Open 9:00-12:00 AM
+95 92051590

Epidermolysis bullosa

28 Oct, 2021 | No Comments

Epidermolysis bullosa

epidermolysis bullosa

အဖြစ်များတဲ့ ခြေဖဝါးအရည်ကြည်ဖု

ခြေဖဝါး၊လက်ဖဝါး အရည်ကြည်ဖုပေါက်တာ မကြာခဏဆိုသလို မြင်ဖူးကြလိမ့်မယ်။ Epidermolysis bullosa (EB) ဆိုတာ အပေါ်ယံအရေပြားထဲမှာ အရည်ကြည်ဖုပေါက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Epidermolysis ဆိုတာ အပေါ်ယံအရေပြားဆဲလ်ပျက်စီးပြီး ဆဲလ်အတွင်းပိုင်းမှာ bullosa ခေါ်တဲ့ အရည်ကြည်ဖုထလာတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ရောဂါအပြင်း၊အပျော့နဲ့ အရည်ကြည်ဖုပေါက်တဲ့ အလွှာတွေပေါ်မူတည်ပြီး Epidermolysis bullosa Simplex (EBS)၊ Junctional EB (JEB) နဲ့  Dystrophic EB (DEB) ဆိုပြီး ထပ်ခွဲထားတယ်။ EBS က အပျော့စား အရည်ကြည်ဖုဖြစ်ပြီး အပေါ်ယံလွှာထဲမှာဖြစ်လို့ ကုရလွယ်တယ်။ Dystrophic EB (DEB) ကတော့ အရေပြားအောက်လွှာမှာဖြစ်လို့ အပြင်းစားအရည်ကြည်ဖုလို့ သတ်မှတ်နိုင်ပါတယ်။ ကုသပြီးရင်တော့ အမာရွတ်ထင်ကျန်နိုင်တယ်။ ပုံမှာပြထားတာက အဖြစ်များတဲ့ အပျော့စား အရည်ကြည်ဖု (Epidermolysis bullosa Simplex) ဖြစ်ပါတယ်။ simplex ဆိုတာ ရောဂါအပျော့စားတွေမှာ အသုံးများတဲ့ အခေါ်ဝေါ်တစ်ခုသာ ဖြစ်တယ်။

EBS ရှိတဲ့သူတွေဟာ မျိုးဗီဇအရကို အရေပြားက ထိလွယ်ရှလွယ်ဖြစ်ကြတယ်။ ဒါ့ကြောင့် သာမန်ပွတ်တိုက်မှုလေးတစ်ခုကတောင် ထိခိုက်လွယ်ပြီး အပေါ်ယံအရေပြားတွင်း အရည်ကြည်ဖုထလာတတ်တယ်။ များသောအားဖြင့် ပွတ်တိုက်မှုများတဲ့ ခြေဖဝါးတွေမှာ အဖြစ်များတာ တွေ့ရတယ်။ ခြေဖဝါးရဲ့ ဖောင်းနေတဲ့မျက်နှာပြင် တစ်နည်းအားဖြင့် ကြမ်းပြင်နဲ့ အမြဲထိတွေ့တဲ့အပိုင်းတွေမှာ အဖြစ်များတယ်။ ယေဘုယျအားဖြင့် ပွတ်တိုက်မှုများတဲ့နေရာတွေမှာဖြစ်ရင် Epidermolysis bullosa ကြောင့် ဖြစ်နိုင်တယ်။ ခုခံအားကြောင့်ဖြစ်တဲ့ တခြားအရည်ကြည်ဖုရောဂါတွေလည်း ရှိပါတယ်။

EBS ရောဂါဟာ မျိုးရိုးလိုက်တတ်တယ်။ မိဘတစ်ဦးဦးမှာ မျိုးဗီဇပါလာလို့ ဖြစ်ကြတာများတယ်။ အထူးသဖြင့် အရေပြားအပေါ်ယံလွှာမှာရှိတဲ့ ကရာတင်ပရိုတင်း KRT5 နဲ့ KRT14 မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်စေတယ်။ ပုံမှန်အားဖြင့် Keratin 5 နဲ့ keratin 14 အမျှင်တွေဟာ ကွန်ယက်ပုံစံ တစ်ခုနဲ့တစ်ခု တွယ်ဆက်နေပါတယ်။ ဒီပရိုတင်းတွေမူမမှန်တဲ့အခါ မျိုးဗီဇချို့တဲ့တဲ့အခါ တွယ်ဆက်အမျှင်အားနည်းပြီး အနည်းငယ်ပွတ်တိုက်မိတာနဲ့ အရေပြားက မခံနိုင်တော့ပဲ အတွင်းပိုင်းအရည်အောင်းလာပြီး အရည်ကြည်ဖုတွေ ထလာပါတယ်။ဒီလိုအရည်ကြည်ဖုတွော ကလေးအရွယ်မှာ အဖြစ်များတယ်။ တချို့ကလေးတွေမှာ တွားသွားတတ်ကာစ၊ လမ်းလျှောက်တတ်ခါစအရွယ်မှာတင် လက္ခဏာပြနေတတ်တယ်။ ကလေးငယ်အရွယ်ရောက်မှ သတိပြုမိတာမျိုးလည်းရှိပါတယ်။ အထူးသဖြင့် ခြေဗလာနဲ့လျှောက်သွားတာ၊ မာတဲ့ဖိနပ်စီးတာ၊ ဘောလုံးကန်တာ စတဲ့သူတွေမှာ ပိုအဖြစ်များတာတွေ့ရတယ်။

EBS ဟာ လက်ဖဝါး၊ခြေဖဝါး၊ဒူး၊တံတောင် စတဲ့နေရာတွေမှာ အဖြစ်များတယ်။ အရည်ကြည်ဖုက တင်းပြီး မာကျောနေတတ်တယ်။ ယားယံတာနည်းပြီး အရည်ကြည်ဖုကို ဖိလိုက်မိရင် နာကျင်တတ်တယ်။ ယေဘုယျအားဖြင့် ပွတ်တိုက်မှုများတဲ့နေရာတွေမှာပဲအဖြစ်များပါတယ်။ သတိပြုရမှာက မျိုးဗီဇကြောင့်မို့ ဂရုမစိုက်ဘဲထားရင် မကြာခဏပြန်ဖြစ်တတ်ပါတယ်။ EBS ဟာ ခြေဖဝါး၊လက်ဖဝါးသာမက တခြားနေရာတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ ကလေးငယ်မှာဖြစ်ရင် မိဘတွေသတိပြုသင့်တယ်။ ပိုပြင်းထန်တဲ့အခြေအနေ (ဥပမာ အရည်ကြည်ဖုက ခန္ဓာကိုယ်အနှံ့ပေါက်လာရင်) မပေါ့ဆဘဲ ဆရာဝန်နဲ့ စနစ်တကျကုသသင့်တယ်။

ကုသနည်း

ကနဦးအဆင့်မှာ ကုသနည်းက သိပ်မခက်ဘူး။ တစ်နေရာထဲဖြစ်ရင် လိမ်းဆေးလိမ်းရုံနဲ့ သက်သာနိုင်ပါတယ်။ အရည်ကြည်ဖုက ထိလိုက်တိုင်း နာကျင်နေရင် အကိုက်ခဲပျောက်ဆေးပေးနိုင်တယ်။ ဖြစ်တာကြာလာရင် ပိုဆိုးလာရင် အရေပြားတွင်းပိုးဝင်တာရှိတတ်တယ်။ ဒီလိုအခြေနေမျိုးမှာ ပိုးသတ်ဆေးပေးဖို့ လိုအပ်နိုင်တယ်။ အထူးသဖြင့် ကလေးတွေမှာ အရည်ကြည်ဖုထတာနဲ့ မပေါ့ဆဘဲ ဒဏ်ရာကို အထူးဂရုစိုက်သင့်တယ်။

အကြံပြုချက်

မျိုးဗီဇပါလာရင် အရည်ကြည်ဖုက မကြာခဏ ထပ်ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အကာကွယ်တစ်ခုခုသုံးသင့်တယ်။ ဖိနပ်အပျော့စီးတာ၊ ခြေဖဝါးအကာကွယ်သုံးတာမျိုး ပြုလုပ်ရမယ်။ အထူးသဖြင့် အဆော့မက်တဲ့ကလေးတွေမှာ ခြေဗလာနဲ့လမ်းလျှောက်တာ၊ ဘောလုံးကန်တာတွေ သတိထား ရှောင်ကြဉ်သင့်တယ်။ 

ဒေါက်တာအေးမင်းထူး

(အရေပြားအထူးကု ဆရာဝန်)

Note: If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Related Tags

Write Reviews

Leave a Comment

No Comments & Reviews