကျင်မှုသက်သာစေဖို့ ထုံဆေး (Topical Anesthetic) လိမ်းဆေးကို ၂၀-၃၀ မိနစ်ကြိုတင်လိမ်းပေးထားပေးပါ။ ပြီးရင် ထုံဆေးကို ဖယ်ရှားပါ။ ကုသတဲ့အခါ ဆရာဝန်က Dermaroller (သို့) Pen-type Microneedling Device ကိရိယာကို အသုံးပြုရပါတယ်။ ကိရိယာကို အရေပြားပေါ်မှာ ဒေါက်လိုက်၊ အလျှားလိုက် ခပ်မှန်မှန်ဖြတ်သန်းရွေ့လျားပေးရတယ်။ သေးမျှင်တဲ့ အပ်ချောင်းလေးတွေနဲ့ ရွေ့လျားကုသစဉ်စပ်ဖျင်းဖျင်း နာကျင်မှုကို ခံစားရသလို သွေးအနည်းငယ်ထွက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ကုသချိန်ဟာ ကုသမယ့်ဧရိယာအကျယ်အဝန်းပေါ် မူတည်ပြီး ၃၀ မိနစ်မှ ၆၀ မိနစ် အထိ ကြာမြင့်နိုင်ပါတယ်။ ကုသမှုပြီးဆုံးတဲ့အခါ ကုသထားတဲ့နေရာကို အရောင်ကျဆေးရည် သုတ်လိမ်းပေးရတယ်။ Hyaluronic Acid Serum (သို့) အရေပြားပြုပြင်တဲ့ လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ 

ကနဦးရလာဒ်ကို ကုသမှုစပြီး ၂-၄ ပတ် အတွင်း စတင်မြင်တွေ့နိုင်ပါတယ်။ ကော်လာဂျင် ထုတ်လုပ်မှုဟာ ၃-၆ လအထိ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ၃ လကြာတဲ့အခါ အကောင်းဆုံးရလဒ်ကို မြင်တွေ့နိုင်တယ်။ ကုသမှု တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၄-၆ ပတ်ခြား ဖို့လိုတယ်။ စုစုပေါင်း အကြိမ်ရေ ၃-၆ ကြိမ်ထိ ကုသမှုခံယူသင့်တယ်။ ရလာဒ်က ၆ လမှ ၁ နှစ် အထိ ကြာရှည်ခံနိုင်ပါတယ်။

အားသာချက်

Microneedling ရဲ့ အားသာချက်တွေက ခွဲစိတ်စရာမလိုဘဲ အချိန်တိုအတွင်း ကုသနိုင်တယ်။ ကုသမှုခံယူပြီးတာနဲ့ ၂၄ နာရီအတွင်း ပုံမှန်လုပ်ငန်းဆောင်တာတွေ ပြန်လုပ်နိုင်တယ်။ ခွဲစိတ်ကုသမှုမဟုတ်လို့ အန္တရာယ်ဆိုးကျိုး အလွန်နည်းပြီး အရေပြားအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်။ Microneedling လုပ်တဲ့အခါ PRP (သို့) တခြားဆေးရည်တွေနဲ့ တွဲဖက်အသုံးပြုနိုင်တယ်။

အားနည်းချက်

· ယာယီရောင်ရမ်းခြင်း၊ နီမြန်းခြင်း (၂၄-၄၈ နာရီအတွင်း ပျောက်ကင်းသွားတတ်တယ်)

· ယားယံခြင်း (ကုသပြီး ၂-၃ ရက်အတွင်း ယားယံခြင်း ဖြစ်ပေါ်နိုင်တယ်)

· အရေပြားခြောက်သွေ့ခြင်း 

· အညိုအမည်းစွဲခြင်း 

· သေးငယ်တဲ့ ပြည်တည်နာများ ဖြစ်ပေါ်ခြင်း

အကြံပြုချက်

ကုသမှုခံယူထားတဲ့ အရေပြားဟာ ထိခိုက်လွယ်ပါတယ်။ ဒါ့ကြောင့် ဓာတုလိမ်းဆေးတွေနဲ့ နေလောင်ခြင်းကို ရှောင်ကြဉ်ပါ။  SPF 30 အနည်းဆုံးပါတဲ့ နေလောင်ကာဆေးလိမ်းပါ။ နေပူထဲမထွက်ခင် နာရီဝက်အလိုမှာ  (သို့) ပိုမြင့်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးဖို့ အရေးကြီးတယ်။

ကုသပြီး ၂၄ နာရီ အတွင်း မိတ်ကပ်လိမ်းခြင်းကို ရှောင်ကြဉ်ပါ။ ကုသပြီး ၃ ရက်အတွင်း ပြင်းထန်တဲ့ ဓာတုဆပ်ပြာ၊ မျက်နှာသစ်ဆေး စတာတွေ ရှောင်ကြဉ်သင့်တယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးဖို့ ရေများများသောက်ပါ။ အနာကျက်နှေးစေလို့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်တယ်။ 

Microneedling ဟာ ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်တာကြောင့် ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန် (Dermatologist) နဲ့သာ ပြုလုပ်သင့်ပါတယ်။ ဆရာဝန်ရဲ့ လမ်းညွှန်ကုသမှုခံယူနိုင်ရင် ဘေးထွက်ဆိုးကျိုးနည်းပြီး မျှော်မှန်းထားတဲ့ ရလာဒ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews