Pityriasis versicolor ညှင်းပေါက်ခြင်း
Pityriasis Versicolor (ညှင်း)ဟာ yeast တဆေးမှိုတွေ ပုံမှန်ထက် လွန်ကဲစွာ ပွားများမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖြူကွက်တွေ ဖြစ်တယ်။ ဒီမှိုဟာ လူ့အရေပြားမှာ ပုံမှန်နေထိုင်နေတတ်ပြီး အချို့သော အခြေအနေမှာ ပြဿနာ ဖြစ်ပေါ်လာတတ်တယ်။ ညှင်းကွက်တွေဟာ လူတစ်ယောက်မှ တစ်ယောက် မကူးစက်နိုင်ပါဘူး။
ညှင်းကွက်တွေဟာ Malassezia မျိုးစိတ်ဝင် Malassezia globosa, Malassezia furfur တဆေးမှိုတို့ကြောင့် အဖြစ်များတယ်။ အဆီပြန်တဲ့အသားအရေမှာ အဓိကတွေ့ရတယ်။ ချွေးထွက်များခြင်း၊ စိုထိုင်းစများခြင်းစတဲ့ အခြေအနေမျိုးမှာ အဖြစ်များတယ်။ ခုခံအားကျဆင်းခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဟော်မုန်းပြောင်းလဲမှုနဲ့ အာဟာရချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်တယ်။
အရေပြားမှာ အသားအရောင် မညီညာတဲ့ အကွက်များ ပေါ်ထွက်လာပါတယ်။
အဖြူရောင်ပန်းနုရောင်၊ အညိုနုရောင် သို့မဟုတ် အနီရောင်အကွက် စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ ညှင်းကွက်က အရောင်အမျိိုးမျိုးဖြစ်နိုင်လို့ Versicolor လို့ ခေါ်ပါတယ်။ အဖြူကွက်တွေဟာ မှိုပိုးက ထွက်လာတဲ့ အင်ဇိုင်းတစ်မျိုးကြောင့် melanin ပျက်စီးစေပြီး ဘေးပတ်ဝန်းကျင် အရေပြားနဲ့နှိုင်းယှဉ်ရင် ပိုဖျော့နေတတ်တယ်။
ညှင်းကွက်တွေဟာ ကနဦးအဆင့်မှာ အရွယ်သေးငယ်ပြီး နောက်ပိုင်းကာလတွေမှာ အချင်းချင်းပေါင်းစပ်ပြီး ကြီးမားတဲ့ အကွက်ကြီးတွေ ဖြစ်ပေါ်လာတယ်။ ညှင်းကွက် မျက်နှာပြင်အရေပြားဟာ အသေးစား အရေခွံဖတ်လေးတွေ (fine scaling)နဲ့ ဖွဲ့စည်းထားတယ်။ ကုတ်လိုက်ရင် အဖတ်နုတွေ ကျလာတတ်ပါတယ်။ ညှင်းကွက်တွေဟာ ပုံမှန်အားဖြင့် ယားယံမှု မရှိဘဲ တခါတရံ အနည်းငယ်လောက်သာ ယားတတ်တယ်။ ညှင်းကွက်တွေဟာ ချွေးထွက်များတဲ့ ရင်ဘတ်၊ ကျောပြင်၊ လည်ပင်း၊ ပခုံး နှင့် လက်မောင်းစတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းနေရာတွေမှာ အဓိက ပေါ်ပေါက်လေ့ရှိတယ်။
ရောဂါစစ်ဆေးခြင်း
ညှင်းကွက်တွေဟာ Wood’s lamp အောက်မှာ အဝါရောင်၊ အစိမ်းရောင်လင်းနေတတ်ပါတယ်။အရေပြားဆဲလ်ကို ခြစ်ယူပြီး အဏုကြည့်မှန်ဘီလူးအောက်မှာ စစ်ဆေးကြည့်ရင် yeast ဆဲလ်တွေကို spaghetti and meatball appearance အဖြစ်တွေ့ရပါတယ်။
ဘယ်လိုကုသမလဲ
ကုသမှုဟာ တဆေးမှို မပျံ့ပွားအောင် ကုသတာဖြစ်ပြီး အရေပြားအရောင် ပုံမှန်ပြန်ဖြစ်ဖို့ လပေါင်းများစွာ ကြာတတ်ပါတယ်။
ညှင်းကုတဲ့အခါ Clotrimazole, Miconazole, Terbinafine စတဲ့ဆေးတွေကို အဓိက အသုံးပြုကြတယ်။ မှိုပိုးသတ်ဆေးရည် Selenium sulfide, Ketoconazole, Zinc pyrithione တွေ လိမ်းပေးနိုင်တယ်။ ရေချိုးတဲ့အခါ Ketoconazole သို့မဟုတ် Selenium sulfide ခေါင်းလျှော်ရည်ကို ကိုယ်ခန္ဓာပေါ် ၅-၁၀ မိနစ်ခန့်ထားပြီးမှ ရေဆေးချပါ။ အကယ်၍ လိမ်းဆေးနဲ့ မသက်သာရင် သောက်ဆေး (Fluconazole, Itraconazole, Ketoconazole)စတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။
အကြံပြုချက်
· အရေပြားကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။
· လေဝင်လေထွက်ကောင်းတဲ့ ချည်သားစ အဝတ်အထည်များကို ဝတ်ဆင်ပါ။
· နေရောင်ထဲသွားရင် နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews