Open 9:00-12:00 AM
+95 92051590

Excimer laser

13 Nov, 2021 | No Comments

Excimer laser

Excimer Laser ခရမ်းလွန်ရောင်ခြည်လေဆာ

Excimer Laser ဆိုတာ ခရမ်းလွန်ရောင်ခြည်ဘီ (Ultraviolet B – UVB)ရဲ့ လှိုင်းအလျား 308 nm ကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ Excited Dimer ရဲ့ အတိုကောက်ကို ယူထားလို့ Excimer Laser ခေါ်ပါတယ်။ ဒီလေဆာဟာ အရေပြားဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ကွဲပွားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ အရေပြားရောဂါကုသရာမှာ အထူးထိရောက်မှုရှိပါတယ်။

Excimer Laser လေဆာဟာ ထပ်တရာနာ (Psoriasis)၊ ခရုသင်းရောဂါ (Vitiligo)၊ နှင်းခူရောဂါ (Atopic Dermatitis)၊ လူကြီးမှဲ့ခြောက် (Seborrheic Keratosis)နဲ့  အရေပြားပြန်ရည်ကြောကင်ဆာ (Cutaneous T-Cell Lymphoma)တွေမှာ အဓိကသုံးကြတယ်။

Excimer Laser ရဲ့ အသုံးဝင်ပုံ

—————————-

၁။ သွေးဖြူဥ T-ဆဲလ်များကို ဖျက်ဆီးခြင်း

လေဆာရဲ့ UVB 308 nm လှိုင်းအလျားဟာ အရေပြားထဲက T- lymphocytes ဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ဒီဆဲလ်တွေဟာ ဆိုရီးယေးစစ်နဲ့ အခြားအရေပြားရောင်ရမ်းရောဂါတွေကို ဖြစ်ပေါ်စေတယ်။

၂။ ဆဲလ်သေဆုံးမှုကို လှုံ့ဆော်ခြင်း

Excimer လေဆာစွမ်းအင်က Apoptosis (ဆဲလ်သေဆုံးမှုဖြစ်စဉ်)ကို လှုံ့ဆော်ပေးနိုင်လို့ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားကြီးထွားမှုကို ရပ်တန့်စေပါတယ်။

၃။ မယ်လနင်ထုတ်လုပ်မှု လှုံ့ဆော်ပေးခြင်း

ဒီလေဆာက Melanocytes (မယ်လနင်ဆဲလ်) တွေကို လှုံ့ဆော်ပေးနိုင်လို့ ခရုသင်းအဖြူကွက်တွေ ကုသတဲ့အခါ အရောင်ပြန်ဖြစ်စေဖို့ ကူညီပေးပါတယ်။

၄။ ရောင်ရမ်းမှုကို လျှော့ချခြင်း

Excimer လေဆာက Pro-inflammatory cytokines ထုတ်လုပ်မှုကို လျှော့ချပေးလို့ ရောင်ရမ်းမှုကို သက်သာစေပါတယ်။

Excimer Laser ပြုလုပ်တဲ့အခါ နားလည်တဲ့ အရေပြားဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်။ ဆရာဝန်က အရေပြားအခြေအနေ၊ ရောဂါအမျိုးအစားကို စစ်ဆေးပြီးမှ ကုသမှုခံယူသင့်တယ်။Excimer Laser ကို ကုသမယ့်နေရာကိုသာ ရွေးချယ်ကုသပေးရတယ်။ မကုခင် သန့်ရှင်းအောင် အရင်ပြုလုပ်ပေးပါ။ ကုသမှုပြုလုပ်တဲ့အခါ မျက်စိအကာအကွယ် တပ်ဆင်ရပါတယ်။ လေဆာထိမှန်တဲ့နေရာဟာ ခပ်နွေးနွေးအပူကို ခံစားရနိုင်ပါတယ်။ ကုသချိန်ဟာ ကုသမယ့်ဧရိယာအကျယ်အဝန်းပေါ် မူတည်ပြီး ၅ မိနစ်မှ ၃၀ မိနစ် အထိ ကြာမြင့်နိုင်ပါတယ်။ ကုသမှုပြီးဆုံးတဲ့အခါ ရေခဲကပ်ပေးခြင်း (သို့) အရောင်ကျလိမ်းဆေး လိမ်းပေးပါ။ နေရောင်ကာကရင်မ် လိမ်းပေးပြီး ချက်ချင်းအိမ်ပြန်နိုင်ပါတယ်။

Excimer Laser ရဲ့ အားသာချက်က ပတ်ဝန်းကျင်အရေပြားကို မထိခိုက်စေဘဲ ရောဂါဖြစ်နေတဲ့နေရာကိုပဲ ရွေးချယ်ကုသနိုင်ပါတယ်။ ဆေးကုပြီးပြီးချင်း အိမ်ပြန်နိုင်ပြီး ၂၄ နာရီအတွင်း ပုံမှန်လုပ်ငန်းဆောင်တာတွေ ပြန်လုပ်နိုင်ပါတယ်။ ရိုးရိုး UVB ကုသမှုထက် ရလဒ်ပိုမိုကောင်းမွန်တယ်။

ဘေးထွက်ဆိုးကျိုး

Excimer Laser ပစ်တဲ့နေရာမှာ ယာယီရောင်ရမ်းခြင်း၊ နီမြန်းခြင်း၊ ယားယံခြင်းတွေ 

ဖြစ်နိုင်တယ်။ကုသစဉ်မှာ ပူစပ်ပူလောင်ခံစားရနိုင်ပါတယ်။ ကုသပြီး အရေပြားခြောက်သွေ့ခြင်း ဖြစ်ပေါ်နိုင်တယ်။ ဒီလက္ခဏာတွေက ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားတတ်ပါတယ်။ တခါတရံ ကုသတဲ့နေရာမှာ အရေပြားအရောင်ပြောင်းသွားတတ်တယ်။အရောင်ပိုမည်းသွားတာ (Hyperpigmentation) ဒါမှမဟုတ် ပိုဖြူသွားတာ (Hypopigmentation)မျိုးလည်းဖြစ်နိုင်ပါတယ်။

ဂရုစိုက်ရမည့်အချက်များ

အရေပြားဆဲလ်သစ်ဟာ နေရောင်ဒဏ်ကို ခံနိုင်ရည်နည်းလို့ နေပူထဲမထွက်ခင် SPF 30 ပါတဲ့ နေရောင်ကာခရင်မ်တွေ လိမ်းပေးဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးဖို့ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ လိမ်းဆေး/သောက်ဆေးတွေကို သေချာသုံးစွဲပါ။ ဆေးလိပ်သောက်ခြင်းက အနာကျက်နှေးစေတာကြောင့် ရှောင်ကြဉ်သင့်တယ်။

အရေးကြီးအကြံပြုချက်

Excimer Laser ကုထုံးက ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်ပေမယ့် ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန် (Dermatologist) နဲ့သာ ပြုလုပ်သင့်ပါတယ်။ ခရုသင်းအဖြူကွက်တွေကုတဲ့အခါ တစ်ပတ် ၂ ကြိမ် ကုသမှုခံယူဖို့ လိုအပ်ပြီး အနည်းဆုံး ၂၄ ကြိမ်မှ ၄၈ ကြိမ်အထိ ကုသမှုခံယူရနိုင်ပါတယ်။ ထပ်တရာနာ (psoriasis)တွေ ကုသတဲ့အခါတစ်ပတ် ၂ ကြိမ်-၃ ကြိမ် ကုသမှုခံယူရန်လိုအပ်ပြီး ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ကုသမှုခံယူရနိုင်တယ်။ Excimer laser ပစ်ပြီး ၂ ပတ်-၄ ပတ်အတွင်း ရလာဒ်ကို စတင်မြင်တွေ့နိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews