Open 9:00-12:00 AM
+95 92051590

Cutaneous sarcoidosis

28 Oct, 2021 | No Comments

Cutaneous sarcoidosis

Cutaneous sarcoidosis (အရေပြားသွေးဖြူဆဲလ် ခဲခြင်း)ဟာ sarcoidosis ရောဂါတွေထဲမှာ အတွေ့များတဲ့ ပုံစံတစ်ခုဖြစ်တယ်။ Sarcoidosis ဆိုတာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ခုခံအားဆဲလ်တွေ စုပြုံရာက ဖြစ်တဲ့ sarcoidal granulomas အလုံးအကျိတ်ရောဂါတွေကို ခေါ်ပါတယ်။ sarcoidal ဆိုတာ ချီးစ်လို ပျော့ပြဲပြဲမနေဘဲ ခပ်မာမာအဖုအကျိတ်တွေကို ခေါ်ပါတယ်။ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလည်း ပူးတွဲ တွေ့ရတတ်ပြီး ဒါကို systemic sarcoidosis ခေါ်ပါတယ်။ အရေပြားအတွင်းပိုင်းမှာဖြစ်ရင် cutaneous sarcoidosis, အဆုတ်မှာဖြစ်ရင် lung sarcoidosis စသည်ဖြင့် အမျိုးမျိုးခေါ်ကြတယ်။ ဒီဆောင်းပါးမှာ အရေပြားရောဂါဖြစ်တဲ့ cutaneous sarcoidosis အရေပြားအကျိတ်ကိုပဲ ဦးစားပေး ဖော်ပြပါမယ်။

ဘာ့ကြောင့်ဖြစ်လဲ

ဒီအရေပြားရောဂါ ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရသေးဘူး။သို့သော် ခုခံအားဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အရေပြားအတွင်းပိုင်း အကျိတ်ဖြစ်ပေါ်လာတယ်လို့ ကောက်ချက်ဆွဲနိုင်တယ်။ ရောဂါပိုးမွှားဝင်ရောက်ပြီးနောက်ပိုင်း ခုခံအားစနစ်ရဲ့ မှားယွင်းတုံ့ပြန်မှုကို အရေပြားက ခံလိုက်ရတာမျိုးကြောင့် ဖြစ်တယ် ယူဆထားကြတယ်။ helper T cells (CD4+ cells) ခုခံအားဆဲလ်တွေ စုပြုံလာပြီးတဲ့နောက် အကျိတ်အခဲဖြစ်လာတယ်။ မျိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်။ အထူးသဖြင့် HLA-B, HLA-DPB မျိုးဗီဇနဲ့ သက်ဆိုင်တယ်။ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်ဖြစ်တတ်တယ်။ TB ရောဂါနဲ့ sarcoidosis ဆက်စပ်တတ်တယ်ဆိုတာ တွေ့ရှိထားတယ်။

ဘယ်သူတွေအဖြစ်များလဲ

ဒီအရေပြားအကျိတ်က အရွယ်မရွေးဖြစ်နိုင်တယ်။ အသက် (၂၀)-(၆၀)အတွင်း အဖြစ်များတယ်။ လေးဆယ်ကျော် အမျိုးသမီးတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ အာဖရိကနဲ့ စကင်ဒီနေးဗီးယန်းတွေမှာ အဖြစ်များတယ်။ မြန်မာနိုင်ငံမှာလည်း တွေ့ရပါတယ်။ အများအားဖြင့် အသက်ကြီးရင့်တဲ့ အမျိုးသမီးတွေပါ။ သွေးကြောထဲမှာ ကယ်စီယမ်ဓာတ်များခြင်း (hypercalcemia)ရှိရင် သတိထားရမယ်။ granuloma ဆဲလ်တွေက vitamin D အလွန်အကျွံထုတ်ရာက calcium တက်နေတာဖြစ်နိုင်တယ်။

အဖြစ်များတဲ့ လက္ခဏာများ

မျက်နှာ၊ ပါးပြင်၊ ကုတ်၊ ခြေ၊ လက်၊ ညို့သကျီးနဲ့ ခြေကျင်းဝတ်တွေမှာ နီညိုရောင် (သို့) ခရမ်းရောင် အရေပြား ရောင်ရမ်းနေတဲ့ အကျိတ်၊ ခပ်ထူထူချပ်ပြင် ပုံစံတွေ့ရတယ်။ အပြင်ဖက်က စမ်းကြည့်ရင် အရေပြားမာတတ်လာတာ တွေ့ရတယ်။ granuloma အကျိတ်အမျိုးအစားထဲပါလို့ စမ်းကြည့်ရင် မာမာခဲခဲနဲ့ ရောင်ရမ်းပြီး နွေးနေတတ်တယ်။ အသည်း၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက်၊ မျက်လုံးစတဲ့နေရာတွေမှာ အကျိတ်ဖြစ်ပြီး ပျောက်ကင်းဖို့ ကြာတတ်တယ်။ တကိုယ်လုံးအနှံ့ဖြစ်ရင် နုံးချိမောဟိုက်တာ၊ ကိုယ်အလေးချိန်ကျတာ၊ အဆစ်အမြစ်နဲ့ ပြန်ရည်ကျောအကျိတ်ရောင်တာတွေ ဖြစ်တတ်တယ်။

Erythrma nodosum ဆိုတာ cutaneous sarcoidosis ရဲ့ အဓိကလက္ခဏာတစ်ခုဖြစ်တယ်။ အရေပြားဆေးပညာသင်ရတော့ Erythrma nodosum (ခပ်ရဲရဲ အကျိတ်)အကြောင်း သီးခြားရောဂါအနေနဲ့ သင်ကြားခဲ့ရတယ်။ ဒီအကျိတ်က ညို့သကျီးနေရာမှာ အဖြစ်များတယ်။ သူက ခြေဆစ်၊လက်ဆစ်ရောင်တာနဲ့ တွဲလာတတ်တယ်။ အရေပြားမှာတော့ အဖုအကျိတ်ပုံစံမျိုးစုံနဲ့လာနိုင်တယ်။

နှာခေါင်း၊ ပါးပြင် စတဲ့နေရာမှာ lupus pernio လို ခရမ်းရောင်အလုံးအကျိတ်ပုံစံလည်း ဖြစ်နိုင်တယ်။ လက်ဖမိုးတွေမှာ ဖြစ်ရင် မဲမဲ ခဲခဲဖောင်းကြွနေတဲ့ plaque sarcoid ပုံစံမြင်တွေ့ရတတ်တယ်။ တခါတရံ Hodgkin’s lymphoma နဲ့ မှားတတ်လို့ သတိပြုရမယ်။

ကုသနည်း

အရေပြားမှာ sarcoidosis ဖြစ်ရင် ခဲနေတဲ့ granuloma ဆဲလ်တွေ လျှော့ပါးလာတာနဲ့ အမျှ သူ့ဘာသာ သက်သာသွားနိုင်ပါတယ်။ တခါတရံ sarcoidosis အကျိတ်က ပိုကြီးလာတာ၊ဒါမှမဟုတ် ကြည့်ရဆိုးတဲ့အခါမျိုးမှာ ဆရာဝန်နဲ့ ကုသသင့်တယ်။

များသောအားဖြင့် steroid လိမ်းဆေး၊ထိုးဆေးတွေ ပေးနိုင်တယ်။clobetasol နဲ့ halobetasol လိမ်းဆေးတွေက ကောင်းတယ်။ lupus pernio လိုအကျိတ်နဲ့ တွဲနေရင် halobetasol propionate 0.05% ointment တစ်ရက်နှစ်ကြိမ် သုံးလ ပေးနိုင်တယ်။ steroid သောက်ဆေးတွေ ပေးတဲ့အခါ 0.5mg/kg/day နှုန်းနဲ့ တွက်ချက်ပေးရတယ်။ သက်သာရင် တပတ် 10mg နှုန်းလျှော့ချပြီး ရောဂါပျောက်ကင်းတဲ့ထိ ပေးနိုင်တယ်။ allopurinol ဆေးတွေလည်း ပေးလို့ရတယ်။ပိုဆိုးတဲ့ရောဂါတွေမှာ hydroxychloroquine သောက်ဆေးတွေက အသုံးဝင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများလို့ ကျွမ်းကျင်ဆရာဝန်ကသာ အသုံးပြုသင့်တယ်။ မျက်စိကို (၆)လတစ်ခါ စစ်သင့်တယ်။တချို့ နှစ်ချီပေးရတာမျိုးရှိတယ်။ DMARD လေးဖက်နာဆေးအမျိုးအစားထဲပါတဲ့ methotrexate ဆေးဝါးတွေလည်း လိုသလိုပေးရတယ်။ ဒါတွေနဲ့ မသက်သာရင် နောက်ဆုံးပေါ်ဆေးဝါးထဲမှာ infliximab နဲ့ namilumab တွေက အလွန်အသုံးဝင်တာ တွေ့ရှိရတယ်။ ကြည့်ရဆိုးတဲ့ အကျိတ်တွေနဲ့ lupus pernio မှာ လေဆာသုံးပြီး ဖျက်စီးနိုင်တယ်။ 

နောက်ဆက်တွဲဖြစ်နိုင်ချေများ

cutaneous sarcoidosis ရောဂါဖြစ်သူ ထက်ဝက်ကျော်ဟာ (၃)နှစ်အတွင်း သူ့ဘာသာ ပြန်ကောင်းနိုင်ပါတယ်။ သို့သော် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ဖြစ်ရင် ပိုဂရုစိုက်ကုသဖို့ လိုပါတယ်။ အထူးသဖြင့် အဆုတ်မှာဖြစ်ရင် pulmonary fibrosis အဆုတ်ခဲတဲ့ အဆင့်ထိရောက်နိုင်လို့ မကုဘဲထားရင် အသက်သေဆုံးသည်ထိ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် အလုံးအကျိတ်ဖြစ်ရင် မပေါ့ဆသင့်ဘဲ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပြီး မှန်ကန်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။

Write Reviews

Leave a Comment

No Comments & Reviews