Open 9:00-12:00 AM
+95 92051590

Prurigo nodularis

14 Nov, 2021 | No Comments

Prurigo nodularis

Prurigo nodularis သွေးယားကျိတ်

Prurigo nodularis (သွေးယားကျိတ်)ဆိုတာ အလွန်ယားယံတဲ့ နာတာရှည်အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ အသွေးထဲအသားထဲက ယားယံတဲ့အကျိတ်တွေမို့ သွေးယားကျိတ်လို့ ခေါ်ပါတယ်။ သွေးဖြူဆဲလ်တွေမူမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ နေရာအနှံ့ယားယံနိုင်ပြီး လက်၊ခြေ၊ကျောပြင်၊ဗိုက်စတဲ့နေရာတွေမှာ အဓိကယားယံပါတယ်။ အထူးသဖြင့် လက်ဖျံ၊ လက်မောင်း၊ ခြေထောက် ဆန့်တန်းတဲ့ မျက်နှာပြင်နေရာတွေမှာ အဓိကဖြစ်တယ်။ တခြားယားနာနဲ့မတူတာက ခန္ဓာကိုယ်နှစ်ဖက်လုံးပြိုင်တူဖြစ်နိုင်ပါတယ်။ 

Prurigo nodularis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်လေးဆယ်ကျော်တွေမှာ ပိုတွေ့ရပါတယ်။ ဘာ့ကြောင့်ဖြစ်လာမှန်း သေချာမသိရပေမယ့် ခုခံအားသွေးဖြူဆဲလ်နဲ့ အာရုံခံနာ့ဖ်ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အဓိကဖြစ်ပွားတယ်။ အရေပြားထဲမှာ Mast cell နဲ့ neutrophil ဆဲလ်တွေများနေတတ်ပါတယ်။ တခါတရံ နောက်ကွယ်မှာ ကိုယ်တွင်းရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတတ်တယ်။ နှင်းခူနာ (atopic dermatitis)၊ ခုခံအားဆဲလ်ရောဂါ (IgA disease)၊ သွေးကင်ဆာ (leukaemia)၊ ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) စတာတွေနဲ့ ဆက်စပ်နေတတ်တယ်။ HIV ခုခံအားကျဆင်းရောဂါသည်တွေမှာလည်း တွေ့ရတတ်တယ်။ဆီးချို၊ ကျောက်ကပ်၊ အသည်းနဲ့ သိုင်းရွိုက်ရောဂါတွေနဲ့လည်း သက်ဆိုင်တတ်တယ်။ ဆေးဝါးတွေထဲမှာ ငှက်ဖျားဆေး၊ ကင်ဆာဆေး၊ အသည်းဆေးစတဲ့ဆေးဝါးတွေကြောင့်လည်း ယားတတ်သေးတယ်။ 

ဒီသွေးယားကျိတ်ရောဂါဟာ prurigo အမျိုးအစားရောဂါတွေထဲမှာ ကုရအခက်ဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ ကုရခက်တယ်ဆိုတာ မူမမှန်တဲ့ အာရုံခံဆဲလ်တွေဟာ အောက်လွှာအရေပြားမှာ  အလွန်အကျွံ စုပြုံနေပြီး အပေါ်ယံအရေပြားမှာ နည်းနေတာကြောင့်ဖြစ်ပါတယ်။ တနည်းအားဖြင့် ယားယံမှုကို ဖြစ်စေတာက အောက်ဖက်မှာဖြစ်လို့ လိမ်းဆေးတွေနဲ့ သက်သာဖို့ ခက်ခဲလှပါတယ်။ ဒီထက်ပိုဆိုးတာက ထိတွေ့မှုကို အလွန်အကျွံသိရှိခံစားလွယ်တဲ့ Merkel cells တွေက အရေပြားအပေါ်လွှာ(epidermis) နဲ့ အလယ်လွှာ(papillary dermis )မှာ စုပုံနေတာကြောင့်ပါ။ ဒါ့တင်မက အရေပြား အတွင်းပိုင်းမှာ Mast cell နဲ့ neutrophil ဆဲလ်တွေ များနေတာကြောင့် cytokine ရောင်ရမ်းဓာတ် ထုတ်လုပ်မှု မြင့်မားလာပြီး မခံမရပ်နိုင်အောင် ယားယံလာပါတယ်။

တကယ်တော့ prurigo nodularis (သွေးယားကျိတ်)ဆိုတာ ရောဂါမဟုတ်ဘဲ လူနာခံစားရတဲ့ အလွန်ယားယံတဲ့ အကျိတ်ဆန်ဆန် အနာတွေကို ဆိုလိုတာဖြစ်ပါတယ်။ အကျိတ်ဆိုပေမယ့် ခပ်သေးသေး ခပ်မာမာ အရေပြားကျိတ်မျိုးသာ ဖြစ်ပါတယ်။ တခါတရံ အင်းဆက်ပိုးမွှားကိုက်ခံရပြီး ဖြစ်လာတာမျိုးလည်း ရှိတတ်တယ်။ စိတ်ဖိစီးမှုလွန်ကဲခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ခံရောဂါတစ်မျိုးမျိုး (ဥပမာ ဆီးချို၊ လူကီးမီးယား သွေးကင်ဆာနဲ့ lymphoma)စတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။ 

Prurigo nodularis ဖြစ်ခါစမှာ ခပ်ရဲရဲ ပန်းရောင်အဖုလေးတွေ အရေပြားမှာစတင်ပေါ်ပေါက်လာတယ်။ ဒီအဖုလေးတွေက ဘာမှမဟုတ်ပေမယ့် အလွန်ယားယံပါတယ်။ မခံမရပ်နိုင်ယားယံခြင်းကြောင့် ကုတ်ခြစ်ရာက အနာတွေဖြစ်လာတတ်တယ်။ ကုတ်တာကြာရင် ဘေးသားတွေက တဖြည်းဖြည်းမည်းလာ ဖောင်းလာပါတယ်။ လက်မောင်း၊ ပခုံး၊ ရင်ဘတ်၊ တင်ပါး ဘေးမျက်နှာပြင်တွေမှာ အဓိကတွေ့ရတယ်။ ပိုဆိုးတဲ့အဆင့်တွေမှာ နာတာရှည်ကုတ်ခြစ်ရာက အရေပြားအောက် အကျိတ်ဆန်ဆန် ဖြစ်လာပါတယ်။ ဒီအကျိတ်တွေက မာတယ်ဆိုပေမယ့် သေးပါတယ်။ ခပ်မာမာ ခပ်မဲမဲအကျိတ်တွေ ဟိုတကွက် ဒီတကွက်ပေါ်လာတယ်။ တချို့လူနာတွေမှာ  သွေးထွက်တဲ့ထိ ကုတ်ခြစ်ထားတဲ့ အနာလေးတွေ တွေ့ရတယ်။ ဒီလိုအနာတွေဟာ လူနာရဲ့ ယားယံမှုအတိုင်းအတာကို ကိုယ်စားပြုတယ်။ လူနာကုတဲ့အခါ ဒီလိုအနာတွေကို အကဲခတ်ပြီး ရောဂါအတိမ်အနက်ခန့်မှန်းပြီးမှ ဆေးပေးရတယ်။ အကယ်၍ နောက်ခံရောဂါ(သွေးကင်ဆာ၊ lymphoma)တွေကြောင့် ယားယံလာတဲ့အခါ အဆိုပါရောဂါတွေကို ကုသနိုင်မှ ယားယံမှုက သက်သာပျောက်ကင်းနိုင်ပါတယ်။ lymphoma အမျိုးအစားတွေအနက် non-hodgkin lymphomas ပြန်ရည်ကျိတ်ရောဂါသည်တွေမှာ Prurigo nodularis အဖြစ်များတာ တွေ့ရပါတယ်။

Prurigo nodularis ရောဂါအများစုကို လက္ခဏာကြည့်ပြီး အမြင်နဲ့ ခွဲခြားလို့ရပါတယ်။ ပိုမိုသေချာချင်ရင် skin biopsy အသားစယူစစ်ဆေးနိုင်တယ်။ အရေပြားရောင်ရမ်းတာနဲ့ အာရုံခံနာ့ဖ်မျှင် အရွယ်အစားကြီးနေတာ တွေ့ရတယ်။ အလာဂျီကြောင့်ဖြစ်ရင် patch test ခေါ်တဲ့ ဓာတ်မတဲ့တာတွေ စမ်းသပ်နိုင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူတာကြောင့် ဒီလိုစစ်တာ လက်တွေ့မှာ သိပ်မကျိုးမရှိလှပါဘူး။ သွေး၊ကျောက်ကပ်၊အသည်း၊သိုင်းရွိုက်နဲ့ HIV ရောဂါတွေကတော့ လိုအပ်သလိုစစ်ဆေးနိုင်တယ်။ ရောဂါမတွေ့ရင် lymphoma ကင်ဆာကျိတ်အတွက် ရိုးတွင်းခြင်ဆီ စစ်ဆေးသင့်တယ်။ 

ကုသနည်း

ပုံမှန်ယားနာတွေဟာ ကုသဖို့ မခက်ပေမယ့် prurigo nodularis ရောဂါတွေမှာတော့ နောက်ခံရောဂါရှိရင် ကုသဖို့ခက်တယ်။ steroid လိမ်းဆေး၊ tacrolimus လိမ်းဆေးနဲ့ emollient အစိုဓာတ်လိမ်းဆေးတွေ ပေါင်းပေးရတယ်။ စုပ်ယူမှုအားကောင်းဖို့ ပတ်တီးတခုခု စည်းကျပ်ထားသင့်တယ်။ capsaicin နဲ့ calcipotriol ointment လိမ်းဆေးတွေလည်း သုံးနိုင်တယ်။antihistamine သောက်ဆေးတွေလည်း အထိုက်အလျှောက်ကောင်းပါတယ်။ gabapentin, pregabalin နဲ့ naltrexone သောက်ဆေးတွေ လိုသလိုပေးရတယ်။အကျိတ်တွေပွားလာရင် triamcinolone ထိုးဆေးတွေ အရေပြားထဲထိုးနိုင်တယ်။ 

ကုရခက်တဲ့ ရောဂါတွေမှာ ခုခံအားလျှော့နည်းစေတဲ့ ဆေးဝါးတွေ ရေတိုပေးသင့်တယ်။ methotrexate၊ azathioprine၊ cyclosporin စတဲ့ သောက်ဆေးတွေ ပေးနိုင်တယ်။ အသည်း၊ကျောက်ကပ် ထိနိုင်လို့ မကြာခဏစစ်နေရမယ်။ thalidomide ဆေးတွေ၊ dupilumab အရေပြားထိုးဆေးတွေက ဆေးမတိုးတဲ့လူနာတွေမှာ ပေးနိုင်ပါတယ်။ ဆေးတွေက ဘေးထွက်ဆိုးကျိုးများလို့ သတိပြုသုံးစွဲသင့်တယ်။ အခုနောက်ပိုင်းမှာ vixarelimab နဲ့ nemolizumab ဆေးဝါးတွေကို စတင်စမ်းသပ်သုံးစွဲနေပြီဖြစ်ပါတယ်။ JAK inhibitor အမျိုးအစား abrocitinib ဆေးတွေလည်း စမ်းသပ်သုံးကြည့်နေကြပြီဖြစ်ပါတယ်။ 

နားလည်ရမှာတစ်ခုက prurigo nodularis ဟာ prurigo အမျိုးအစား ယားနာတွေထဲမှာ ကုရခက်ခဲတာကြောင့် ချက်ချင်းမသက်သာနိုင်ဘဲ လချီ၊နှစ်ချီပြီး စွဲကုရတတ်ပါတယ်။ သိပ်မဆိုးတဲ့တချို့လူနာတွေမှာ သက်သာပျောက်ကင်းနိုင်ပါတယ်။ နောက်ခံနာတာရှည်ရောဂါတွေကြောင့်ဖြစ်ရင် အဆိုပါရောဂါကို ဦးစားပေးကုသသင့်တယ်။

အကြုံပြုချက်

-ဆေးလိမ်းပြီး ပတ်တီးတစ်မျိုးမျိုးကျပ်စီးပါ။

-ယားတဲ့နေရာကို တတ်နိုင်သမျှ မကုတ်မိအောင်နေပါ။

-အလွန်အကျွံယားယံရင် ရေခဲဝတ်ကပ်ပါ။

-တင်းကျပ်တဲ့အဝတ်အစားတွေ ရှောင်ကြဉ်ပါ။

-ခပ်ပျော့ပျော့ cotton အင်္ကျီတွေသာ ဝတ်ဆင်ပါ။

-emollient အစိုဓာတ်လိမ်းဆေး တစ်ရက်နှစ်ကြိမ်လိမ်းပါ။

-အရေပြားဆရာဝန်ရဲ့ အကြံပြုချက်အတိုင်း လိုက်နာနိုင်ရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews